ကက်သလစ်ဂိုဏ်းချုပ် ဆရာတော် George Pell ကို လိင်မှုနဲ့ သြစတြေးလျရဲ တရားစွဲ

ကက်သလစ်ဂိုဏ်းချုပ် ဆရာတော် George Pell

ဗာတီကန် ကက်သလစ် ခရစ်ယာန် ကျောင်းတော်က အဆင့်မြင့် တာဝန်ရှိသူတဦးကို လိင်မှုဆိုင်ရာ ရာဇဝတ်မှု နောက်ကြောင်းနဲ့ သြစတြေးလျ ရဲတပ်ဖွဲ့က တရားစွဲဆိုလိုက်ပါတယ်။

ရဲတပ်ဖွဲ့ကတော့ ကက်သလစ်ဂိုဏ်းချုပ် ဆရာတော် George Pell အပေါ် စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ တိုင်ကြားချက်တွေ အများအပြား လက်ခံရရှိထားကြောင်းသာ ပြောဆိုခဲ့ပြီး၊ အသေးစိတ်ကိုတော့ မပြောပါဘူး။

ကက်သလစ် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး Francis ရဲ့ ဘဏ္ဍာရေးဆိုင်ရာ အကြံပေးအရာရှိချုပ် ဆရာတော် Pell ကိုတော့ သြစတြေးလျနိုင်ငံ Melbourne မြို့က တရားရုံးမှာ ဒီလ ၁၈ ရက်နေ့ လာရောက်ထွက်ဆိုဖို့ ဆင့်ခေါ်ထားပါတယ်။

ဗာတီကန်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲ အတွင်းမှာတော့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ သူ့မှာအပြစ်မရှိကြောင်းနဲ့ သိက္ခာကျအောင် လုပ်ကြံဖန်တီးမှုတွေ အဆက်မပြတ် ကြုံနေရကြောင်း ပြောဆိုခဲ့တာပါ။

ဗာတီကန်ကျောင်းတော် ပြောခွင့်ရပုဂ္ဂိုလ် Greg Burke ကတော့ သြစတြေးလျနိုင်ငံရဲ့ တရားရေးစနစ်ကို လေးစားကြောင်း ပြောဆိုခဲ့သလို၊ ပုပ်ရဟန်းမင်းကြီး Francis အနေနဲ့လည်း ဆရာတော် Pell ကို သွားခွင့်ပြုထားကြောင်း ပြောဆိုခဲ့ပါတယ်။ လိင်မှုဆိုင်ရာ စွပ်စွဲချက်နဲ့ တရားစွဲဆိုခံရတဲ့ ကက်သလစ်ကျောင်းတော်က တာဝန်ရှိသူတွေထဲမှာတော့ ဆရာတော် Pell ဟာ အဆင့်အမြင့်ဆုံး ပုဂ္ဂိုလ်တဦးလည်း ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ကက်သလစ်ဂိုဏ်းချုပ် ဆရာတော် George Pell ကို လိင်မှုနဲ့ သြစတြေးလျရဲ တရားစွဲ