သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလူငယ်တွေ အခန်းကဏ္ဍ မြှင့်တင်နိုင်ရေး သမ္မတဟောင်း Bush အားပေး


သမ္မတဟောင်းဘုရှ်၊ သမ္မတဟောင်း ကတော် လော်ရာ ဘုရှ်တို့နဲ့ ကိုလင်းထက်နိုင် ၊ မဖြိုးဖြိုးအောင်။ (လွတ်လပ်မှုနဲ့ ခေါင်းဆောင်မှုဆိုင်ရာ ဖိုရမ် သင်တန်းဆင်းပွဲ)
သမ္မတဟောင်းဘုရှ်၊ သမ္မတဟောင်း ကတော် လော်ရာ ဘုရှ်တို့နဲ့ ကိုလင်းထက်နိုင် ၊ မဖြိုးဖြိုးအောင်။ (လွတ်လပ်မှုနဲ့ ခေါင်းဆောင်မှုဆိုင်ရာ ဖိုရမ် သင်တန်းဆင်းပွဲ)

ငြိမ်းချမ်းရေးနဲ့ လွတ်လပ်တဲ့ လူ့အသိုင်းအဝိုင်း ထူထောင်ရာမှာ မြန်မာလူငယ်တွေ ပါဝင်နိုင်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း အမေရိကန်သမ္မတဟောင်း George W. Bush က ပြောဆိုလိုက်ပါတယ်။ သမ္မတဟောင်းရဲ့ Bush Institute မှာ တက်ရောက်နေတဲ့ လွတ်လပ်မှုနဲ့ ခေါင်းဆောင်မှုဆိုင်ရာ သင်တန်းဆင်းပွဲမှာ တိုက်တွန်းပြောဆိုခဲ့တာပါ။ အပြည့်အစုံကိုတော့ ကိုအောင်အောင်က တင်ပြပေးမှာဖြစ်ပါတယ်။

မေလ ၂၅ ရက်နေ့က အမေရိကန်သမ္မတဟောင်း George W. Bush ရဲ့ Bush Institute ကစီစဉ်တဲ့ လွတ်လပ်မှုနဲ့ ခေါင်းဆောင်မှုဆိုင်ရာဖိုရမ် သင်တန်းဆင်းပွဲကို တက္ကဆပ်ပြည်နယ် ဒါးလပ်စ်မှာ ကျင်းပခဲ့တာပါ။

မြန်မာနိုင်ငံက လူငယ်ခေါင်းဆောင် ၁၈ ဦးရဲ့ဒီပလိုမာသင်တန်းဆင်းပွဲ
မြန်မာနိုင်ငံက လူငယ်ခေါင်းဆောင် ၁၈ ဦးရဲ့ဒီပလိုမာသင်တန်းဆင်းပွဲ

တိုင်းပြည်ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမှာ တတပ်တအား ပါဝင်ကြတဲ့ မြန်မာနိုင်ငံက လူငယ်ခေါင်းဆောင် ၁၈ ဦးရဲ့ ဒီပလိုမာ သင်တန်းဆင်းပွဲကို သမ္မတဟောင်း George W. Bush နဲ့ ဇနီး လောရာဘုရှ်တို့က တက်ရောက်ပြီး စကားပြောကြားရမှာ သမ္မတဘုရှ်က မြန်မာလူငယ်တွေ တိုင်းပြည်တည်ဆောက်ရေးမှာ အထောက်အကူဖြစ်အောင် ကူညီကြဖို့ တိုက်တွန်းခဲ့ပါတယ်။

"ငြိမ်းချမ်းရေးနဲ့ လူ့ဂုဏ်သိက္ခာကို တန်ဖိုးထားတဲ့ လွတ်လပ်မှုအဝန်းအဝိုင်း ပိုကျယ်ပျံ့အားကောင်းလာအောင် အကောင်းဆုံးလုပ်ဆောင်သွားဖို့ ကျနော်နဲ့ လော်ရာ စိတ်ပိုင်းဖြတ်ထားပါတယ်။ ဒါဟာအကောင်းဆုံးလမ်းဖြစ်ပြီး အခုသင်တန်းဆင်းတဲ့ ကျောင်းသူကျောင်းသားတွေကိုလည်း ဒီအတိုင်းဆက်လုပ်ဖို့ ကျနော်တို့ ပြောခဲ့ပါတယ်။ ဒါဟာ ကျနော့အတွက်တော့ အနာဂါတ်ခေါင်းဆောင်တွေကို အားပေးဖို့ ရရှိတဲ့ အခွင့်အရေးပါ။ ဒီလိုအားပေးလိုက်တဲ့ သူတွေဟာလည်း မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်အောင် ဆက်လုပ်သွားမယ်ဆိုတာ တကယ့်ကို ယုံကြည်ပါတယ်။

ဒီအခမ်းအနားကို သမ္မတဟောင်း ဇနီးမောင်နှံအပြင် ဒီမိုကရေစီရေး ထောက်ခံ အားပေးတဲ့ အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေလည်း တက်ရောက်ပါတယ်။ လွတ်လပ်မှုနဲ့ ခေါင်းဆောင်မှုဆိုင်ရာဖိုရမ် ကိုတက်ရောက်သူတဦးဖြစ်တဲ့ ယုံကြည်ရသော ရွေးကောက်ပွဲများပေါ်ပေါက်ရေး ပြည်သူများပူးပေါင်းလှုပ်ရှားမှုအဖွဲ့က မအေးအေးစန်းက

