ဖလော်ရီဒါပစ်ခတ်မှု လူ လေးဦး သေဆုံး

ဖလော်ရီဒါပြည်နယ်၊ Jacksonville မြို့လည်က ကုန်တိုက်ကြီးတခုမှာ လူအများအပြားကို သေနတ်နဲ့ပစ်ခတ်တာကြောင့် ထိခိုက် သေဆုံးသူတွေရှိတယ်လို့ ပြည်နယ်အာဏာပိုင်တွေကပြောပါတယ်။

ကနဦးထွက်လာတဲ့ သတင်းတွေအရ သေဆုံးသူ လေးယောက်ရှိနေပြီး ဒဏ်ရာရနေတဲ့ လူ ၁၁ ယောက် ကိုတော့ ဆေးရုံတွေကို ခေါ်သွားကြတယ်လို့ မျက်မြင်တွေက ပြော ပါတယ်။

ရဲအရာရှိ Mike Williams ကတော့ သေနတ်နဲ့ ပစ်ခတ်သူဟာ တကိုယ်တော် ဖြစ်ပြီး လူဖြူတယောက် ဖြစ်ကြောင်းနဲ့ သူဟာ သေဆုံးသွား သူတွေထဲမှာ ပါတယ်လို့ ပြောပါတယ်။ ဒါပေမယ့် သေဆုံးသူ အရေအတွက် အတိအကျကိုတော့ပြောဖို့ ငြင်းဆိုပါတယ်။

သေနတ်သမားလို့ သံသယရှိသူဟာ သူ့ကိုယ်သူ ပြန်ပစ်ပြီး ရတဲ့ ဒဏ်ရာကြောင့် သေဆုံးသွားတယ်လို့ တယောက်က AP သတင်းက ပြောပါတယ်။

ရဲအရာရှိ Williams ကတော့ အခင်းဖြစ်တဲ့ Jacksonville Landing ကုန်တိုက်နေရာကို ခုပဲ ရှင်းလင်းပြီးစီးပြီဖြစ်ကြောင်းနဲ့ လုံခြုံရေးတွေ ချထားကြောင်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

ကုန်တိုက်ထဲက စားသောက်ဆိုင်နဲ့ ဘားတခုမှာ အွန်လိုင်း ဂိမ်းပြိုင်ပွဲတခု လုပ်နေတဲ့အချိန်အတွင်း ဒီပစ်ခတ်မှုဖြစ်တာပါ။ ဒီပွဲကို တိုက်ရိုက်ထုတ်လွှင့် ပြသနေတုန်း ပစ်ခတ်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပြီး အဲဒီမှာ သေနတ်သံတွေကိုပါ ကြားခဲ့ကြရတာပါ။

အဲဒီနေရာဟာ ဖေဖော်ဝါရီလတုန်းက Marjory Stoneman Douglas အထက်တန်းကျောင်း မှာ သေနတ်သမား တယောက်ရဲ့ ပစ်ခတ်မှုကြောင့် လူပေါင်း ၁၇ ဦး သေဆုံးခဲ့ရတဲ့ Parkland မြောက်ဖက် ကီလိုမီတာ ၄၈၀ (မိုင် ၃၀၀ လောက်) အကွာမှာ ရှိပါတယ်။

Your browser doesn’t support HTML5

ဖလော်ရီဒါပစ်ခတ်မှု လူ လေးဦး သေဆုံး