သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြိတ်အနယ်ဖြစ်မည့် အင်ဒိုနီးရှား ရွေးကောက်ပွဲ


အင်ဒိုနီးရှား ရွေးကောက်ပွဲ အတွင်း ဝင်ပြိုင်မယ့် အင်ဒိုနီးရှား သမ္မတကိုယ်စားလှယ်လောင်း Prabowo Subianto
အင်ဒိုနီးရှား ရွေးကောက်ပွဲ အတွင်း ဝင်ပြိုင်မယ့် အင်ဒိုနီးရှား သမ္မတကိုယ်စားလှယ်လောင်း Prabowo Subianto

အင်ဒိုနီးရှား သမ္မတ၊ ဒုသမ္မတနဲ့ လွှတ်တော်ဆိုင်ရာ ရွေးကောက်ပွဲတွေကို မနက်ဖြန် ဗုဒ္ဓဟူးနေ့မှာ ကျင်းပမှာ ဖြစ်ပြီး ပြည်သူ သန်း ၁၉၀ ကျော် မဲပေးကြမှာပါ။ ရွေးကောက်ပွဲ စည်းရုံးရေးတွေမှာတော့ စီးပွားရေး အပေါ်မှာ အဓိကထားခဲ့ကြပေမယ့် ကမ္ဘာ့အကြီးဆုံး မူဆလင် အများစုနေထိုင်ရာ နိုင်ငံမှာတော့ အစ္စလာမ်ဘာသာရေးပေါ် မူတည်လှုပ်ရှားတဲ့ နိုင်ငံရေးကလည်း အရင်ကနဲ့ မတူ ပိုပြီး ကြီးထွားလာပါတယ်။ အင်ဒိုနီးရှား အထွေထွေ ရွေးကောက်ပွဲ အကြိုသုံးသပ်ချက်တွေကို မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ သမ္မတရွေးကောက်ပွဲ အမျိုးသား အဆင့်နဲ့ ဒေသဆိုင်ရာ အဆင့် လွှတ်တော် ရွေးကောက်ပွဲတွေမှာ မဲပေးမယ့်သူက ၁၉၂ သန်းကျော်ရှိပြီး ကိုယ်စားလှယ်ပေါင်း ၂ သိန်း ၄ သောင်းခွဲ ပါဝင်ယှဉ်ပြိုင်နေကြတဲ့ ဒီရွေးကောက်ပွဲက ကမ္ဘာ့အကြီးဆုံး တရက်တည်း အပြီးကျင်းပတဲ့ ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၄ ရွေးကောက်ပွဲတုန်းကလိုဘဲ သမ္မတ Joko Widodo က အငြိမ်းစား ဗိုလ်ချုပ်ကြီး Prabowo Subianto နဲ့ အခု ယှဉ်ပြိုင်နေရပါတယ်။

စစ်တပ်နောက်ခံရှိတဲ့ နောက်အယူစွဲ ပြင်းထန်တဲ့ အစ္စလာမ္မစ် အဖွဲ့အစည်းတွေနဲ့လည်း ခိုင်မာတဲ့ ပတ်သက်ဆက်နွှယ်မှု ရှိတဲ့ ဗိုလ်ချုပ်ကြီးဟောင်း Prabowo က အနောက်ဂျာဗားမှာ လူကြိုက်များပါတယ်။ အနောက်ဂျာဗားမှာ မဲပေးပိုင်ခွင့်ရှိသူ ၃၂ သန်းခွဲရှိပြီး ဒီအရေအတွက်ဟာဆိုရင် မဲဆန္ဒရှင်အားလုံးရဲ့ ၁၇ ရာခိုင်နှုန်း ရှိနေတာပါ။ Prabowo ရဲ့ အယူစွဲ ပြင်းထန်တဲ့ အစ္စလာမ္မစ်တွေကို စုစည်းမှုကြောင့် လာမယ့် အထွေထွေ ရွေးကောက်ပွဲမှာ မဲပေးကြမယ့် မဲဆန္ဒရှင်တွေကြား ယတိပြတ် ဆန့်ကျင် ကွဲလွဲသွားစေပါတယ်။ သဘောထား အလယ်အလတ်ရှိသူတွေနဲ့ သဘောထား တင်းမာသူတွေကြား ပြတ်ပြတ်သားသား စည်းခြားလိုက်တာကြောင့် ဒီကွဲပြားမှုဟာဆိုရင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အပေါ် အထိနာစေရုံတင် မဟုတ်ဘဲ လူနည်းစုတွေရဲ့ လွတ်လပ်ခွင့်အပေါ်မှာပါ ထိခိုက်မယ့် အရေး စိုးရိမ်မှုတွေလည်း ထွက်ပေါ်လာစေပါတယ်။ အင်ဒိုနီးရှား သမ္မတကိုယ်စားလှယ်လောင်း Prabowo Subianto ကတော့ အင်ဒိုနီးရှား Bahasa ဘာသာစကားနဲ့ အခုလို ပြောပါတယ်။