"ဒီသင်တန်းမှာ ခေါင်းဆောင်မှုဆိုင်ရာကိစ္စရပ်တွေကို သင်ကြားခဲ့သလို မြို့တော်ဝါရှင်တန်ဒီစီကို သွားရောက်လေ့လာတဲအခါမှာလည်း အမေရိကန်ပြည်ထောင်စု ဒီမိုကရေစီစနစ်ကို ဘယ်လို တည်ဆောက်ထား သလည်းဆိုတာ တွေ့ခဲ့ရပါတယ်။ အခုလို ဒီမိုကရေစီစနစ် လက်တွေ့ကျင့်သုံးနေတာကိုတွေ့ရတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပေါ်ထွန်းလာရမယ်ဆိုတဲ့ မျှော်လင့်ချက်တွေ ပိုရလာခဲ့ပါတယ်။ ဆင်းရဲမှု ပပျောက်ရေး၊ အလုပ်အကိုင်ဖန်တီးရေး၊ ပြည်သူလူထုရဲ့ ပညာရေးနဲ့ ဒီမိုကရေစီလုပ်ငန်းစဉ်တွေ ပိုခိုင်မာလာအောင် လုပ်ဆောင်ဖို့ အဲဒီအခြေအနေတွေက ကျမကို လှုံ့ဆော်ပေးပါတယ်။"

၂၀၁၆ ခုနှစ် ဖိုရမ် သင်တန်းဆင်းပွဲကို မဖြိုးဖြိုးအောင်နဲ့ ကိုလင်းထက်နိုင်တို့လည်း တက်ရောက်ပါတယ်။ ၂၀၁၅ ခုနှစ် သင်တန်းဆင်းပွဲ ကျင်းပတဲ့ အချိန်တုန်းက သူတို့ဟာ ပညာရေးဥပဒေပြင်ဆင်ရေး လှုပ်ရှားမှုကြောင့် မြန်မာနိုင်ငံမှာ အကျဉ်းချခံထားရတာပါ။ သင်တန်းဆင်းအခမ်းအနားကို တက်ရောက်လာတဲ့ သမ္မတဟောင်းကတော် လော်ရာဘုရှ်ကလည်း ဒီမိုကရေစီရရှိအောင် ဇွဲလုံလနဲ့ ကြိုးပမ်းခဲ့ကြသူတွေကို ချီးကျူးစကားပြောကြားခဲ့ပါတယ်။

"၂၀၀၂ ခုနှစ်ကနေစလို့ မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေတွေနဲ့ ပါတ်သတ်ပြီး ကျမ စတင်လုပ်ဆောင်လာတာပါ။ အတိုက်အခံတွေအပေါ် စစ်အစိုးရ ရဲ့ ပြုမူဆက်ဆံပုံတွေနဲ့ ပါတ်သတ်ပြီး တော်တော်ကို စိတ်မသက်မသာ ဖြစ်ခဲ့ပါတယ်။ နိုင်ငံတွင်းမှာလည်း သူတို့ကို ဆန္ဒပြတဲ့အပြင် နိုင်ငံတကာကလည်း လက်မခံဘူးလို့ ပြောဆိုနေတဲ့ကြားကပဲ စစ်အစိုးရဟာ တိုင်းပြည်အာဏာကို ချုပ်ကိုင်လာတာ ဆယ်စုနှစ် အတော်ကြာပါပြီ။ ဒီလိုအခြေအနေအောက်မှာပဲ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဒီမိုကရေစီလိုလားတဲ့ခေါင်းဆောင်တွေဟာ အနာဂါတ် ဒီမိုကရေစီနိုင်ငံတော်အတွက် ဇွဲနဘဲနဲ့ ဆောင်ရွက်ခဲ့ကြပါတယ်။ တနေ့နေ့မှာ မြန်မာပြည်လွတ်မြောက်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီလိုမဆုတ်မနစ် လုပ်ဆောင်ခဲ့ကြတာတွေကိုလည်း ကျမအနေနဲ့ အထင်ကြီးလေးစားမိပါတယ်။ မဆုတ်မနစ် ကြိုးစားဆောင်ရွက်ခဲ့တာကြောင့် ဒီကနေ့မှာဆိုရင် မြန်မာနိုင်ငံဟာ အဲဒီအိပ်မက်ထဲကအတိုင်း အကောင်အထည်ပေါ်လာဖို့ ပိုနီးစပ်လာပါပြီ။"

နိုင်ငံတွေ ဒီမိုကရေစီအသွင်ကူးပြောင်းရာမှာ လိုအပ်တဲ့ ကျွမ်းကျင်မှုအရည်အသွေးနဲ့ ပါတ်သတ်ပြီး ငယ်ရွယ်သူ ခေါင်းဆောင်တွေကို သမ္မတဟောင်း George W. Bush ရဲ့ Bush Institute ကစီစဉ်တဲ့ လွတ်လပ်မှုနဲ့ ခေါင်းဆောင်မှုဆိုင်ရာဖိုရမ်မှာ သင်ကြားပို့ချပေးနေတာပါ။ တနှစ်ကြာ သင်တန်းကာလအတွင်း လစ်ဘရယ် ဒီမိုကရေစီနဲ့ စီးပွါးရေးလွတ်လပ်ခွင့်၊ တခြားနိုင်ငံတွေက ဒီမိုကရေစီရေး ပြောင်းလဲမှုဖြစ်စဉ်၊ လက်တွေ့အသုံးချ ခေါင်းဆောင်မှုနဲ့ စီမံခန့်ခွဲမှု အကြောင်း စတာတွေကို သင်ကြားပေးပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG