ဂျာမနီနိုင်ငံတွင်းဝင်ရောက်တဲ့ ခိုလှုံခွင့်တောင်းခံသူတွေနဲ့ ပုံမှန်မဟုတ်တဲ့ ရွှေ့ပြောင်းအရေအတွက်တွေကို လျှော့ချနိုင်ဖို့ ဂျာမနီနိုင်ငံကို နယ်စပ်တလျှောက်မှာ စတင် စစ်ဆေး စိစစ်နေပါပြီ။
ဂျာမနီနဲ့နယ်ချင်းစပ်နေတဲ့ နိုင်ငံအတော်များများကတော့ ဒီအစီအစဉ်ကို ဝေဖန်ပြစ်တင်ပါတယ်။ ဒါဟာ ဥရောပသမဂ္ဂနိုင်ငံတွေကြားထားရှိတဲ့ လွတ်လပ်စွာသွားလာခွင့်ဆိုတဲ့ အခြေခံမူကို ထိခိုက်စေတယ်လို့ ဝေဖန်ကြပါတယ်။
အိမ်နီးချင်းတိုင်းပြည်တွေက ဝင်ရောက်လာတဲ့ ရထားနဲ့ ကားတွေပေါ်က ခရီးသည်တွေကို တရားမဝင်လာတဲ့ရွှေ့ပြောင်းသူတွေဟုတ်မဟုတ် ဂျာမနီရဲနဲ့ နယ်ခြားစောင့်တပ်တွေက အခု တနင်္လာနေ့ မနက်ကစလို့ စိစစ်နေပါတယ်။ တရားမဝင် ဝင်ရောက်တယ်လို့ သံသယရှိတဲ့ နေရာတွေက ယာဉ်တွေကို ပစ်မှတ်ထား စိစစ်နေတယ်လို့ ပြင်သစ်နယ်စပ် ဂျာမန်မြို့အနီးမှာ ဂျာမန်ရဲတပ်ဖွဲ့ ပြောခွင့်ရသူက သတင်းထောက်တွေကို ပြောပါတယ်။ အခြေအနေအပေါ်မူတည်ပြီး တင်းကြပ်ဆောင်ရွက်နေတာမို့ မော်တော်ယဉ်တိုင်း၊ လူတိုင်းကို စစ်ဆေးရေးဂိတ်ထားပြီး စိစစ်တာမျိုးမဟုတ်ဘူးလို့တော့ ပြောပါတယ်။
နယ်စပ်မှာ အခုလို စိစစ်မှုတွေကိုတော့ အနည်းဆုံး ၆ လလောက်အထိ လုပ်သွားမယ်လို့ အာဏာပိုင်တွေက ပြောထားပါတယ်။ ဂျာမန်ပြည်ထဲရေးဝန်ကြီးကတော့ အီးယူ ဥရောပအနေနဲ့ ခိုလှုံခွင့်တောင်းခံသူနဲ့ရွှေ့ပြောင်းသူတွေကို တင်းကြပ်မယ့်စည်မျဉ်း ချမှတ်နိုင်တဲ့အထိ ခုလို စိစစ်သွားမှာဖြစ်တယ်လို့ ဆိုနေပါတယ်။
Your browser doesn’t support HTML5