သဘာဝဘေးကယ်ဆယ်ရေး စီမံခန့်ခွဲမှု အားနည်း

နမ့်ဆန်မြို့ မီးအရှိန်ပြင်းပြင်းနဲ့ လောင်ကျွမ်းခဲ့ပြီးနောက် (သတင်းဓါတ်ပုံ- MOI)

မြန်မာနိုင်ငံတွင်း ပြည်နယ်တိုင်း ဒေသအချို့မှာ အခုရက်ပိုင်းအတွင်း မီးလောင်မှုတွေ ဆိုးဆိုးရွားရွား ဆက်တိုက်ဆိုသလိုဖြစ်ပွားနေခဲ့ပြီး အချိန်မှီ စနစ်တကျ မီးမငြှိမ်းသတ်နိုင်ခဲ့တဲ့အတွက် မြို့လုံးကျွတ်နီးပါး ပြာကျခဲ့ရတဲ့ အဖြစ်တွေ ကြုံခဲ့ရတာဟာ စနစ်တကျမြို့ပြတည်ဆောက်မှု မရှိခဲ့လို့ဖြစ်ပြီး ပြည်သူတွေ ရေဘေး၊ မီးဘေး၊ သဘာဝဘေးအန္တရာယ်တွေနဲ့ ကြုံလာရရင် ဘယ်လိုစနစ်တကျ ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်မယ်ဆိုတဲ့ စနစ်တကျ စီမံကွပ်ကဲမှုတွေ မရှိခဲ့တာကြောင့်ဖြစ်တယ်လို့ မြို့ပြစီမံကိန်းဆိုင်ရာ ပညာရှင်တစ်ဦးက ပြောဆိုလိုက်ပါတယ်။

ဒါဟာလည်း အုပ်ချုပ်သူအစိုးရ အာဏာပိုင်တွေ အဆက်ဆက်က ပညာရှင်တွေကို တန်ဖိုးမထားခဲ့တာ၊ ပညာရှင်တွေ မွေးထုတ်ပေးမှု အားနည်းခဲ့တာတွေကြောင့်ဖြစ်တယ်လို့ မြို့ပြစီမံကိန်းဆိုင်ရာ အကြံပေးပုဂ္ဂိုလ် မြို့ပြပညာရှင်ဒေါက်တာကျော်လတ်က ဗွီအိုအေမြန်မာပိုင်းက မဆုမွန်ရဲ့မေးမြန်းချက်ကို အခုလိုစဖြေပါတယ်။

“မြို့ပြပညာရှင်ဒေါက်တာကျော်လတ်။ ။ကျနော်တို့တိုင်းပြည်ရဲ့ ပြဿနာကတော့ ၂ ခုဖြစ်နေတယ်။ တစ် က ဟိုအရင်တလျောက်လုံး နှစ်ပေါင်း ၄-၅၀ အတွင်းမှာလည်း ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ အထက်ကလူတွေက ကျွမ်းကျင်သိနားလည်တဲ့ ပညာရှင်တွေကို အသုံးမချခဲ့တာ ပါတယ်ပေါ့နော်။ ဒါ အဓိက အရေးကြီးတဲ့ ကိစ္စပဲ။ အထက်က ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့လူတွေက ကျွမ်းကျင်တဲ့သူတွေရဲ့ အကြံဉာဏ်တွေကို လက်ခံသင့်တယ်။ ဒါက တစ်ချက်။ ဒုတိယတချက်က တော်တော်များများ နှစ်ပေါင်းများစွာအတွင်းမှာ ကျွမ်းကျင်တဲ့ ပညာရှင်တွေကို အသုံးမချတော့ အခုလိုပေါ့နော် ကျွမ်းကျင်တဲ့ ပညာရှင်တွေ ဆိုတာကလည်း မြန်မာပြည်မှာ အထူးသဖြင့် ၂၀၀၀ ခုနှစ်ပတ်ဝန်းကျင်လောက်က စပြီးတော့ တော်တော်များများနည်းသွားကြပြီ။ ကျနော်တို့ ပညာရှင် ဒီEngineering သင်တန်းကျောင်းတွေကလည်းပဲ မွေးထုတ်လိုက်တာတွေက အရည်အချင်း၊ အရည်အသွေး တော်တော်လေးလျှော့လာတယ်။ ကျနော်မြင်တာကတော့ ကျနော်တို့ တိုင်းပြည်ရဲ့လိုအပ်ချက်က အစစအရာရာ Engineering Field မှာတင် မကပဲနဲ့ မကပဲနဲ့ ဘက်ပေါင်းစုံမှာ ကျွမ်းကျင်တဲ့လူတွေ လျှော့နည်းနေတယ်ပေါ့နော်။ အဲဒါတွေကိုလည်းပဲ ဖြစ်နိုင်လို့ရှိရင်တော့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေကို ကျနော်တို့ တောင်းပန်ချင်တာက ကျနော်တို့လူတွေကို training ပေးကြပါ။ သင်ပေးကြပါ။ အဲဒါကို ကျနော်တို့ပြောနေတာပါပဲ။

မဆုမွန်။ ။ ဆရာ အခုက တောက်လျောက် လိုပေါ့နော် မီးဘေး ကို တချို့နေရာ မြို့တွေမှာ ဖြစ်နေတယ်။ အဲဒီမှာ အဓိက ပြဿနာက ခုနကပြောသလို မီးသတ်ကားဝင်ဖို့ လုံလောက်တဲ့ လမ်း space မရှိတဲ့ဟာမျိုးပေါ့နော် ။ နမ့်ဆမ် မှာဖြစ်သွားတာဆိုရင်လည်း အဲလိုဖြစ်သွားတာဆိုတော့ ဆရာ အဓိက အဲဒီဖြစ်နေတာနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုများ အကြံပေးချင်တာရှိပါသလဲရှင့် ။ အထူးသဖြင့် မီးဘေးပေါ့နော်။

မြို့ပြပညာရှင်ဒေါက်တာကျော်လတ်။ ။ ကျနော်တို့မြင်တာကတော့ မြန်မာပြည်ရဲ့ပြဿနာက ကျနော်တို့ Norms တွေ Standard တွေ မရှိပဲနဲ့ လုပ်ကိုင်နေကြတာပေါ့နော်။ မသိပဲနဲ့ မရှိပဲနဲ့ လုပ်ကိုင်နေကြတာပေါ့နော်။ အဲဒါသည် မြန်မာပြည်ရဲ့ အဓိက အဆောက်အဦးတွေလည်း တခါတလေလည်းပြိုတယ်၊ ယိုင်တာတို့၊ မီးလောင်လို့ရှိရင်လည်း ထွက်ပြေးလို့မရတာတို့ ဆိုတဲ့ ကိစ္စတွေက စောစောက ကျနော်တို့ပြောတဲ့ norms တွေ ၊ standard တွေမရှိပဲနဲ့ လုပ်ခဲ့တဲ့ ကိစ္စတွေပေါ့။ မီးဘေးတင်မကပါဘူး လူတွေက မီးဘေး လိုပဲ ဆိုးတဲ့ လူတွေက ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ အဆောက်အဦးတွေမှာတွေ နေထိုင်ရကြတာတွေ လည်း အပါအဝင်ပေါ့နော်။ အခုကျနော်တို့ ဗိသုကာများအသင်းရယ်၊ မြန်မာ engineering society ရယ် ပေါင်းပြီးတော့ မြန်မာပြည်အတွက် building code ဆိုတာ လုပ်ထားပါတယ်။အဲဒီ building code ဆိုတာမှာလည်းပဲ တော်တော်များများက စောစောက ကျနော်ပြောနေကြတဲ့ လူတွေကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆောက်အဦးတွေဆောက်ကြဖို့ မီးဘေး၊ ဘာညာဖြစ်တယ်ဆိုလို့ရှိရင် လွတ်အောင်လုပ်ကြဖို့ ဆိုပြီးတော့ အဲဒီ building code တွေရှိပါတယ်။ သိုသော်ခက်နေတာက အဲဒီလိုမျိုး မြို့ သေးသေးလေးဘာတွေကျတော့ သူတို့မသိကြဘူး။ မသိတာလည်းပါတယ်။ သူတို့မှာ ကျွမ်းကျင်တဲ့ အင်ဂျင်နီယာတွေ မရှိတာလည်းပါတယ်။ အဲဒါက မြန်မာပြည် တပြည်လုံးအတိုင်းအတာမှာ ဖြစ်နေတဲ့ကိစ္စပေါ့။

