သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်း ကနီ နတ်ကြီးကျေးရွာကို စစ်ကောင်စီ လေကြောင်းက ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်


ဒေသခံတွေ ပေးပို့လာတဲ့ စစ်ကိုင်းတိုင်း ကနီမြို့နယ် ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းမှာရှိတဲ့ နတ်ကြီးကျေးရွာကို စစ်တပ်လေကြောင်းက ဗုံးကြဲတိုက်ခိုက်အပြီးမြင်ကွင်းတချို့ (ဒီဇင်ဘာ ၄၊ ၂၀၂၄)
ဒေသခံတွေ ပေးပို့လာတဲ့ စစ်ကိုင်းတိုင်း ကနီမြို့နယ် ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းမှာရှိတဲ့ နတ်ကြီးကျေးရွာကို စစ်တပ်လေကြောင်းက ဗုံးကြဲတိုက်ခိုက်အပြီးမြင်ကွင်းတချို့ (ဒီဇင်ဘာ ၄၊ ၂၀၂၄)

စစ်ကိုင်းတိုင်း ကနီမြို့နယ်ထဲက နတ်ကြီးကျေးရွာကို ဒီဇင်ဘာ ၃ ရက် ညပိုင်းနဲ့ ညနေပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မကွေးတိုင်း ပခုက္ကူမြို့နယ် မြစ်ခြေမြို့ထဲက ကျေးရွာတွေမှာဆိုရင်လည်း စစ်တပ်နဲ့ စစ်တပ် ထောက်ခံသူ ပျူစောထီးတွေက သေနတ်တွေပစ်ဖောက်ပြီး နယ်မြေရှင်းလင်းနေပါတယ်။ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက အခြေအနေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်း ကနီမြို့နယ် ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းမှာရှိတဲ့ နတ်ကြီးကျေးရွာကို ဒီဇင်ဘာ ၃ ရက် ညပိုင်းနဲ့ ညနေပိုင်းမှာ စစ်တပ်ဘက်က လေကြောင်းကနေ ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လေကြောင်းကတိုက်ခိုက်ချိန်မှာ ကျေးရွာအနီး တိုက်ပွဲဖြစ်တာမရှိသလို လေကြောင်းတိုက်ခိုက်မှုမှာ မပေါက်ကွဲတဲ့ဗုံးသီးတွေလည်း တောင်သူတွေရဲ့ ယာခင်းအနီးမှာ ကျန်ရှိနေပါတယ်။ လေကြောင်းတိုက်ခိုက်မှုမှာ အသေးစားထိခိုက်မှုသာရှိခဲ့ပြီး လူသေဆုံးတာတော့ မရှိခဲ့ပါဘူး။ နတ်ကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရတဲ့အခြေအနေနဲ့ ပတ်သက်ပြီး ဒေသခံတဦးက အခုလို ပြောပါတယ်။

"မနေ့က ညနေ ၆ နာရီ ည ၇ နာရီ ည ၁၁ နာရီကျော်မှာ ကနီမြို့နယ် နတ်ကြီးရွာရဲ့အနီးပေါ့။ တိုက်ပွဲတွေလည်းမရှိဘဲနဲ့ ဒေသခံပြည်သူတွေ နေထိုင်တဲ့ ရွာတွေအနီးကို ပေါင် ၅၀၀ ကျနော်တို့ သွားကြည့်သလောက်ဆို ၄ လုံးပေါ့။ ၂ လုံးကကွဲတယ်။ ၂ လုံးကမကွဲသေးဘဲ ချသွားတာကို တွေ့ရတယ်။ မပေါက်ကွဲသေးတဲ့ဟာက ထွန်ယက်စိုက်ပျိုးနေတဲ့ မြေပဲခင်း၊ နှမ်းစိုက်နေတဲ့ ယာခင်းတွေထဲမှာရောက်နေတာ။ ကျေးရွာအနီးက တဲလေးတတဲပြိုကျသွားတာပေါ့ဗျာ။ သာမန်ဒဏ်ရာ ခြေထောက်လေးတွေ အစမှန်တာလေးတွေပဲ တွေ့ရတယ်။ "

နတ်ကြီးကျေးရွာဟာ မကြာခဏဆိုသလို လေကြောင်းတိုက်ခိုက်ခံရပြီး အခု ၂၀၂၄ ခုနှစ်ထဲမှာ လေကြောင်းကနေ ၃ ကြိမ် တိုက်ခိုက်ခံထားရပါတယ်။ ဒါ့အပြင် စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး အတွင်း ကျေးရွာအတွင်းက နေအိမ်တွေ ၄ ကြိမ် မီးရှို့ခံခဲ့ရပြီး နေအိမ် ၁၇၀ နီးပါး မီးလောင်ပျက်စီးခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေအရ နိုဝင်ဘာလထဲမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူ ၄၁ ဦး သေဆုံးခဲ့ရတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဒါက စစ်ကိုင်းတိုင်း ကနီမြို့နယ်ထဲက စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအခြေအနေပါ။ မကွေးတိုင်း ပခုက္ကူမြို့နယ် မြစ်ခြေမြို့ထဲက ကျေးရွာတွေမှာဆိုရင်လည်း စစ်တပ်နဲ့ စစ်တပ်ထောက်ခံသူ ပျူစောထီးတွေက နယ်မြေရှင်းလင်းတာတွေ လုပ်ခဲ့ပါတယ်။

မန္တလေးတိုင်း ညောင်ဦးမြို့နယ်ထဲက စစ်တပ်နဲ့ပျူစောထီးတွေဟာ ဒီဇင်ဘာ ၃ ရက် မနက်ပိုင်း မှာ မြစ်တဖက်ကမ်းမှာရှိတဲ့ မကွေးတိုင်း မြစ်ခြေမြို့နယ်ထဲက ချမ်းသာကြီးနဲ့ ငွေသောင်ကျေးရွာတွေကို ဝင်ရောက်ပြီး နေအိမ်တွေထဲက ပစ္စည်းတွေကို ယူဆောင်သွားတယ်လို့ ဒေသခံတွေက ပြောတာပါ။ မြစ်ခြေမြို့နယ်ထဲက အခြေအနေတွေနဲ့ ပတ်သက်ပြီး ဒေသခံတဦးက အခုလို ပြောပါတယ်။

"ရင်တောင် ထောင်ကြီးက ဖိုးဇင် ပျူခေါင်းဆောင်ပေါ့။ အဲ့ကမ်းနားကနေ စက်လှေ ၂ စီးနဲ့လာပြီးတော့ သေနတ်တွေဖောက်ပြီးဝင်လာတော့ ပြည်သူတွေက လန့်ဖျတ်ပြေးကြတယ်။ အရင်ဆုံး ချမ်းသာကြီးကို သေနတ်တွေဖောက်ဝင်လာပြီးတော့ ချမ်းသာကြီးရွာက လှေတစီးလည်း ယူသွားတယ်။ ရိက္ခာတွေ လည်း သယ်သွားတယ်ပေါ့။ ငွေသောင်က ၂၀၈ အိမ်၊ ချမ်းသာကြီးက ၃၂၀-၃၃၀ လောက်ရှိမယ်။ တညအိပ် ၂ ရက်တော့ ပြေးလိုက်ရတာပေါ့။ ဆီဗူးတွေယူသွားတယ်။ ဓာတ်ဆီဗူးတွေ ယူသွားတယ်။ မုန့်ထုပ်တွေယူသွားတယ်။ လှေတစီးယူသွားတာပေါ့။ လှေတစီးဆိုရင်လည်း အခုခေတ်တန်ကြေးက သိန်း ၄၀ လောက်တန်တာကို။"

နေအိမ်တွေထဲက ပစ္စည်းတွေယူဆောင်နေချိန် ကာကွယ်ရေး တပ်ဖွဲ့တွေဘက်က ဝင်ရောက်တိုက်ခိုက်ဖို့ ပြင်ဆင်နေချိန်မှာပဲ စစ်တပ်နဲ့ စစ်တပ်ထောက်ခံတဲ့ ပျူစောထီးတွေပြန်လည်ဆုတ်ခွါသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မကွေးတိုင်း ပခုက္ကူမြို့နယ် မြစ်ခြေမြို့မှာ စစ်တပ်ရဲ့ မြင်းမွေးမြူရေးတပ်ရှိပြီး အဲ့ဒီတပ်ကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်တာတွေရှိခဲ့သလို တိုက်ခိုက်ခံရတဲ့အတွက် စစ်တပ်ဘက်က အင်အားဖြည့်တင်းပြီး ကျေးရွာတွေဘက်ကို မကြာခဏ စစ်ကြောင်းထိုး နယ်မြေရှင်းလင်းတာတွေလုပ်ပြီး လက်နက်ကြီးတွေ ပစ်ခတ်တာကြောင့် ဒေသခံတွေ ထိခိုက်ဒဏ်ရာရတာတွေရှိခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်း စတဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေကြရသလို ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးမှုတွေနဲ့ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကတော့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့နေရာတွေက အရပ်သားထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်လို့ အဲ့ဒီ့ဒေသတွေဟာ ကာကွယ်ရေးတပ်တွေရှိနေတဲ့ဒေသတွေဖြစ်တဲ့အတွက် နယ်မြေရှင်းလင်းဆောင်ရွက်နေတယ်ဆိုတာကို သတင်းထုတ်ပြန်လေ့ရှိပါတယ်။

Forum

XS
SM
MD
LG