နိုင်ငံတကာကလူငယ်တွေ ပါဝင်ယှဉ်ပြိုင်ကြမယ့် ကမ္ဘာလုံးဆိုင်ရာ စက်ရုပ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု လူငယ် ၉ ဦး ပါဝင်တဲ့ အဖွဲ့တဖွဲ့လည်း ပါဝင်ယှဉ်ပြိုင်ဖို့ ရှိပါတယ်။
ပြိုင်ပွဲကို အမေရိကန်အခြေစိုက် First Global ဆိုတဲ့အဖွဲ့က ကမကထပြုပြီး ဝါရှင်တန်ဒီစီ မြို့တော်က Dar Constitutional Hall မှာ ဇူလိုင် လ ၁၆ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ လုပ်မှာပါ။ မြန်မာလူငယ် ၉ ဦးကတော့ မောင်ကျော်ဇာဇော်၊ မောင်ဖုန်းသီဟ ကျော်၊ မယုဇနဝင်း၊ မမေပြည့်စုံကျော်၊ မောင်ဝေယျာအောင်၊ မောင်ဝေယံထွန်း၊ မောင်ထွန်းထွဋ်အေး၊ မမြင့်မြတ်ဇော်နဲ့ မောင်ကြည်ဇော်ဝင်း တို့ဖြစ်ပါတယ်။
လာမယ့် တနင်္ဂနွေနေ့၊ ဇူလိုင်လ ၁၆ ရက်နေ့ ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲမှာ ဖွင့်ပွဲအခမ်းအနားလုပ်ပြီး ဇူလိုင် ၁၇ ရက်၊ တနင်္လာနေ့မှာ ပြိုင်ပွဲစဉ် ၁ ကနေ ၃၊ အင်္ဂါနေ့မှာ ပြိုင်ပွဲစဉ် ၄ ကနေ ၆ အထိကျင်းပပြီးတဲ့နောက် အင်္ဂါနေ့ညနေပိုင်းမှာ ပိတ်ပွဲနဲ့ ဆုပေးပွဲ အခမ်းအနားကို ကျင်းပမှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို နိုင်ငံပေါင်း ၁၅၇ နိုင်ငံနဲ့ ကမ္ဘာ့တိုက်ကြီး ၆ ခုကို ကိုယ်စားပြုတဲ့ အသင်းပေါင်း ၁၆၂ သင်း ပါဝင်ယှဉ်ပြိုင်မှာပါ။
First Global အဖွဲ့ တနည်းအားဖြင့် International First Committee Association ကို တည်ထောင်သူ ကတော့ ပရဟိတသမား တီထွင်ဖန်တီးသူ Dean Kamen ပါ။ လက်ရှိမှာ ဦးဆောင်နေသူက အမေရိကန် ရေတပ်ဗိုလ်ချုပ်ကြီးဟောင်းနဲ့ ကွန်ဂရက် လွှတ်တော်အမတ် Joe Sestak ဖြစ်ပါတယ်။ ပြိုင်ပွဲဖွင့်ပွဲနေ့မှာ ကမ္ဘာ့ဘဏ် ဥက္ကဌ ဒေါက်တာ Jim Yong Kim က ဧည့်သည်တော် အဖြစ် မိန့်ခွန်းပြောဖို့ရှိပါတယ်။
First Global အဖွဲ့ရဲ့ အဓိကလုပ်ငန်းရည်ရွယ်ချက်ကတော့ နားလည်မှုတိုးမြှင့်လာဖို့၊ ပူးပေါင်း ဆောင်ရွက်ရေးရဲ့ အရေးပါပုံကို တည်ဆောက်ပေးဖို့နဲ့ ကမ္ဘာပေါ်မှာ အရေးအကြီးဆုံးကိစ္စရပ်တွေကို ဖြေရှင်းပြီး အားလုံးရဲ့ဘဝအဆင့်အတန်း တိုးတက်လာစေဖို့ နိုင်ငံအားလုံးက လူငယ်တွေမှာ သိပ္ပံနဲ့ နည်းပညာပိုင်း ခေါင်းဆောင်မှုနဲ့ တီထွင်ဖန်တီးမှုတွေဖြစ်လာအောင် အားပေး လှုံ့ဆော်ရေး ဖြစ်ပါတယ်။
လူငယ်တွေအနေနဲ့ ကမ္ဘာရဲ့ ကြီးမားတဲ့ စိန်ခေါ်မှုတွေ အတွက် အဖြေရှာတဲ့နေရာမှာ သိပ္ပံနဲ့ အင်ဂျင်နီယာ ဘာသာရပ်ကို အသုံးပြု ပြီး ပြိုင်ပွဲတပွဲမှာတောင်မှပဲ ဆက်သွယ်မယ်၊ ပူးပေါင်းဆောင်ရွက်မယ်၊ အတူတကွ လုပ်ဆောင်မယ်ဆိုရင် ကြီးမားတဲ့ အောင်မြင်မှု တွေကိုရနိုင်ပြီး စစ်မှန်တဲ့ ကမ္ဘာလုံးဆိုင်ရာအဝန်းအဝိုင်းရဲ့ အစိတ်အပိုင်း တခုဖြစ်လာမယ် ဆိုတာကို ပြသဖို့ ဒီလိုပြိုင်ပွဲမျိုးကို ကျင်းပရတာဖြစ်တယ်လို့ First Global အဖွဲ့ရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
Your browser doesn’t support HTML5