မြောက်ပိုင်း အိုင်ယာလန် ငြိမ်းချမ်းရေး IRA ခေါင်းဆောင်Martin McGuinness (၆၆ နှစ်) ကွယ်လွန်

Martin McGuinness နှင့် ဗြိတိန်ဘုရင်မကြီး Elizabeth တို့ ၂၀၁၄ ခုနှစ်အတွင်း တွေ့ဆုံ နှုတ်ဆက်စဉ်။

မြောက်ပိုင်း အိုင်ယာလန် သီးခြား ခွဲထွက်ရေးအတွက် လက်နက်စွဲကိုင် တိုက်ခဲ့တဲ့ IRA ခေါင်းဆောင်ကနေ ငြိမ်းချမ်းရေး သဘောတူချက် ရရှိအောင် လုပ်နိုင်ခဲ့တဲ့ Sinn Féin နိုင်ငံရေးပါတီခေါင်းဆောင် Martin McGuinness အတွက် အောက်မေ့ဘွယ် ဆုတောင်းပွဲတွေကို မြောက်ပိုင်း Ireland နဲ့ Ireland နိုင်ငံတို့မှာ အင်္ဂါနေ့ ညပိုင်းက ပြုလုပ်ခဲ့ကြပါတယ်။

အင်္ဂါနေ့က အသက် ၆၆ နှစ်မှာ ကွယ်လွန်သွားခဲ့တဲ့ မြောက်ပိုင်း အိုင်ယာလန် အုပ်ချုပ်ရေးအဖွဲ့ ဒုတိယ အကြီးအကဲ အတွက် Belfast မြို့ အနောက်ပိုင်းမှာ လုပ်တဲ့ အောက်မေ့ ဆုတောင်းပွဲကို လူပေါင်း ရာနဲ့ချီတက်ရောက်ခဲ့ကြပါတယ်။

Mr. McGuinness ရဲ့ ကျန်ရစ်သူဇနီးဆီကို ဒုတိယမြောက် Elizabeth ဘုရင်မကြီးက သီးသန့် ဝမ်းနည်းစကား ပါးခဲ့တယ်လို့ Buckingham နန်းတော်က ပြောကြားခဲ့ပါတယ်။

မြောက်ပိုင်းအိုင်ယာလန်မှာ ၁၉၆၀ ပြည့်လွန် နှစ်တွေတုန်းက ကက်သလစ် ဘာသာဝင်တွေအပေါ် Protestant ဘာသာဝင် အစိုးရနဲ့ ရဲတွေရဲ့ ကိုင်တွယ်ပုံကို မကျေနပ်ရာက Martin McGuinness ဟာ IRA လက်နက်ကိုင် အဖွဲ့ထဲကို ဝင်ရောက် ခဲ့ပါတယ်။ အသက် ၂၁ နှစ်အရွယ်မှာ အခု Londonderry လို့ တရားဝင်ခေါ်တဲ့ Derry မြို့ရဲ့ IRA ဒုတိယ တပ်မှူးကြီး ဖြစ်လာခဲ့ပါတယ်။ ၁၉၈၄ ခုနှစ်တုန်းက ဝန်ကြီးချုပ် Margaret Thatcher ကိုလုပ်ကြံ သတ်ဖြတ်ဖို့ ကြိုးစားမှု အပါအဝင် IRA အဖွဲ့က ဖောက်ခွဲတိုက်ခိုက်မှု အများအပြားကို လုပ်ခဲ့ပါတယ်။

IRA ခွဲထွက်ရေးလှုပ်ရှားမှုတွေလုပ်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော် အတွင်း လူပေါင်း ၃ ထောင့် ၅ ရာကျော် သေဆုံးခဲ့ပါတယ်။

ခွဲထွက်ရေး လှုပ်ရှားမှုတွေကို လုပ်နေတဲ့ တချိန်ထဲ တဖက်မှာလည်း Martin McGuinness ဟာ ဗြိတိန်အစိုးရ ကိုယ်စားလှယ်တွေနဲ့ လှို့ဝှက် တေ့ွဆုံပြီး အပြစ်အခတ် ရပ်ဆဲရေးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ လုပ်နိုင်ဖို့ ညှိနိုင်းခဲ့ပါတယ်။ ၁၉၉၈ ခုနှစ်မှာတော့ မြောက်ပိုင်းအိုင်ယာလန် အစိုးရအဖွဲ့တွေနဲ့ ဗြိတိန်အစိုးရကြားမှာ Good Friday Agreement လို့ သိကြတဲ့ ငြိမ်းချမ်းရေး သဘောတူညီမှုကို လက်မှတ် ထိုးခဲ့ကြပြီး နှစ်ပေါင်း ၃၀ ကြာ မြောက်ပိုင်းအိုင်ယာလန် ခွဲထွက်ရေး ပဋိပက္ခတွေကို အဆုံးသပ်နိုင်ခဲ့ပါတယ်။

ငြိမ်းချမ်းရေး သဘောတူချက်အရ ၂၀၀၇ ခုနှစ်မှာ Sinn Fein ပါတီနဲ့ Democratic Unionists ပါတီတို့ အာဏာခွဲဝေ အုပ်ချုပ်စဉ်ထဲက သူဟာ မြောက်ပိုင်းအိုင်ယာလန် အစိုးရအဖွဲ့ရဲ့ ဒုတိယမြောက် အကြီးအကဲ ဖြစ်လာခဲ့ပါတယ်။

ဗြိတိန်ဘုရင်မကြီးနဲ့ လက်စွဲနှုတ်ဆက်ခဲ့သူ၊ တချိန်က IRA ခေါင်းဆောင်ဟောင်း Martin McGuinness က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အမျိုးသား ပြန်လည် သင့်မြတ်ရေးဟာ အရေးကြီးတဲ့အဆင့် ဖြစ်တယ်လို့ သူအမြဲယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

Your browser doesn’t support HTML5

မြောက်ပိုင်း အိုင်ယာလန် ငြိမ်းချမ်းရေး IRA ခေါင်းဆောင်Martin McGuinness (၆၆ နှစ်) ကွယ်လွန်