"အစ္စလာမ် ဘာသာက အားလုံးကို အကာအကွယ်ပေးမှာပါ။ ဘယ်သူ့ကိုမှ ဖိနှိပ်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် မူဆလင်တွေ အနိုင်ကျင့်ခံရတာ၊ မောင်းထုတ်ခံရတာ ဒါမှမဟုတ်လည်း ခြိမ်းခြောက်ခံရတာမျိုး မရှိအောင်လည်း စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။

အစ္စလာမ်ကို ကာကွယ်ဖို့က အရေးကြီးဆုံးပါ။ ဘာကြောင့်လည်း ဆိုတော့ မတရားမှုတွေ၊ နောက် ဘာသာရေး အပေါ် ထိပါးစော်ကားမှုတွေကို တွေ့နေရပြီး ဒီလိုကိစ္စတွေက ကျနော့်ကို စိတ်ထိခိုက်စေပါတယ်။ ဒါကြောင့်လည်း ကျနော် ပြောင်းလဲချင်တာပါ။ ကျနော်က သမ္မတကို ပြောင်းပစ်ချင်တာပါ။"

မူဆလင် အသိုင်းအဝိုင်းကို စွဲဆောင်နိုင်ရေး သမ္မတ Widodo ရဲ့ မဟာဗျူဟာကိုတော့ အင်ဒိုနီးရှား နိုင်ငံတဝန်းမှာ ဓလေ့ထုံးတမ်းအရရော လူမှုရေး အရပါ ထဲထဲဝင်ဝင် ပတ်သက်မှု ရှိနေတဲ့ Pensantren လို့ခေါ်တဲ့ အစ္စလာမ္မစ် ဘော်ဒါကျောင်းတွေနဲ့ ခိုင်မာတဲ့ ဆက်နွယ်မှုက ပံ့ပိုးပေးထားတာပါ။

ဗဟိုဂျာဗားက သဘောထား ပျော့ပျောင်းတဲ့ မူဆလင် တဦးဖြစ်သူ သမ္မတ Widodo ကို အစ္စလာမ် ဆန့်ကျင်သူဖြစ်တယ်၊ နောက် တရုတ်နဲ့ သိပ်နီးစပ်သူ၊ ကွန်မြူနစ် စတဲ့ အင်ဒိုနီးရှားမှာ နိုင်ငံရေးအရ အထိနာစေမယ့် အလိမ်အညာတွေနဲ့ စည်းရုံးမှုတွေ၊ မဟုတ်မမှန် ဖန်တီးပြောဆိုမှုတွေ ထွက်ပေါ်လာပြီးနောက်မှာတော့ သူဟာ အစ္စလာမ္မစ် စစ်မှန်ကြောင်းကို ပိုပြီး ပေါ်လွင်အောင် သမ္မတ Widodo ဆောင်ရွက်နေရတာပါ။

ဒါ့အပြင် အစဉ်အလာဟောင်းက ခွဲထွက်သူတွေ၊ သဘောထား မပြင်းထန်းတဲ့ ထောက်ခံသူတွေ စိတ်ပျက်စရာ ဖြစ်ခဲ့တာကတော့ သမ္မတ ဝီဒိုဒိုက အသက် ၇၆ နှစ် အရွယ် အစ္စလာမ် ဘာသာရေး ဆရာ Ma’ruf Amin ကို ဒုသမ္မတလောင်း အဖြစ် ရွေးချယ်ခဲ့တဲ့ အချက်ပါ။

Syarif Hidayatullah State Islamic တက္ကသိုလ်က သုံးသပ်သူ Dadi Darmadi ကတော့ အစ္စလာမ်ဘာသာရေး ဆရာကို ဝီဒိုဒိုက ရွေးချယ်မှု အပေါ် အခုလို သုံးသပ်ပါတယ်။

"ဝီဒိုဒိုက သူနဲ့ တွဲဖက်ယှဉ်ပြိုင်ဖို့ Amin ကို ရွေးချယ်လိုက်တာဟာဆိုရင် ခက်ခဲတဲ့ ဆုံးဖြတ်ချက် တခုလို့ ကျနော်ထင်ပါတယ်။ ဒီရွေးချယ်မှုကြောင့် ဂျိုကိုဝီ အတွက် ထောက်ခံမှု တချို့ ကျဆင်းသွားမယ်လို့ ကျနော်ထင်ပါတယ်။ ဒါပေမယ့် တချိန်တည်းမှာဘဲ Maruf Amin ရဲ့ ဂုဏ်သတင်း ကျော်စောမှုကြောင့် အရင်က သမ္မတကို မထောက်ခံခဲ့သူတွေရဲ့ ထောက်ခံမှုကို ရလာနိုင်ပါတယ်။"

ရွေးကောက်ပွဲမှာ ဘာသာရေးကို နိုင်ငံရေး အဖြစ် အသုံးပြုမှုက ဖြစ်ရိုးဖြစ်စဉ် ကိစ္စ တခုဖြစ်ပေမယ့် မဲဆန္ဒရှင်တွေ အတွက် ဘာသာရေး တခုတည်းကိုသာ ရွေးချယ်စရာ စံနှုန်း တခုဖြစ်လာခဲ့ရင်တော့ သိပ်ကို အန္တရာယ်ကြီးတယ်လို့လည်း သုံးသပ်သူ DADI DARMADI က ပြောပါတယ်။ တကယ်လို့ မမျှော်လင့်ဘဲ လက်ရှိ သမ္မတ ဝီဒိုဒိုရဲ့ ပြိုင်ဘက်တွေက အနိုင်ရသွားမယ်ဆိုရင်တော့ အင်ဒိုနီးရှား ဈေးကွက် ကျဆင်းသွားနိုင်တယ်လို့လည်း သုံးသပ်သူ တချို့က ပြောပါတယ်။

အကြိတ်အနယ်ဖြစ်နေတဲ့ ရွေးကောက်ပွဲမှာ ဝီဒိုဒို ပြန်ပြီး အနိုင်ရခဲ့ရင်တောင်မှ စီးပွားရေး အပေါ်မှာ ဖိအားတွေ၊ တင်းမာမှုတွေ ပေါ်ပေါက်လာနိုင်တယ်လို့လည်း သုံးသပ်သူတွေက ပြောပါတယ်။ အင်ဒိုနီးရှား ရွေးကောက်ပွဲတွေကတော့ မနက်ဖြန် ဧပြီလ ၁၇ ရက်နေ့ ဗုဒ္ဓဟူးနေ့မှာ စတင်မှာ ဖြစ်ပါတယ်။ အီလက်ထရောနစ် မှတ်ပုံတင်ရှိသူ အသက် ၁၇ နှစ် ပြည့်ပြီးသူတိုင်း မဲပေးခွင့်ရှိပြီး ငယ်ငယ်ရွယ်ရွယ် အိမ်ထောင်ပြုခဲ့သူတွေလည်း မဲပေးခွင့်ရှိပါတယ်။ မိန်းကလေးတွေ တရားဝင် အိမ်ထောင်ပြုနိုင်တဲ့ အသက်က ၁၆ နှစ် ဖြစ်ပါတယ်။ ဒါပေမယ့် ရဲနဲ့ စစ်တပ် တပ်ဖွဲ့ဝင်တွေကတော့ နိုင်ငံရေး အရ ဘက်မလိုက်ရဆိုတဲ့ ဥပဒေအရ မဲပေးခွင့်မရပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG