မြန်မာပြည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ လက်နက်ကိုင် အားလုံး ပါဝင်နိုင်ရေး အမေရိကန် ဥပဒေကြောင်းအရ ကူညီထောက်ပံ့ပေးနိုင်ဖို့ လုပ်ဆောင်ပေးနိုင် ခဲ့တယ်လို့ အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျု့ အထူးအကြံပေး တဦးကပြောပါတယ်။
ပဋိပက္ခနဲ့ အစွန်းရောက် အကြမ်းဖက်မှု တွေကို ဖြေရှင်းနိုင်ဖို့ အတွက်လည်း ပြည်သူလူထုရဲ့ ပါဝင်မှု၊ အရည်အချင်းတွေက အရေးကြီးကြောင်း ပြောဆို ဆွေးနွေးခဲ့ကြပါတယ်။ ကိုယ်တိုင်သွားရောက်သတင်း ရယူထားတဲ့ ကိုငြိမ်းချမ်းက တင်ပြမှာပါ။
နိုင်ငံရေး မတည်ငြိမ်မှုတွေ၊ အကျင့်ပျက်ချစားမှု တွေ နဲ့ အစွန်းရောက် အကြမ်းဖက်မှုတွေဟာ ထိခိုက်လွယ်တဲ့ တိုင်းပြည်တွေမှာ အဖြစ်များပါတယ်။ အဲဒီလို တိုင်းပြည်တွေမှာ ပြည်သူတွေကို ဖြည့်ဆည်းပေးဖို့ အစိုးရတွေဟာ အရည်အချင်း မရှိတတ်သလို တရားဝင်မှုလည်း မရှိကြပါဘူး။
ထိခိုက်လွယ်တဲ့ တိုင်းပြည်များ၊ ဆာဟာရ ချက်ရေအိုင် မှ ဗမာပြည် Fragile States: From the Sahel to lake chad to Burma ဆိုတဲ့ ခေါင်းစဉ် နဲ့ အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျု့ မှာ ဆွေးနွေးပွဲတစ်ခု ကျင်းပခဲ့ပါတယ်။ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး အတွက် နှစ်ဘက်ဆွေးနွေးပွဲတွေ၊ ညှိနှိုင်းမှု အရည်အသွေးတွေ အတွက် အလုပ်ရုံဆွေးနွေးပွဲတွေ အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျု့က ကူညီကျင်းပခဲ့ပါတယ်။
လက်နက်ကိုင် အဖွဲ့တွေ အားလုံး ပါဝင်နိုင်ရေးကို ဦးတည်ပြီးတော့ အမေရိကန် ပြည်ထောင်စု အနေနဲ့ လွှတ်တော်က ဥပဒေကြောင်းအရ လက်နက်ကိုင်အဖွဲ့တွေနဲ့ အတူလုပ်ဆောင်ဖို့ ပိတ်ပင်ထားတာကို ပြုပြင်ပြောင်းလဲပြီး ဥပဒေကြောင်းအရ ကူညီထောက်ပံ့ပေးနိုင်ဖို့ လုပ်ဆောင်နိုင်ခဲ့တယ်လို့ အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျု့ အထူးအကြံပေး Beth Cole က အခုလို ပြောပါတယ်။
“ တိတိကျကျ ပြောရရင် ကျမတို့ အပြောင်းအလဲ တစ်ခုကို မြင်ခဲ့ကြရတာပါ။ လက်နက်ကိုင် အားလုံး မပါဝင်ခဲ့တဲ့ ကျမတို့ အတိတ်က အတွေ့အကြုံ တွေကို သင်ခန်းစာ ယူခဲ့တာပါ။ ကျန်ခဲ့တဲ့ အဲဒီ နေရာဒေသမှာ တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းမှု မရတာကို တွေ့မှာပါ။ အမေရိကန် အစိုးရကလည်း လက်နက်ကိုင်တွေ မပါရင် ငြိမ်းချမ်းရေး လုပ်ငန်းဟာ အလုပ်ဖြစ်မှာ မဟုတ်ဘူး ဆိုတာ သဘောပေါက် လာခဲ့ပါတယ်။ ”
