သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Bush Center ခေါင်းဆောင်မှု သင်တန်း မြန်မာလူငယ်၂၀ ကျောင်းဆင်းပွဲကျင်းပ


မြန်မာ လူငယ်ခေါင်းဆောင် ၂၀ တို့ Bush Institute မှာ ခေါင်းဆောင်မှု သင်တန်းပြီးဆုံး။
မြန်မာ လူငယ်ခေါင်းဆောင် ၂၀ တို့ Bush Institute မှာ ခေါင်းဆောင်မှု သင်တန်းပြီးဆုံး။

အမေရိကန် သမ္မတဟောင်း George W. Bush ရဲ့ Bush Institute က ပို့ချလေ့ကျင့်ပေးတဲ့ ခေါင်းဆောင်မှု သင်တန်းဟာ မတူကွဲပြားတဲ့ လူမျိုးနဲ့ ဘာသာခြားတွေ အတူတကွနေထိုင်တဲ့ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေဆဲ ပဋိပက္ခနဲ့ ငြိမ်းချမ်းရေး ပြဿနာတွေကို ဖြေရှင်းရာမှာများစွာ အထောက်အကူ ပြုလိမ့်မယ်လို့ ဒီသင်တန်းကို တက်ရောက်လာကြတဲ့ မြန်မာလူငယ် ခေါင်းဆောင်တွေက ပြောပါတယ်။ တက္ကဆက် ပြည်နယ်၊ ဒါးလက်စ်မြို့မှာ တနေ့က ကျင်းပတဲ့ ကျောင်းဆင်းပွဲ အပြီး ပြောဆို လိုက်ကြတာပါ။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

သမ္မတဟောင်း George W. Bush ရဲ့ Bush Institute က မြန်မာလူငယ်တွေအတွက် စီစဉ်ပေးတဲ့ တတိယအကြိမ်မြောက် (Liberty and Leadership Forum) လွတ်လပ်မှုနဲ့ ခေါင်းဆောင်မှုဆိုင်ရာသင်တန်း ဂုဏ်ပြုလက်မှတ် ချီးမြှင့်ပွဲ အခမ်းအနားကို အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဒါးလက်စ်မြို့မှာ ဇွန်လ (၂၆) ရက် တနင်္လာနေ့က ကျင်းပခဲ့ပြီး နယ်ပယ်အသီးသီးက မြန်မာလူငယ် အယောက်(၂၀) သင်တန်းဆင်း ခဲ့ကြတာပါ။

မြန်မာပြည်ရဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို ထောက်ခံအားပေးလာခဲ့တဲ့ သမ္မတဟောင်း Bush ရော သူ့ရဲ့ကတော် Laura Bush တို့ကပါ ဒီအခမ်းအနားမှာ ဂုဏ်ပြုစကားတွေ ပြောခဲ့ကြပါတယ်။ သမ္မတဟောင်း Bush ကတော့ အမေရိကန်အပါအဝင် ဘယ်နိုင်ငံမှာမဆို ဒီမိုကရေစီ ခရီးဟာ ကြမ်းတမ်းခဲ့ရကြောင်း၊ အဲဒီလမ်းကို လျှောက်လှမ်းနိုင်ဖို့ ခေါင်းဆောင်မှုလိုအပ်ကြောင်း ဒါကြောင့် မြန်မာလူငယ်တွေအတွက်ဒီခေါင်းဆောင်မှု သင်တန်းကို နှစ်စဉ်စီစဉ်ထားခြင်းဖြစ်ကြောင်း ပြောပါတယ်။

သမ္မတဟောင်းရဲ့ ကတော် Laura Bush ကလည်း ဒီခေါင်းဆောင်မှုသင်တန်းဟာ မြန်မာပြည်ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ အထောက် အကူဖြစ်စေမယ်လို့ သူယုံကြည်ကြောင်း သင်တန်းဆင်းပွဲမှာ ပြောခဲ့ပါတယ်။

“ ဒီ Liberty & Leadership သင်တန်းမှာတက်ရောက်ခဲ့သူတွေဟာ တဦးချင်းအနေနဲ့ ဒီမိုကရေစီကို အထောက်အပံ့ဖြစ်စေမယ့် အဖွဲ့အစည်းနဲ့ အလေ့အထတွေကို ဘယ်လို တည်ဆောက်ရမလဲဆိုတာကို နားလည်သွားကြမှာပါ။ ကိုယ့်တိုင်းပြည် ပြန်ရောက်တာနဲ့ အဲဒီအလုပ်တွေကို စတင်နိုင်ကြမှာဖြစ်ပြီး ဒီမိုကရေစီ အစိုးရကို အထောက်အကူပြုနိုင် လိမ့်မယ်လို့မျှော်လင့်ပါတယ်။ မြန်မာပြည်နဲ့ ပတ်သက်လို့ အားပေးနေသလို အပြောင်းလဲတွက် အကောင်းမြင်မျှော်လင့်နေပါတယ်”