မဆုမွန်။ ။ ဆရာ -မနေ့က ပလောင် အုပ်ချုပ်ခွင့်ရဒေသကို မေးတဲ့အခါမှာ သူတို့က ပြည်ထောင်စုအစိုးရဆီကနေ ကျွမ်းကျင်ပညာရှင်တွေ တောင်းပြီးမှ town plan ပြန်ဆွဲဖို့ ၊ နောက်ပြီးတော့ မူရင်းနေရာမှာ သူတို့ကို ပြန်ချဖို့ပေါ့နော် ။ ဆိုတော့ ဒီလိုမီးက တမြို့လုံးနီးပါးလောက် ပြာကျသွားတဲ့အခါမှာ အဲဒီလိုပြန်ပြီးတော့ တည်ဆောက်ရေးလုပ်တဲ့အခါမှာ ဒီလို သဘာဝမီးဘေးနောက်တကြိမ်ပြန်ပြီး ကြုံလာခဲ့ရလို့ရှိရင် ကာကွယ်ဖို့အတွက် ဆရာ ဘယ်လိုများအကြံပေးချင်တာ ရှိပါသလဲရှင့်။

မြို့ပြပညာရှင်ဒေါက်တာကျော်လတ်။ ။ ကျွမ်းကျင်တဲ့ ပညာရှင်တွေကို ခေါ်ပြီးတော့ ကျွမ်းကျင်သော အဲဒီပညာရှင်တွေကနေပြီးတော့ အဲလို standard တွေ norms တွေနဲ့ ပုံစံကို ဆွဲပေးကြရင် ပြည်နယ်အစိုးရတွေက လက်ခံကြတယ်ဆိုရင်တော့ နောင်ဒါမျိုးတွေဖြစ်ဖို့ အလားအလာနည်းသွားမှာပေါ့နော်။ ကျွမ်းကျင်တဲ့လူတွေက မြို့ပြစီမံကိန်းရေးဆွဲရာမှာ အဲဒီထဲမှာ သူတို့က လမ်းတွေရဲ့အကျယ်တို့ ၊ နောက်ပြီးတော့ ကျနော်တို့ခေါ်နေကြတဲ့ safe back distance လို့ခေါ်တာပေါ့ ၊ ဒီအဆောက်အဦးတွေက အနောက်ကို ဘယ်လောက်လောက်ထိ ဆုတ်ထားရမလဲတို့၊ အဆောက်အဦး တခုနဲ့ တခု ဘေးချင်း အကွာအဝေးတို့ပေါ့နော်။ အဲဒါတွေကို အသေးစိတ် အဲဒီမြို့မှာ zoning plan ရှိရမှာပေါ့။ အဲဒီ Zoning Plan ရှိရင်တော့ အဲဒီအထဲမှာ တကယ်လို့ မီးတွေ ဘာတွေလောင်တယ်ဆိုရင် ဘယ်လို ထွက်ပြေးရမလဲ၊ ဘယ်လို မီးသတ်ကားတွေဝင်ရမလဲ စသဖြင့် ဒါတွေကလည်းပဲ အသေးစိတ်ပါရမှာပေ့ါနော်။”

ဒါကတော့ မြို့ပြစီမံကိန်း ဆိုင်ရာ အကြံပေးပုဂ္ဂိုလ် မြို့ပြပညာရှင် ဒေါက်တာကျော်လတ်ကို ဗွီအိုအေ မြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းခဲ့တာပါ။