အင်ဒိုနီးရှားနိုင်ငံမှာ ကာလကြာရှည် အုပ်ချုပ်လာတဲ့ အာဏာရှင် Suharto အစိုးရပြုတ်ကျသွားခဲ့ပြီးတဲ့နောက် ဒီမိုကရေစီနိုင်ငံ ထူထောင်ခဲ့သူ သမ္မတဟောင်း B.J. Habibie ဟာ ဗုဒ္ဓဟူးနေ့က ကွယ်လွန်သွားပြီလို့ သူ့မိသားစုဝင်တွေနဲ့ အစိုးရ အရာရှိတွေက ပြောပါတယ်။ နှလုံးရောဂါ ခံစားနေရတဲ့ Habibie ဟာ ဂျကာတာက စစ်ဆေးရုံမှာမှာ ကွယ်လွန်သွားတာဖြစ်ပါတယ်။
Habibie ကွယ်လွန်ကြောင်း နိုင်ငံတော်ကိုအသိပေးတဲ့ ရုပ်သံမိန့်ခွန်းမှာ လက်ရှိသမ္မတ Joko Widodo က Habibie ဟာ ကမ္ဘာ့အဆင့်မီ သိပ္ပံပညာရှင် နိုင်ငံရေးသမား တယောက်ဖြစ်သလို အင်ဒိုနီးရှားနိုင်ငံရဲ့ နည်းပညာဖခင်ကြီးလို့ တင်စားခေါ်ဆိုခဲ့ပါတယ်။
Habibie ကို ၁၉၃၆ ခုနှစ် ဇွန်လမှာ အင်ဒိုနီးရှားနိုင်ငံ တောင်ပိုင်း Suawesi က မြို့ငယ်လေးတခုမှာ မွေးဖွားခဲ့တာပါ။ သူဟာ ဂျာမနီနဲ့ နယ်သာလန် နိုင်ငံတွေမှာ လေကြောင်းနဲ့ အာကာသဆိုင်ရာ အင်ဂျင်နီယာ ဘာသာရပ်ကို ဆည်းပူးခဲ့ပြီး ၁၉၇၀ နှစ်တွေ အတွင်းမှာ အင်ဒိုနီးရှားကို ပြန်လာခဲ့တာ ဖြစ်ပါတယ်။
အင်ဒိုနီးရှား နိုင်ငံကို စက်မှုနိုင်ငံ အဖြစ် ထူထောင်ရာမှာ အကူအညီပေးဖို့ Suharto က သူ့ကို ပန်ကြားခဲ့တဲ့နောက် သူဟာ နိုင်ငံပိုင် Industri Pesawat Terbang Nusantara လေကြောင်း ကုမ္ပဏီအကြီးအကဲ အဖြစ် တာဝန်ယူခဲ့သလို နောက်ပိုင်းမှာ သုတေသနနဲ့ နည်းပညာ ဝန်ကြီးအဖြစ် အနှစ် ၂၀ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
နှစ်ပေါင်း ၃၀ ကြာ အုပ်ချုပ်ခဲ့တဲ့ Suhato လူထုအုံကြွမှုကြောင့် နုတ်ထွက်သွားခဲ့ရပြီး ၂ လအကြာ ၁၉၉၈ ခုနှစ်မှာ အဲဒီအချိန်က ဒုသမ္မတ အဖြစ်တာဝန်ထမ်းဆောင်နေတဲ့ Habibie ဟာ အင်ဒိုနီးရှား နိုင်ငံရဲ့ တတိယမြောက် သမ္မတ အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။ သူဟာ ကမ္ဘာ့ မူဆလင် ဦးရေအများဆုံးဖြစ်တဲ့ အင်ဒိုနီးရှားကို ဒီမိုကရေစီနိုင်ငံ ဖြစ်လာအောင် လုပ်ခဲ့သလို ဆယ်စုနှစ်ပေါင်းများစွာ အဂတိလိုက်စားမှု တွေနဲ့ စီးပွါးရေးကပ်ဆိုက်နေတဲ့ အချိန်မှာ စီးပွါးရေးတည်ငြိမ်အောင် လုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။
၁၉၉၉ မှာ အင်ဒိုနီးရှားလက်အောက်ခံ အရှေ့တီမောနိုင်ငံ လွတ်လပ်ရေးလိုချင်တဲ့ ဆန္ဒရှိမရှိ လူထုဆန္ဒခံယူပွဲ ကျင်းပပေးမယ်လို့ သူကကြေညာခဲ့ပြီး နောက်တနှစ်မှာ ကျင်းပတဲ့ ဆန္ဒခံယူပွဲကနေ သူတို့ ဆန္ဒအတိုင်း အရှေ့တီမောကို လွတ်လပ်ရေးပေးခဲ့ပါတယ်။ ၁၇ လ ကြာ သမ္မတတာဝန်ထမ်းဆောင်ခဲ့ပြီး သူဟာ ၁၉၉၉ မှာ ကျင်းပတဲ့ သမ္မတရွေးကောက်ပွဲမှာ ဝင်မပြိုင်တော့ တဲ့အတွက် Abdurrahman Wahid သမ္မတ ဖြစ်လာခဲ့တာပါ။ သူကွယ်လွန်ချိန်မှာ သား ၂ ယောက် ကျန်ရစ်ပါတယ်။
Your browser doesn’t support HTML5