Mrs. Laura Bush ဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံနေရစဉ် မြန်မာပြည်ဒီမိုကရေစီရေး လှုပ်ရှားမှုကို စတင်စိတ်ဝင်စား လာခဲ့ပြီး၊ ခင်ပွန်းဖြစ်သူ သမ္မတ Bush လက်ထက်မှာ မြန်မာပြည်အရေးကို ကူညီဖို့ စိတ်ဝင်စားလာခဲ့ပါတယ်။ သူဟာ ၂၀၀၈ နာဂစ်မုန်တိုင်း ကာလ မြန်မာနိုင်ငံ ရေဘေးဒုက္ခသည်တွေကို ကူညီဖု့ိ လှုံ့ဆော်ခဲ့သလို၊ ထိုင်း မြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်းနဲ့ မဲဆောက် မယ်တော် ဆေးခန်းတို့ကိုလည်း ၂၀၀၈ သြဂုတ်လမှာ သွားရောက်လည်ပတ်ခဲ့သူပါ။ အမေရိကန်ကို ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ခဲ့ပြီး တနေ့မှာ မြန်မာနိုင်ငံကို အလည်ပတ်ရောက်လာနိုင် လိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ပြောခဲ့ပါတယ်။

Bush Institute တတိယအကြိမ်မြောက် ခေါင်းဆောင်မှု သင်တန်းတက်ရောက်ခွင့် ရခဲ့တာနဲ့ပတ်သက်လို့ လူငယ်ဆရာဝန်တဦးလည်းဖြစ် မြန်မာနိုင်ငံတွင်း NGO တွေမှာ ဦးဆောင် လုပ်ခဲ့ဖူးသူ ဒေါက်တာ မျိုးမြင့်အောင်က ခုလိုသုံးသပ်ပါတယ်။

“ ကျနော်တို့နိုင်ငံမှာ ဒီမိုကရေစီ နည်းလမ်းတကျ နေထိုင်တဲ့ လူမှုအသိုင်းအဝိုင်း ဖြစ်လာဖို့ဆိုရင် အရေးကြီးတာက ခေါင်းဆောင်ကောင်းတွေ ရှိဖို့ လိုပါတယ်။ ကျနော်တို့လည်း ဒီ Program ကို မ Join ခင်က ဆိုရင် ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကောင်းမွန်အောင ်လုပ်လိုက်ရင် တိုင်းပြည်ကြီး ကောင်းသွားမယ်။ ကိုယ်တတ်တဲ့ ဘက်က ကိုယ်လုပ်မယ် ဆိုတဲ့အပိုင်းပဲ အသိအမြင် ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီ Program Join ပြီး ကျနော်နားလည်တာက လူတွေရဲ့ပွင့်ပွင့်လင်းလင်းနဲ့ လွတ်လွတ်လပ်လပ်နဲ့ တွေးခေါ် နိုင်စွမ်းရှိမှ Democratic Society ဖြစ်လာမယ်လေ။ ပြီးရင် ငြိမ်းချမ်းရေး တွေရမယ်၊ တိုင်းရင်းသား ဒေသတွေမှာလည်း လိုအပ်ချက်တွေကို ကျနော်တို့ ပြည့်စုံအောင် ဆောင်ရွက်နိုင်မှ ကိုယ်လိုချင်တဲ့ ပန်းတိုင် ရောက်မယ်ဆိုတဲ့ အမြင် ရတဲ့အတွက်ကြောင့် ပိုပြီးတော့ ပြည့်စုံတဲ့ ခေါင်းဆောင်မှု တရပ်ကို ကျနော် ရရှိတယ်လို့ ကျနော်ထင်ပါတယ်။ ”

ထိုင်းမြန်မာနယ်စပ်မှာ အခြေစိုက်တဲ့ တိုင်းရင်းသူ မအိအိဖြူကတော့ မြန်မာနိုင်ငံက RISE လို့ခေါ်တဲ့ ကျေးလက်ဌာနေ တိုင်းရင်းသား ရေရှည် တည်တံ့ ပညာရေးအစီအစဉ်ရဲ့ စီစဉ်ညွန်ကြားသူ တဦးဖြစ်ပြီး ဒီ ခေါင်းဆောင်မှုသင်တန်းကို ဒီနှစ်အတွက် တက်ရောက်ခွင့် ရခဲ့သူပါ။

