ဗြိတိန်နဲ့ ပြင်သစ်ထိပ်သီးဆွေးနွေး 

ဗြိတိန်ဝန်ကြီးချုပ် Rishi Sunak (အလယ်) နှင့် ပြင်သစ်သမ္မတ Emmanuel Macron တို့ ပါရီမြို့ Elysee (အလီဇေ) သမ္မတအိမ်တော်တွင် မတ်လ ၁၀ ရက်၊ သောကြာနေ့က တွေ့ဆုံစဉ်

ပြင်သစ်နိုင်ငံပါရီမြို့တော်မှာရောက်နေတဲ့ ဗြိတိန်ဝန်ကြီးချုပ် Rishi Sunak နဲ့ ပြင်သစ်သမ္မတ Emmanuel Macron တို့ ကုန်သွယ်ရေး၊ တရားမဝင် နိုင်ငံကူးသူတွေအရေးနဲ့ ယူကရိန်းစစ်ပွဲ အရေးကိစ္စတွေကို ဒီနေ့ ဆွေးနွေးခဲ့ကြပါတယ်။ EU ဥရောပသမဂ္ဂထဲကနေ ဗြိတိန်နိုင်ငံ နုတ်ထွက်ခဲ့ပြီးနောက် ဆက်ဆံရေး မပြေမလည်ဖြစ်ခဲ့တာတွေကို ကျော်လွှားနိုင်ဖို့ ၂ နိုင်ငံထိပ်သီးဆွေးနွေးပွဲ ပြုလုပ်တာဖြစ်ပါတယ်။
ထိပ်သီးစည်းဝေးပွဲအတွင်း ၂ နိုင်ငံ စီးပွားရေးခေါင်းဆောင်တွေရဲ့ ဆွေးနွေးပွဲလည်းပါဝင်ပါတယ်။ ပြင်သစ်နဲ့ ဗြိတိန်ကြား ဆက်ဆံရေးတိုးတက်ခိုင်မာဖို့မှာ ၂ နိုင်ငံ စီးပွားရေး တိုးတက်အောင်လုပ်သွားဖို့ကလည်း အဓိကဖြစ်တယ်လို့ ဝန်ကြီးချုပ် Sunak က Twitter ပေါ်မှာ ရေးသားခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်ထဲကဆိုရင် ပထမဆုံးဖြစ်တဲ့ ၂ နိုင်ငံထိပ်သီးစည်းဝေးပွဲကနေ ဆက်ဆံရေးစာမျက်နှာသစ်ဖွင့်လိုက်ပြီလို့ Elysee (အလီဇေ) သမ္မတအိမ်တော်က ပြောပါတယ်။ အင်္ဂလိပ်ရေလက်ကြားကို ဖြတ်ပြီး တရားမဝင်နိုင်ငံပြောင်းလာသူတွေ ဝင်ရောက်နေတဲ့ ကိစ္စကလည်း ပြင်သစ်နဲ့ ဗြိတိန် နိုင်ငံအတွက် အလေးထားကိုင်တွယ်ရမယ့် ကိစ္စဖြစ်နေပါတယ်။
EU ထဲကနေ ဗြိတိန်နုတ်ထွက်တဲ့ လုပ်ငန်းစဉ်တွေအတွင်း EU အဖွဲ့ဝင်နိုင်ငံတွေနဲ့ ဗြိတိန်ကြား အတော်လေး မပြေမလည်ဖြစ်ခဲ့ပေမယ့် ယူကရိန်းစစ်ပွဲ ဖြစ်လာခဲ့ပြီးနောက်မှာ ဆက်ဆံရေး ပြန်လည်နွေးထွေးလာခဲ့တာဖြစ်ပါတယ်။

Your browser doesn’t support HTML5

ဗြိတိန်နဲ့ ပြင်သစ်ထိပ်သီးဆွေးနွေး