Fullbright ပညာသင်ဆု နဲ့ အမေရိကန် ပြည်ထောင်စု Brandeis ဘရန်ဒိုက် တက္ကသိုလ်မှာ ပဋိပက္ခဖြေရှင်းရေး မဟာဘွဲ့အတွက် လေ့လာနေတဲ့ မချယ်ရီနိုင်က ဆွေးနွေးပွဲက အဓိက အချက်ဖြစ်တဲ့ ပဋိပက္ခ ဖြေရှင်းရေးမှာ ပြည်သူလူထုက အရေးကြီးကြောင်း အခုလို ပြောပါတယ်။
“ အဓိကအားဖြင့် ဒီ စပီကာတွေ အများစု ပြောသွားတဲ့ အထဲမှာ အရပ်ဖက် လူမှုအဖွဲ့အစည်းရယ် လူငယ်တွေရယ် အမျိုးသမီးတွေရယ် ပေါ့နော်။ လူထုရဲ့အင်အား၊ လူထုမှာ လိုအပ်နေတဲ့ အတတ်ပညာတွေ ၊ အသိပညာတွေ မြှင့်တင်ပေးဖို့ရယ် ခုနလိုမျိုး ပဋိပက္ခကို ကာကွယ်နိုင်ဖို့ အတွက်ပေါ့နော် သူတို့မှာ လိုအပ်နေတဲ့ Skills တွေ Capacity တွေ အဲဒါတွေကို ပိုပြီးတော့ မြှင့်တင်ပေးဖို့ ဆိုတဲ့ ဟာမျိုး သူတို့ Stress လုပ်ပြီးပြောသွားတာမျိုး တွေ့ရတယ်ပေါ့နော်။
ဒါပေမဲ့ တဖက်တည်း လူထု တခုတည်းကိုပဲ အာရုံထားလို့ မရဘူးပေါ။့ Conflict ဆိုတဲ့ ဟာမျိုးကလည်း သူ့ရဲ့ ဧရိယာမှာ ဖြစ်နေပေမဲ့လဲ Regional အဆင့်နဲ့ နိုင်ငံတကာ အဆင့်မှာပါ ချိတ်ဆက် မှုတွေက ရှိနေတဲ့ အခါကြတော့ ပေါ်လစီအရနဲ့ကော ကျမတို့ နိုင်ငံတကာ အဆင့်မှာပါ အများကြီး Advocate လုပ်ရမှာတွေရှိတယ်ပေါ့နော်။
ဒါပေမဲ့ သူတို့ ပြောသွားတဲ့အထဲမှာကတော့ အဓိက ကျမနားလည် လိုက်တာကတော့ အဓိက လူထုအတွက်ပိုပြီး Invest လုပ်ဖို့ပေါ့၊ အဲဒီလိုလုပ်တဲ့အခါမှာလဲ ကဏ္ဍတခုထဲကို မဟုတ်ပဲနဲ့ ဟိုနိုင်ငံရေး လူမှုရေး စီးပွားရေးပေါ့ ကဏ္ဍ (၃) ရပ်လုံးပါဝင်တဲ့ စီမံကိန်းမျိုး လုပ်ဆောင်ချက်မျိုးကိုလုပ်ဖို့အတွက် သူတို့ရဲ့ အတွေ့အကြုံကနေ ပြောသွားတာကို တွေ့ရတယ်ပေါ့။
ငြိမ်းချမ်းရေး အတွက် ရံပုံငွေ (the Fund for Peace) အဖွဲ့ က နှစ်စဉ် ထုတ်ဝေတဲ့ ထိခိုက်လွယ်တဲ့ တိုင်းပြည်များ အစီရင်ခံစာ အရ ၂၀၁၇ ခုနှစ်အတွက်မြန်မာနိုင်ငံရဲ့ ရမှတ်က ၉၅.၇ ဖြစ်ပြီး ၂၀၁၆ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် အနည်းငယ် ကျဆင်းသွားတာ ဖြစ်ပြီး သတိထားရမယ့် အခြေအနေမှာ ရှိဆဲဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်ကစပြီး ၁၀ နှစ်အတွင်း ရမှတ်တွေ နဲ့ နှိုင်းကြည့်လိုက်ရင်တော့ တိုးတက်လာတာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5
Your browser doesn’t support HTML5