“ ဒီ ကွန်မြူနတီမှာရှိနေတဲ့ အခက်အခဲ ပြသနာတွေကို ကိုယ့်ရဲ့Resource နဲ့ ဘယ်လိုမျိုး အဓိက ကိုင်တွယ်ဖြေရှင်းမလဲ။ ဥပမာ ဆိုလို့ရှိရင် ညီမတို့ Café Momentum ဆိုတဲ့ ကော်ဖီဆိုင်လေးတခုကို သွားခဲ့ရတယ် ပေါ့နော်။ အဲဒါက ဘာလည်းဆိုတော့ ၁၅ နှစ်နဲ့ ၁၉ နှစ် ကြားမှာရှိတဲ့ ထောင်ထဲမှာ အကြောင်းအမျိုးမျိုး ကြောင်းမို့ရာဇဝတ်မှု ကျူးလွန်ရတဲ့ လူငယ်ကလေး တွေကို ပြန်ပြီးတော့ စာရိတ္တပိုင်း ဆိုင်ရာ ပြန်ပြီးတော့ လမ်းကြောင်း တည့်မတ်ပေးတဲ့ Program လေ။ ပြီးတော့ သူတို့ရဲ့ လုပ်ငန်း ဝင်ငွေလည်း အဆင်ပြေအောင် သူတို့ရဲ့ အသက်မွေးကြောင်းနဲ့ ဆိုင်တဲ့ Skill လေးတွေကို တနိုင်တပိုင်ပေါ့နော် ကိုယ့်ရဲ့ ကိုယ်ထူကိုယ်ထ အနေနဲ့ လုပ်ကိုင် ဖြေရှင်းပေးတဲ့ Program လေး တခုကို တွေ့ရတဲ့ အခါမှာ ညီမတို့ လုပ်နေတဲ့ အဖွဲ့နဲ့ အများကြီး ဆက်စပ်မှုရှိတယ်။ ”

မြန်မာနိုင်ငံမှာ လူငယ်ခေါင်းဆောင်တွေပေါ်ထွန်းလာအောင် လေ့ကျင့်ပညာပေးရေး ကဏ္ဍမှာ လုပ်နေတဲ့ ကိုအောင်ကျော်မိုးကလည်း Bush Institute ခေါင်းဆောင်မှုသင်တန်းအပေါ် သူ့အမြင်ကို ပြောပါတယ်။

“ အဓိက သင်တဲ့ Subjects တွေကတော့ ခေါင်းဆောင် တယောက်မှာ လိုအပ်တဲ့ အရည်အချင်း အဲဒါတွေပါတယ်။ ပြောမယ်ဆိုရင် တော်တော်လေးကို အရေး ကြီးတယ်ပေါ့။ မြန်မာပြည်မှာ ဒီမိုကရေစီ အသွင်ကူးပြောင်း နေတဲ့ကာလမှာ ဒီလိုစဉ်းစား Critical Thinking ရှိတဲ့ မြန်မာပြည် ကျောင်းတွေမှာ သင်လို့မရတဲ့ Curriculum တွေကို ဒီမှာလာပြီး သင်ယူနိုင်တဲ့ဟာ ဆိုတာက အင်မတန် ကျနော်တို့အတွက် အကျိုးရှိတယ်ပေါ့လေ။ ”

Bush Institute မှာဖွင့်တဲ့ Liberty and Leadership ခေါင်းဆောင်မှုသင်တန်းကို ၂၀၁၄ ဇွန်လမှာ စတင်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံ နယ်ပယ် အသီးသီးက လူငယ်တချို့ အထူးသဖြင့် တိုင်းရင်းသားလူငယ်တွေကို ပညာတော်သင်အဖြစ် ခေါ်ယူ ပို့ချ လေ့ကျင့်ပေးလာခဲ့တာ အခု ၂၀၁၇ အထိဆိုရင် သုံးနှစ်မြောက် ရှိသွားပြီဖြစ်ပါတယ်။ တကြိမ်ကို (၁၆)ယောက်ကနေ အယောက်(၂၀)ဝန်းကျင်ထိ ပညာတော်သင် ခေါ်ယူခဲ့တာ ဖြစ်ပြီး နောင်နှစ်တွေမှာလဲ မြန်မာလူငယ်တွေအတွက် ဒီသင်တန်းကို ဆက်ပြီးပေးသွားမယ်လို့ သိရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG