စစ်ကိုင်းတိုင်းက ဒေသတချို့မှာ စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာ၊ စောင်၊ အနွေးထည်၊ ဆေးဝါးစတာတွေ အရေးပေါ်လိုအပ်နေကြပါတယ်။ ကျွန်းလှ ကန့်ဘလူ နယ်မှာလည်း စစ်ကောင်စီရဲ့ စစ်ကြောင်းကြောင့် လတ်တလောမှာ စစ်ဘေးရှောင်တွေ ထပ်တိုးလာပြီး ကလေးမြို့ဘက်မှာလည်း စစ်ဘေးရှောင်တချို့အတွက် စောင်တွေ အရေးပေါ် လိုအပ်နေကြပါတယ်။ စစ်ကိုင်းက စစ်ဘေးရှောင်တွေရဲ့ အခြေအနေ ရန်ကုန်ကသတင်းပေးပို့ထားပါတယ်။
စစ်ကိုင်းတိုင်း ကလေးတောင်ပိုင်း ဒေသမှာ အမြဲတမ်း စစ်ဘေးရှောင်နေကြရတဲ့ ဒေသခံတွေဟာ ဆောင်းရာသီအတွက် စောင်နဲ့ အဝတ်အထည် လိုနေတာတွေ ရှိသလို ဆေးဝါး လုံလောက်မှုလည်း မရှိကြဘူးလို့ စစ်ရှောင်တွေက ဗွီအိုအေကိုပြောပါတယ်။ လက်ရှိမှာ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်မှုကြောင့် စားသောက်ရေးအတွက် ခက်ခဲနေကြရတယ်လို့လည်း ကလေးတောင်ပိုင်း ရေရှင်ကျေးရွာက ကိုယ်တိုင်လည်း စစ်ဘေးရှောင်ဖြစ်သလို စစ်ရှောင်တွေကို ကူညီပေးနေသူလည်း ဖြစ်တဲ့ ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။
“ကျွန်တော်တို့ ဒေသခံ စစ်ဘေးရှောင်တွေကတော့ ဒီလောက်ကြီး တအားကြီး မခက်ခဲဘူးဗျ။ ဒီ ဟံသာဝတီတို့၊ ဘာတို့ အဲ့ဖက်က လာပြီး စစ်ဘေးရှောင်တာတွေကတော့ သူတို့ စားဝတ်နေရေးလေးတွေတော့ တော်တော်ခက်ခဲ ဒုက္ခရောက်တာပေါ့ဗျာ။ လောလောဆယ် ကျွန်တော့်ကို အကူအညီတောင်းနေတာကတော့ ကျောက်ဆည်နဲ့ ဒီ ဟံသာဝတီက စစ်ဘေးရှောင်တွေမှာတော့ ဒီခြုံဝတ် ခြုံစားလေးတွေ(စောင်) လုံးလုံးမရှိတာလေးတွေတော့ ပါကြတယ်ဗျ၊ ခါးဝတ်ပုဆိုးနဲ့ပဲ ပြေးလာကြတာဆိုတော့လေ။ သူတို့တွေက အကူအညီတောင်းထားတာလေးတွေရှိတယ်။ ကျွန်တော်လည်းပဲ လုပ်တော့ လုပ်ပေးနေတယ်။ ဒါပေမယ့် အများဆိုတော့လည်း ကျွန်တော်လည်း မတတ်နိုင်တာပေါ့။ ဆေးဝါးကလည်းပဲ လောလောဆယ်တော့ ကျွန်တော်တို့ ဒီ စစ်ကောင်စီက ကလေးးမြို့ကလည်း ပိတ်ဆို့ထားတဲ့ခါကျတော့ ဆေးဝါးလေးတွေလည်း အခက်အခဲကြုံတယ်။ လောလောဆယ်တောင်မှ ဆေးရုံမှာရှိတဲ့ ကျွန်တော်တို့ ဒေါက်တာကတောင်မှ ဆေးမလုံလောက်လို့မို့ဆိုပြီး ကျွန်တော်ကြားနေရတာရှိပါတယ်ဗျ။”
စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်ကို စစ်ကောင်စီက နိုဝင်ဘာ ၂၀ ရက်နေ့ကစပြီး ဒီဇင်ဘာ ၄ ရက်နေ့အထိ စစ်ကြောင်းထိုးဝင်ရောက်တာကြောင့် ကျွန်းလှမြို့နယ်ထဲက ကျေးရွာတွေအပြင် ကျွန်းလှနဲ့ ထိစပ်နေတဲ့ ကန့်ဘလူနဲ့ကောလင်းက ကျေးရွာတချို့ပါ စစ်ဘေးရှောင်နေကြရပါတယ်။ စစ်ကောင်စီရဲ့ စစ်ကြောင်းကြောင့် ကျေးရွာ ၁၄ ရွာလောက်က စစ်ဘေးရှောင်ကြရတဲ့ ဒေသခံက ၂၀၀၀၀ ဝန်းကျင် ရှိတယ်လို့ စစ်ရှောင် ကူညီသူတွေကပြောကြပါတယ်။ ဒီစစ်ဘေးရှောင်တွေအတွက် လက်ရှိမှာ စားနပ်ရိက္ခာ၊ ဆေးဝါး၊ အဝတ်အထည်နဲ့ နေထိုင်စရာတွေပါ အရေးပေါ် လိုအပ်နေတယ်လို့ စစ်ဘေးရှောင် ကူညီသူတဦးက ခုလိုပြောပါတယ်။
“ခဏတဖြုတ်လေးဝင်မယ်ထင်ပြီး သူတို့က ပေါ့ပေါ့ပါးပါးနဲ့ပေါ့နော်၊ စားနပ်ရိက္ခာကို ပေါ့ပေါ့ပါးပါး ယူပြီး ထွက်လာကြတာ၊ ပြီးတော့ အခု မြောက်ဘက်ခြမ်းမှာ သူတို့က ကင်းတွေထိုးလာပြီးတော့မှ ပြည်သူတွေရဲ့ စပါးတွေကို ရိတ်ခြွေစက်တွေနဲ့ ရိတ်ပြီး သယ်နေတယ်။ အဲ့တော့ အဲ့(ရွာတွေထဲမှာ)ထဲမှာရှိတဲ့ ပစ္စည်း ပစ္စယတွေ မယူနိုင်ခဲ့ဘူး။ တချို့ဆို ဆန်လေး တပြည်လောက်၊ တစိတ်လောက်ပဲ ဆိုင်ကယ်လေးနဲ့ ဖြစ်သလို တင်သွားကြတယ်။အခုက ဘယ်လိုဖြစ်လဲဆိုတော့ ရွာအနီးနားပတ်ဝန်းးကျင်မှာလည်း မနေနိုင်ဘူး။ ၁၄ ရွာ၊ ၁၅ ရွာလောက်က စစ်ရှောင်နေရတော့ အခုက တောထဲမှာ ဖြစ်သလိုလေးတွေနဲ့ နေကြရရှာတယ်။ မိုးကာလေးတွေ ရှိတဲ့သူက ရှိ မရှိတဲသူဆို လှည်းအောက်မှာ ထိုးအိပ်နေရတယ်။ တဲတွေကလည်း လူတွေ ပြည့်ကျပ်နေတာဆိုတော့ တဲတွေကလည်း လူမဆံ့ဘူး။ ကျွန်တော်တို့ ပြည်သူတွေကလည်း တော်တော်ကိုမှ စားနပ်ရိက္ခာပြတ်လပ်နေတယ်။ ကျန်းမာရေး မကောင်းသူလည်း တပုံကြီး။ ဗော်လန်တီယာ အဖွဲ့ကလည်း ဆေးမရှိဘူး၊ ကျန်းမာရေး ကုသမှုပေးကြတဲ့အဖွဲ့တွေမှာလည်းလေ။”
ရေဦးနယ်နဲ့ ကန့်ဘလူနယ်ဘ အစပ်က ကျေးရွာတွေကို စစ်ကောင်စီက အောက်တိုဘာ လလယ်လောက်က စစ်ကြောင်းထိုးတာကြောင့်ရော စစ်ကောင်စီ ပေါ်တာဆွဲတာတွေပါ ရှိတဲ့အတွက် ဇီးကုန်းမြို့ပေါ်က ဒေသခံတွေ အပါအဝင် ကျေးရွာ ၁၂ ရွာထက်မနည်းက ဒေသခံ ၂၀၀၀၀ ကျော်လောက်ဟာ စစ်ဘေးရှောင်နေကြရပါတယ်။ လက်ရှိမှာ စစ်ဘေးရှောင်တွေအတွက် စောင်နဲ့ အနွေးထည် အဝတ်အစား စတာတွေလည်း အရေးပေါ်လိုအပ်နေတယ်လို့ ပြောပါတယ်။
