သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှားသမ္မတ Widodo ပြန်လည်ရွေးကောက်ခံရ


အင်ဒိုနီးရှားသမ္မတ Widodo ပြန်လည်ရွေးကောက်ခံရ
အင်ဒိုနီးရှားသမ္မတ Widodo ပြန်လည်ရွေးကောက်ခံရ

ပြီးခဲ့တဲ့ လက ကျင်းပခဲ့တဲ့ အင်ဒိုနီးရှား နိုင်ငံ သမ္မတ ရွေးကောက်ပွဲမှာ လက်ရှိ သမ္မတ Joko Widodo က မဲပေါင်း ၅၅ ဒသမ ၅ ရာခိုင်နှုန်း ရရှိခဲ့ပြီး ပြန်လည် ရွေးချယ်ခံရကြောင်း အင်ဒိုနီးရှားရွေးကောက်ပွဲကော်မရှင် KPU ကအင်္ဂါနေ့က ကြေညာခဲ့ပါတယ်။ သူ့ ယှဉ်ပြိုင်ဘက် ဗိုလ်ချုပ်ကြီးဟောင်း Prabowo Subianto က မဲ ၄၄ ဒသမ ၅ ရာခိုင်နှုန်း ရရှိခဲ့ပါတယ်။

Jokowi လို့လည်း ခေါ်တဲ့ သမ္မတ Widodo မဲပေါင်း ၈၅,၆၀၇,၃၆၂ ရရှိပြီး Prabowo Subianto က မဲပေါင်း ၆၈,၆၅၀,၂၃၉ ရရှိခဲ့တယ်လို့ ရွေးကောက်ပွဲကော်မရှင်မင်းကြီး Evi Novida Ginting Manik က ကြေညာခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ သမ္မတ ရွေးကောက်ပွဲတွေကို ၂၀၀၄ ခု က နေ ၂၀၁၄ ခုအထိ လွှတ်တော်ရွေးကောက်ပွဲတွေကျင်းပအပြီး ၃ လ အကြာမှာ ကျင်းပလေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒီနှစ် ပထမဆုံး အကြိမ်အဖြစ် ဧပြီလ ၂၁ ရက် သမ္မတနဲ့ ဒုတိယ သမ္မတ အပြင် လွှတ်တော်ရွေးကောက်ပွဲတွေနဲ့ ဒေသခံကောင်စီ ရွေးကောက်ပွဲတွေကို တပြိုင်နက်တည်း ကျင်းပခဲ့တာဖြစ်ပါတယ်။ နိုင်ငံတဝှမ်း မဲအားလုံးကို ရေတွက်ပြီး နောက်ဆုံးရလဒ်တွေကို စုစည်းပြီးခဲ့အပြီး တနာရီအကြာမှာ ဒီ ကြေညာချက်ကို အင်္ဂါနေ့က KPU က ထုတ်ပြန်တာ ဖြစ်ပါတယ်။

အင်ဒိုနီးရှား မဲဆန္ဒရှင် ၁၉၃ သန်းဟာ မဲရုံပေါင်း ၈ သိန်း ၁ သောင်းကို သွားရောက် မဲပေးခဲ့ကြပါတယ်။ Widodo က ၂၁ ပြည်နယ်က မဲတွေကို သိမ်းကျုံး ရယူခဲ့ပြီး အစ္စလာမ္မစ် သဘောထား တင်းမာသူ ဗိုလ်ချုပ်ကြီး ဟောင်း Subianto ကတော့ ၁၃ ပြည်နယ်က မဲတွေရဲ့ ၄၄ ဒသမ ၅ ရာခိုင်နှုန်း ရရှိခဲ့ပါတယ်။

ရွေးကောက်ပွဲ မဲပေးရာမှာ စည်းကမ်းနဲ့ မကိုက်ညီတဲ့ မဲပေးမှုပေါင်း ၁၃,၀၀၀ အနည်းဆုံး တွေ့ရှိခဲ့တယ်လို့ Subianto ထောက်ခံသူတွေက ဒီလစောစောပိုင်းက ပြောခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံတကာ ရွေးကောက်ပွဲစောင့်ကြည့်သူတွေကတော့ ရွေးကောက်ပွဲတွေဟာ လွတ်လပ်ပြီး တရားမျှတတယ်လို့ ပြောကြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကတော့ Jakarta ရှိအမေရိကန်သံရုံး က ရွေးကောက်ပွဲကော်မရှင် KPU က သမ္မတနဲ့ လွှတ်တော်ရွေးကောက်ပွဲ ရလဒ်တွေကို တရားဝင် ကြေညာတဲ့ အခါ ဆန္ဒပြမှုများ ဖြစ်မှာကို စိုးရိမ်တဲ့ အတွက် အင်ဒိုနီးရှားရောက် အမေရိကန် နိုင်ငံသားတွေ အတွက် လုံခြုံရေး နှိုးဆော်ချက် ထုတ်ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG