ရေကြီးရေလျှံမှုကြောင့် မြွေအန္တရာယ်တိုးလာ WHO သတိပေး 

နေပြည်တော်တပ်ကုန်းမှာ ရေကြီးရေလျှံပြီးနေအိမ်တွေနစ်မြုပ် (စက်တင်ဘာ ၁၁၊ ၂၀၂၄)

မြွေဆိပ်ဖြေဆေးရရှိဖို့ ခက်တဲ့တိုင်းပြည်တချို့မှာ ရေကြီးတာကြောင့် မြေကိုက်တဲ့အန္တရာယ်က ပိုကြီးလာနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က အင်္ဂါနေ့မှာ သတိပေးလိုက်ပါတယ်။ နှစ်တိုင်း လူ ၂ သန်း ၇ သိန်း လောက် မြွေကိုက်ခံနေကြရပြီး ၁ သိန်း ၃ သောင်း ၈ ထောင်ကျော် သေဆုံးနေရတယ်လို့ WHO က ခန့်မှန်းပါတယ်။

ကမ္ဘာပေါ်မှာ မြွေကိုက်ခံရလို့ ၄ မိနစ်ကနေ ၆ မိနစ်တိုင်း လူတယောက် သေဆုံးနေရတာပါလို့ WHO က မြွေကိုက်မှုဆိုင်ရာကျွမ်းကျင်သူ David Williams က ဂျနီဗာမြို့မှာ သတင်းစာဆရာတွေကို ပြောပါတယ်။ အဲဒီလို အကိုက်ခံရပြီး တနှစ်ကို လူ ၂ သိန်း ၄ ‌သောင်းလောက်ဟာ မသန်စွမ်းသူတွေ ဖြစ်ကျန်ခဲ့ရပါတယ်လို့လည်း သူက ဆိုပါတယ်။

မြွေဆိပ်ကြောင့် လေဖြတ်နိုင်သလို၊ သွေးရောဂါ၊ ကျောက်ကပ်ရောဂါ၊ တစ်သျှူးရောဂါ တွေလည်း ဖြစ်ကျန်ခဲ့နိုင်ပါတယ်။ ဒီအတွက် ဆေးကုကြရပြီး တဘက်မှာတော့ မိသားစုအတွက် သူ့ရဲ့ ဝင်ငွေ ဆုံးရှုံးသွားတာကြောင့် ဆင်းရဲမွဲတေသွားနိုင်တယ်လို့လည်း သတင်းထောက်တွေကို သူက ပြောပါတယ်။

အဓိက ပြဿနာက တချို့ဒေသတွေမှာ ထိရောက်၊ လုံလောက်တဲ့ ကုသမှုကို မရရှိနိုင်တာပါ။ ဒီလို အခြေအနေမှာ ဥတုရာသီ ပျက်ရာက ရေကြီးလာတာကြောင့် မြွေကိုက်ခံရတာတွေ ပိုများလာတာကို မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ တောင်ဆူဒန် နဲ့ တခြား နိုင်ငံတွေမှာ တွေ့ရကြောင်း WHO က ပြောပါတယ်။

Your browser doesn’t support HTML5

ရေကြီးရေလျှံမှုကြောင့် မြွေအန္တရာယ်တိုးလာ WHO သတိပေး