သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကနီမြို့ပေါ်တိုက်ပွဲပြင်းထန် စစ်ကောင်စီလေကြောင်းသုံးတိုက်ခိုက် 


ကနီမြို့ဆိုင်းဘုတ်အနီးတွေ့ရတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များ
ကနီမြို့ဆိုင်းဘုတ်အနီးတွေ့ရတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များ

စစ်ကိုင်းတိုင်း ကနီမြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းကနေလည်း တိုက်ခိုက်နေပါတယ်။ ကလေးမြို့နယ်ဘက်မှာလည်း တိုက်ပွဲတွေကြောင့် ဒေသခံ ၃ သောင်းနီးပါး စစ်ဘေး တိမ်းရှောင်နေရပြီး အရပ်သားတွေလည်း သေဆုံးတာတွေ ရှိပါတယ်။ စစ်ကိုင်းတိုင်းအတွင်း စစ်ရေးအခြေအနေ သတင်းပေးပို့ချက်ကို နန်းလောင်ဝ်က တင်ပြပေးထားပါတယ်။

ကနီမြို့ပေါ်က စစ်ကောင်စီ တပ်စွဲထားတဲ့နေရာတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေ ဝင် ရောက်တိုက်ခိုက်နေတာ ဒီကနေ့ မတ်လ ၁၂ ရက်ဆိုရင် ၁၁ ရက်နီးပါး ရှိနေပါပြီ။ စစ်တပ်ဘက်က နေ့စဉ်လိုလို လေယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့အထိ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။

တိုက်ပွဲတွေကြောင့် ကနီမြို့အနီး ကျေးရွာတွေကိုပါ စစ်တပ်ဘက်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်းကအရပ်သားတွေ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ကနီဒေသခံတဦးက ပြောပါတယ်။

“တိုက်ပွဲတွေကတော့ဖြစ်နေတယ်။ လေယာဉ်တွေကတော့ အမြဲတမ်းလာနေတယ်။ အခုကို Mi 35 ပစ်နေတယ်။ ဒီကနေ့လာတာ နောက်ကျတာပဲ။ အရင်နေ့ကဆို မနက် ၁၀ နာရီလောက်ဆို လေယာဉ်လာပြီ။ Mi35 လာပြီးပြီဆိုရင် ဖိုက်တာ ၂ စီးလာပြီး တခါတည်းတန်းပစ်တာ။ ပြေးနေရတာက မင်းကုန်း၊ တဇယ်ချောင်၊ ညောင်ပင်ဝန်း၊ ပန်းဆိုင်း၊ ငါးဖျက်၊ မုဌော၊ လေယာဉ်က ပတ်ပစ်တယ်။ မင်းကုန်း တဇယ်ချောင်လည်း ပတ်ပစ်တယ်။ တနေ့က မုဌောကိုလည်း ပစ်တယ်လေ။ စစ်ဘေးရှောင်တွေက ဘေးကင်းမယ်ထင်တဲ့နေရာတွေကို ပို့ပေးထားတာ။”

လေကြောင်းတိုက်ခိုက်ခံရပြီး တိမ်းရှောင်နေရတဲ့ကျေးရွာတွေဟာ ကနီမြို့ပေါ်နဲ့တမိုင်ခွဲသာသာလောက်ပဲ ဝေးတဲ့ကျေးရွာတွေဖြစ်ပြီး လေကြောင်း တိုက်ခိုက်ခံရတာကြောင့် မင်းကုန်း၊ ငါးဖျက်၊ မုဌော စတဲ့ကျေးရွာတွေက နေအိမ်တချို့ မီးလောင်ဆုံးရှုံးသလို အရပ်သားတဦးထက်မနည်းလည်း သေဆုံးခဲ့ပါတယ်လို့ ဒေသခံတွေကပြောပါတယ်။ မြို့ပေါ်မှာလည်း အရပ်သား သေဆုံးတာတွေရှိနိုင်ပေမယ့် အခြေအနေမသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ကနီမြို့ပေါ်ထိပါ တိုက်ပွဲတွေရှိနေပေမယ့် ကနီတိုက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်ပြောဆိုမှု မရှိသေးပါဘူး။

ကလေးမြို့ဘက်မှာဆိုရင်လည်း ဖေဖော်ဝါရီလကတည်းကစလို့ စစ်ကောင်စီ တပ်စွဲထားတဲ့နေရာတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်နေပါတယ်။ တိုက်ပွဲကြာတာနဲ့အမျှ စစ်ဘေးရှောင် ၃ သောင်းလောက်ဟာ ကျန်းမာရေးနဲ့ စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေတယ်လို့ ကလေးမြို့ လူသားစာနာ တာဝန်ခံက ကိုယက္ခက ပြောပါတယ်။

“ကလေးမြို့ တောင်ကော မြောက်ကော စုစုပေါင်း စစ်ဘေးရှောင် ၃ သောင်း ဝန်းကျင်ရှိပါတယ်။ အခုရှောင်နေတာ ၁၉ ရက်လောက် ရှိပါပြီ။ ကျန်းမာရေးနဲ့ စားဝတ်နေရေးပါပဲခင်ဗျ။ ဘယ်လိုခက်ခဲတာလဲဆိုရင် အကုန်လုံးက ရွာလုံးကျွတ်တွေပဲ ထွက်ပြေးနေရတာ။ လက်နက်ကြီးတွေနဲ့ ပစ်တယ်။ ကာကွယ်ရေးတပ်တွေနဲ့ စကစတွေနဲ့က ထိတွေ့မှုပြင်းထန်တဲ့အခါကျတော့ လူတွေလည်း မိမိပစ္စည်းမိမိ ဘာမှ ပြန်မယူနိုင်ဘဲ ကိုယ်လွတ်ရုန်းပြေးရတဲ့ သဘောပါပဲ။”

တိုက်ပွဲ ၁၀ ရက်ကျော်အတွင်း စစ်တပ်ဘက်က လက်နက်ကြီး ပစ်ခတ်တာတွေကြောင့် အရပ်သား ထိခိုက်သေဆုံး ဒဏ်ရာရတာတွေရှိခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ကလေးမြို့နယ်တောင်ပိုင်းမှာ စစ်ကောင်စီတပ်ဘက်က အင်အားအများအပြားနဲ့ နယ်မြေရှင်းနေတယ်လို့ ကလေးမြို့သတင်းစုံစမ်း စစ်ဆေးရေးတာဝန်ခံက ပြောပါတယ်။

“စစ်ကြောင်းကတော့ သူတို့ဘက်က အင်အားအလွန်အကျွံသုံးပြီးတော့ လက်နက်ကြီးနဲ့ ပစ်ခတ်ပြီးမှ ဝင်တယ်။ လက်နက်ကြီး ပစ်ခတ်ဝင်ပြီးမှ ကျန်တဲ့သူတွေရဲ့ ထိခိုက်ရှနာတာတွေရှိတယ်။ မနေရဲလို့ အပြင်ဘက်ကို ထွက်ပြေးတဲ့သူတွေပါ လက်နက်ကြီး ထိမှန်လို့ သေတဲ့သူတွေရှိသလို ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်။ ကလေးမြို့နယ် တမြို့နယ်လုံးနဲ့ ခြုံမယ်ဆိုရင်တော့ သေဆုံးသူ ၆ ယောက်လောက်ရှိတယ်။ လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရတာ အားလုံး စုစုပေါင်း ၉ ယောက်လောက်ရှိမယ်။ အပြင်းအထန် ဒဏ်ရာရတာ ၅ ယောက်လောက်ရှိမယ်။ တောင်ပိုင်းတနေရာပေါ့နော်။ စစ်ကောင်စီက အင်အား ၇၀၀ လောက်၊ ပျူစောထီးကော စကစ အင်အားကော ပေါင်း ၇၀၀ လောက်က နေရာတိုင်း အကုန်ဖြန့်ကျက်ပြီးမှ စစ်ကြောင်းထိုးနေတယ်။”

တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ ဘေးလွတ်ရာ တောတောင်တွေထဲမှာ ယာယီတဲတွေနဲ့ နေထိုင် တိမ်းရှောင်နေရတယ်လို့ စစ်ဘေးရှောင်နေရသူတွေက ပြောပါတယ်။ ကလေးမြို့နယ်တွင်း စစ်တပ်ထောက်ခံတဲ့ ပျူစောထီးတပ်တွေ တပ်စွဲထားတဲ့ကျေးရွာတွေနဲ့၊ မြို့ပေါ်က စစ်တပ်တပ်စွဲထားတဲ့နေရာတွေကို ကာကွယ်ရေး တပ်ဖွဲ့တွေက ဖေဖော်ဝါရီ ၂၁ ရက်ကတည်းက ဝင်ရောက်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ ကလေးမြို့တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့လည်း စစ်ကောင်စီဘက်က တစုံတရာထုတ်ပြန်တာ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG