ဂျာမနီ ရွေးကောက်ပွဲအနိုင်ရဟု ဗဟိုလက်ဝဲယိမ်းပါတီ ကြေညာ

ဂျာမနီအထွေထွေရွေးကောက်ပွဲအနိုင်ရ ဗဟိုလက်ဝဲယိမ်း SPD ပါတီခေါင်းဆောင် Olaf Scholz

Zawgyi/Unicode

ဂျာမနီနိုင်ငံမှာ တနင်္ဂနွေနေ့က ကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရပြီလို့ ကြေညာခဲ့တဲ့ ဗဟို လက်ဝဲယိမ်း Social Democrat (SPD) ပါတီခေါင်းဆောင် Olaf Scholz က Greens ပါတီ၊ Free Democrats (FDP) ပါတီတို့ပါဝင်တဲ့ ညွန့်ပေါင်းအစိုးရကို Christmas မတိုင်ခင် ဖွဲ့စည်းနိုင်ဖို့ ညှိုနှိုင်းသဘောတူနိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။

လက်ရှိဝန်ကြီးချုပ် Angela Merkel ရဲ့ Christian Democratic Union (CDU) ပါတီကို အစိုးရထဲမှာ မပါစေချင်တော့ဘူးဆိုတာ ပြည်သူတွေက ရွေးကောက်ပွဲ ရလာဒ်နဲ့ ပြသခဲ့ပြီလို့ သတင်းစာရှင်းပွဲမှာ ပြောကြားသွားပါတယ်။ SPD ပါတီနဲ့ CDU ပါတီတို့ ညွန့်ပေါင်းအစိုးရအနေနဲ့ ဂျာမနီနိုင်ငံကို အုပ်ချုပ်နေတာ နှစ်ပေါင်းကြာပါပြီ။ အခုတော့ အစိုးရသစ်ကို SPD၊ Greens နဲ့ FDP အစိုးရကို ဦးသင့်တယ်ဆိုတဲ့ ဆန္ဒကို ပြည်သူတွေက ဖော်ထုတ်ခဲ့ကြပြီလို့ပြောပါတယ်။ သူ့ဦးဆောင်မယ့် အစိုးရသစ်အနေနဲ့ အမေရိကန်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကိုလည်း ဆက်လက်ထိန်းထားမှာဖြစ်တယ်လို့ ခုလို ပြောကြားခဲ့ပါတယ်။

“အတ္တလန်တိတ်သမုဒ္ဒရာ တဘက်ခြမ်းနိုင်ငံတွေနဲ့ မိတ်ဖက်ဆက်ဆံရေးဟာ ဂျာမနီနိုင်ငံအတွက်အရေးကြီးတဲ့အတွက် ကျနော် ဦးဆောင်တဲ့အစိုးရကလည်း ဒါကို အလေးထားသွားမှာဖြစ်ပါတယ်”...လို့ ဂျာမနီဝန်ကြီးချုပ်သစ်ဖြစ်လာတော့မယ့် Olaf Scholz ကပြောကြားသွားတာဖြစ်ပါတယ်။ ကမ္ဘာကြီးမှာ စိုးရိမ်စရာကိစ္စတွေ ပိုများလာနေတာနဲ့အတူ EU ဥရောပသမဂ္ဂမှာလည်း အားလုံးအတူလက်တွဲဆောင်ရွက်သွားကြဖို့ အရေးကြီးတယ်လို့ သူကပြောပါတယ်။

သူဦးဆောင်တဲ့ Social Democrat ပါတီဟာ ဂျာမနီနိုင်ငံမှာ အကြီးဆုံးပါတီဖြစ်ပါတယ်။ ဒါပေမဲ့ အမတ်နေရာ ၇၃၅ ယောက်ရှိတဲ့ ဂျာမနီလွှတ်တော်မှာ အမတ်နေရာ ၂၀၆ ယောက်သာ အနိုင်ရခဲ့တာကြောင့် အများစုနေရာ မရခဲ့ပါဘူး။ သဘာဝပတ်ဝန်းကျင်အရေး ဦးစားပေးတဲ့ Greens ပါတီက အမတ်နေရာ ၁၁၈ နေရာ၊ Liberal သဘောထားရှိပြီး စီးပွားရေးလုပ်ငန်းတွေကို ဦးစားပေးတဲ့ Free Democrats ပါတီက အမတ်နေရာ ၉၂ နေရာအနိုင်ရခဲ့ကြပါတယ်။ လက်ရှိဂျာမနီဝန်ကြီးချုပ် Angela Merkel ရဲ့ CDU/CSU ပါတီကတော့ အမတ်နေရာ ၁၉၆ ယောက်အနိုင်ရပြီး ဒုတိယအများဆုံးဖြစ်ပါတယ်။

ဝန်ကြီးချုပ်သစ်ဖြစ်လာတော့မယ့် Olaf Scholz ဟာလက်ရှိညွန့်ပေါင်းအစိုးရရဲ့ ဘဏ္ဍာရေးဝန်ကြီးတာဝန်ကို ထမ်းဆောင်နေသူဖြစ်ပြီး ဝန်ကြီးချုပ် Merkel ပြီးရင် ဒုတိယရာထူးအကြီးဆုံးဖြစ်ပါတယ်။

Your browser doesn’t support HTML5

ဂျာမနီ ရွေးကောက်ပွဲအနိုင်ရဟု ဗဟိုလက်ဝဲယိမ်းပါတီ ကြေညာ


=====

Unicode







#GermanyElection #GermanySocialDemocrat #VOABurmese