ဆောင်းအဝင်ရာသီဥတုကြောင့် စစ်ဘေးရှောင်တွေ နာမကျန်းဖြစ်တာရှိကြပေမယ့် ဆေးဝါးမရှိတာကြောင့် မကုသပေးနိုင်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီက ကန့်ဘလူမြို့နယ်အတွင်းမှာ ကားအဝင်အထွက်နဲ့ ဆေးဝါးဝယ်ယူမှု သယ်ဆောင်မှုတွေကို တင်းတင်းကြပ်ကြပ် ကန့်သတ် စစ်ဆေးမှုတွေ ရှိနေတာကြောင့် စစ်ဘေးရှောင် စခန်းတွေအတွက် ဆေးဝါး မရရှိနိုင်ဖြစ်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာ စစ်ဘေးရှောင် ၂၀၀၀၀ ကျော် ထပ်တိုးလာတဲ့အတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါး လိုအပ်နေတဲ့ အခြေအနေကို ဒေသခံ တဦးက ခုလိုပြောပါတယ်။
“စားနပ်ရိက္ခာကလည်း ခုလက်ရှိမှာ ဒီဖက်မှာ ဆိုရင် စားနပ်ရိက္ခာ ဝယ်ယူရ ခက်ခဲတယ်။ ဆေးဝါးဆိုတာကလည်း ဘယ်နေရာ ကနေမှ ရထားတာလည်းမရှိဘူးပေါ့။ ကျွန်တော်တို့ ဒီဖက်မှာ အတတ်နိုင်ဆုံး ဒီက ကျန်းမာရေး တာဝန်ခံလေးတွေပေါ့ ကျန်းမာရေး တာဝန်ခံဆိုတာလည်း ဒီမှာ ကျန်းမာရေး စစ်ဆေးဖို့ လုပ်ပေးနေတဲ့ တာဝန်ခံ ဆရာ ဆရာမလေးတွေကိုပဲ အကုအညီတောင်းပြီးတော့ ကျွန်တော်တို့ တတ်နိုင်သလောက်လေး ရတဲ့ဟာလေးနဲ့ ကူညီပြီးတော့ လုပ်ပေးနေတာလေးတော့ ရှိပါတယ်။ ဒါပေမယ့် ကျန်းမာရေး မကောင်းတဲ့သူက များတော့ ဆေးဝါးလိုအပ်ချက်က အများကြီးပေါ့ဗျာ။ လက်ရှိမှာ မိုးနဲ့ ဆောင်းနဲ့ အကူးဆိုတော့ ကျန်းမာရေးက ဖောက်ကြတာများတယ်ဗျ။ ဆေးဝါးလိုအပ်ချက်ကတော့ တော်တော်များများရှိပါတယ်။”
စစ်ကိုင်းတိုင်း ဒီပဲယင်း၊ ရေဦး၊ ခင်ဦး၊ ဘုတလင် စတဲ့ ဒေသတွေက စစ်ဘေးရှောင်တွေမှာလည်း စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့၊ အဝတ်အထည်၊ စောင် စတာတွေ လိုအပ်နေကြပါတယ်။ စစ်ကောင်စီဖက်က ကန့်ဘလူ၊ကျွန်းလှစတဲ့ ဒေသတွေမှာ မြေပြင်စစ်ကြောင်းတွေ ပြန်ထိုးလာနေသလို၊ ဒီပဲယင်း၊ ရေဦး၊ ခင်ဦး၊ ကောလင်း စတဲ့ ဒေသတွေကိုလည်းစစ်ကြောင်းထိုးတာ လေကြောင်းကနေ တိုက်ခိုက်တာတွေ ရှိနေတာကြောင့် စစ်ရှောင်ဒေသခံတွေက ကျေးရွာတွေကို ပြန်မဝင်နိုင်ကြတာပါ။
စစ်ကောင်စီဘက်ကတော့ အဲ့ဒီဒေသတွေမှာ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေရှိနေလို့ နယ်မြေရှင်းလင်းရတာဖြစ်တယ်လို့ ထုတ်ပြန်လေ့ရှိပါတယ်။ ဒီလို နယ်မြေရှင်းလင်းမှုတွေကြောင့် စစ်ကိုင်းတိုင်းမှာ စစ်ဘေးရှောင်အရေအတွက်က နေ့စဉ်နဲ့အမျှ တဖြည်းဖြည်း တိုးလာနေပါတယ်။
Forum