ချင်းပြည်နယ်အပါအဝင် စစ်ကိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ဒေသတချို့မှာ စစ်ကောင်စီဘက်က စက်သုံးဆီခွဲတမ်း ချမပေးတော့ဘူးဆိုတဲ့သတင်းတွေ ထွက်ပေါ်လာပြီး စိုးရိမ်စိတ်တွေနဲ့ဝယ်ယူစုဆောင်းသူတွေ များပြားလာတဲ့အတွက် စက်သုံးဆီဈေးတွေလည်း မြင့်တက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စက်သုံးဆီကြီးကြပ်ရေး ကော်မတီကတော့ သူတို့အနေနဲ့ မြို့နယ်အလိုက် ခွဲတမ်းပေးတဲ့စနစ်ဆိုတာ မရှိဘဲ စက်သုံးဆီအသင်းတွေကပဲ ဆီဆိုင်တွေအလိုက် လိုအပ်တဲ့ခွဲတမ်းအတိုင်း ပေးနေတယ်လို့ တုန့်ပြန်ထားပါတယ်။ နယ်မြို့တချို့မှာ ဖြစ်ပေါ်နေတဲ့ စက်သုံးဆီအခြေအနေ ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။
ချင်းပြည်နယ်အပါအဝင် စစ်ကိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ်တချို့ကို စက်သုံးဆီခွဲတမ်း မပေးတော့ဘူးဆိုတဲ့ သတင်းတွေ ဒီရက်ပိုင်းထဲ ထွက်ပေါ်လာတဲ့နောက် ဒေသတွင်း စက်သုံးဆီ အလုအယက်ဝယ်ယူ စုဆောင်းတာနဲ့ ဈေးနှုန်းတက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ချင်းပြည်နယ်မှာရှိတဲ့ မြို့နယ်အားလုံးကို စစ်ကောင်စီဘက်က စက်သုံးဆီခွဲတမ်း ချမပေးတော့တဲ့ သတင်းတွေကြောင့် စိုးရိမ်ပြီး ဝယ်ယူလာကြတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
"လောလောဆယ်တော့ ဈေးကြီးနေတာဗျ။ ဝယ်တော့ ဝယ်လို့ရသေးတယ်။ ဒါပေမဲ့ အဲဒီလိုသာ ဖြတ်ရင်လည်း ပြတ်တော့မှာပေါ့။ အခုကတော့ လူတွေကတော့ ပုံးတွေနဲ့ ဟိုဝယ်ဒီဝယ် အဲဒီလိုမျိုး လုပ်နေကြတာလေ။ ဆီဈေးကတော့ မန္တလေးမှာကျလည်း ဒီမှာကတော့ မကျဘူးဗျ။ ခွဲတမ်းဖြတ်မယ့် သတင်းထွက်ပြီးနောက် ဈေးတက်တယ်ဗျ။"
စက်သုံးဆီခွဲတမ်း ချမပေးတော့ဘူးဆိုပြ ီး ထွက်ပေါ်လာနေတဲ့သတင်းကြောင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာလည်း ဒီရက်ပိုင်းထဲ စက်သုံးဆီဝယ်ယူ စုဆောင်းသူတွေ များလာပါတယ်။ ဆီဆိုင်တချို့မှာ ဆီပြတ်လတ်သလို ဈေးလည်းတက်လာတယ်လို့ ကလေးဒေသခံတဦးက ပြောပါတယ်။
"စက်သုံးဆီကတော့ လွန်ခဲ့တဲ့ ၂ရက်လောက်က လုပြီးဝယ်ကြရင်းနဲ့ ဈေးတက်သွားတာပါ။ လူတွေက သိတဲ့အတိုင်းပဲ၊ သတင်းတခုထွက်လာရင် စိုးရိမ်ကြီးပြီးတော့လေ။ ဆီဈေးက အခု တဂါလံကို ၄၀,၀၀၀ ဗျ။ အရင်ဈေးကတော့ လွန်ခဲ့တဲ့ ၁ပတ်-၂ပတ်လောက်က ၂၈,၀၀၀ အထိ ကျသွားဖူးတာပေါ့။ မိုးရာသီကာလကတော့ ၄၀,၀၀၀ လောက်ပါပဲ။ မြို့ပေါ်ပဲ အလုအယက် ဝယ်ကြတာပါ။ နယ်ဘက်ကတော့ ဒီလိုပါပဲ၊ ထူးပြီးတော့ လှုပ်လှုပ်ခတ်ခတ် မဖြစ်ပါဘူး။ တက်ဈေးဆိုတော့လည်း တက်ဈေးပေါ့။ ကျနော်တို့အတွက်က အဲဒီဈေးက ဆန်းတာမှမဟုတ်တာ။ သူတို့မြို့ပေါ်က လူတွေပဲ လှုပ်လက်ခတ်ပြီး ဝယ်ကြတယ်ထင်ပါတယ်။"
စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီဘက်က ဆီဆိုင်တွေမှာ သတ်မှတ်ထားတဲ့ ရည်ညွှန်းဈေးတွေအတိုင်း ရောင်းချတာ ရှိ မရှိ၊ ဆီအရည်အသွေး မှန် မမှန် ဒီကိစ္စတွေကို အဓိက စစ်ဆေးပေးနေပြီး၊ လက်ရှိလူမှုကွန်ရက်ပေါ်မှာ ပြန့်နေတဲ့ မြို့နယ်အလိုက် ဆီခွဲတမ်းလျှော့တယ်ဆိုတာ မဟုတ်ဘဲ ဆီဆိုင်တွေအလိုက် စက်သုံးဆီအသင်းတွေကပဲ တွက်ချက်ဖြန့်ဖြူးတာလို့ ကော်မတီတာဝန်ခံ တဦးက ဗွီအိုအေကို ပြောပါတယ်။
"ခွဲတမ်းဆိုတဲ့ကိစ္စက အခုနောက်ပိုင်း စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးကြီးကြပ်ရေး ကော်မတီကနေ PO ဆိုတဲ့ purchase order ဆိုတာခွဲပေးတယ်။ အဲဒီခွဲပေးတာက မြန်မာနိုင်ငံ စက်သုံးဆီအသင်းနဲ့ သူတို့နဲ့ခွဲပေးတာဗျ။ ခွဲတမ်းက မြို့နယ်အလိုက် ခွဲပေးတာမဟုတ်ဘူး။ ခွဲတမ်းပေးတယ်ဆိုတာ အဓိကတော့ စက်သုံးဆီ အရောင်းဆိုင်တွေပေါ့၊ အဲဒီဆိုင်တွေအပေါ်မှာ ခွဲတာ။ သူတို့မှာခွဲတဲ့ Real Time စနစ်အပေါ်မှာ အခြေခံခွဲတာတို့ Normality တို့ အဲလိုမျိုးခွဲတာရှိတယ်။ ဒီဟာရဲ့ main policy ကတော့ (စက်သုံးဆီ)အသင်းက အဓိက ကိုင်တွယ်ပြီး လုပ်တာပေါ့နော်။"
စက်သုံးဆီကြီးကြပ်ရေး ကော်မတီကတော့ သူတို့ထုတ်ပြန်ထားတဲ့ ရည်ညွှန်းဈေးကသာ အတည်ဖြစ်ပြီး ဈေးကွက်အရ ဒီဈေးထက်ပိုပြီး ရောင်းချချင်တယ်ဆိုရင် ဆိုင်တွေအနေနဲ့ အကြောင်းရင်းကို ပြန်ပြီးတင်ပြပေးရမယ်လို့ သူကပြောပါတယ်။ ဒီလိုဖြစ်လာရင် ကြီးကြပ်ရေးကော်မတီက စစ်ဆေးပြီး စီမံခန့်ခွဲရေးနည်းလမ်းနဲ့ အရေးယူတာမျိုးတွေ လုပ်ပေးကြောင်း စက်သုံးဆီကြီးကြပ်ရေး ကော်မတီရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံတဦးကပြောပါတယ်။
"ဈေးနှုန်းတွေဘာတွေ အရမ်းများတယ်၊ ဥပမာ တချို့ကလည်း ကြောက်လန့်ပြီး ခွဲတမ်းတွေမပေးတော့ဘူး၊ စသဖြင့် သတင်းတွေပေါ်ပေါက်တယ်။ ဒါ ဥပမာပေါ့။ ဒါမှမဟုတ် စက်သုံးဆီက ပြတ်တော့မှာ အဲလို ကောလာဟလသတင်းတွေ ပေါ်ပေါက်လို့ရှိရင် များသောအားဖြင့်တော့ စုပြုံပြီး ဝယ်လေ့ရှိကြတာပေါ့။ အဲလိုဝယ်တယ်ဆိုရင် စက်သုံးဆီက အချိန်တိုအတွင်းမှာ ပြတ်တောက်သွားတာ ဖြစ်တတ်တယ်။"
မြန်မာကျပ်ငွေ တန်ဖိုးကျတာ၊ နိုင်ငံခြားငွေ ရှားပါးတာတွေကြောင့် ပြည်တွင်းမှာ စက်သုံးဆီပြတ်လပ်တာ ဈေးအဆမတန်တက်လာတာတွေ အခုနှစ်ထဲမှာပဲ သုံးလေးကြိမ်လောက် ဖြစ်ခဲ့တာပါ။ ၂၀၂၀လောက်က တလီတာကို ၂,၀၀၀ ကျပ်ပေးဝယ်ရတဲ့ 95 အောက်တိန်းဓာတ်ဆီဈေးက အခုရန်ကုန်မှာ ၃,၂၀၀ ဝန်းကျင် ရှိလာတာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5