ကမ္ဘာအဝှမ်းလူသားချင်းစာနာကူညီမှုလိုအပ်ချက်ကြီးတဲ့အထဲ မြန်မာပါဝင်

ယခင်မှတ်တမ်းရုပ်ပုံ | အာဟာရဒါနလှူဒါန်းတာကို တန်းစီနေကြတဲ့ ရန်ကုန်မြို့ခံများ (သြဂုတ် ၁၇၊ ၂၀၂၂)

ကမ္ဘာတဝှမ်းလူသားချင်းစာနာကူညီမှုလိုအပ်ချက် ဒေါ်လာ ၅၄.၈ ဘီလီယံအတွက် အခု ၂၀၂၃ နှစ်ဝက်မှာ ၂၀ ရာခိုင်နှုန်းထိပဲ ရထားပြီးလိုအပ်ချက်တွေကြီးနေတယ်လို့ OCHA လူသားချင်း စာနာကူညီမှုဆိုင်ရာ ကုလညှိုနှိုင်းရေးမှုးက သတိပေးထုတ်ပြန်ထားပါတယ်။ လူသားချင်းစာနာမှုအကူအညီ လိုအပ်ချက်တွေ ကြီးနေတဲ့အထဲမှာ မြန်မာနိုင်ငံလည်းပါဝင်တယ်လို့ ပြောပါတယ်။

အကူအညီအထောက်အပံ့မလုံလောက်ပဲ အကြပ်အတည်းကြုံနေရတဲ့အထဲမှာ မြန်မာ၊ ဘူကီနို ဖာဆို၊ ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဗင်နယ်ဇွဲလား၊ ဆိုမားလီယားနဲ့ အာဖဂနစ္စတန်တို့ ပါဝင်ကြတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရုံး လက်ထောက်ပြောခွင့်ရသူ Faran Haq က ကုလနေ့စဉ်သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။
ပြီးခဲ့တဲ့နှစ်ကုန်းပိုင်းမှာ တကမ္ဘာလုံး အကူအညီလိုအပ်သူ ၃၄၉ သန်းအထိ စံချိန်တင်ဖြစ်လာပေမယ့်၊ အခုလဆိုရင် အကူအညီလိုအပ်သူ စုစုပေါင်း ၃၆၂ သန်းအထိ တိုးလာတယ်လို့ဆိုပါတယ်။ ဒါဟာ ကမ္ဘာကြီးမှာ လူ ၂၂ ဦးမှာ တဦးက အကူအညီလိုအပ်နေတယ်ဆိုတာ ပြနေတာလို့ ကုလ ပြောခွင့်ရသူက ဆိုပါတယ်။
အကူအညီလိုအပ်မှုတိုးလာပေမယ့်လည်း ရရှိထားတဲ့ ရံပုံငွေကြေးနဲ့ဆိုရင် လိုအပ်ချက်က အတော်ကြီး ကွာနေတယ်လို့ ပြောပါတယ်။ ဒီလို လိုအပ်ချက်ကြောင့် သန်းနဲ့ချီတဲ့ကမ္ဘာပြည်သူတွေအပေါ် သက်ရောက်မှုရှိမှာဖြစ်လို့ လူသားချင်းစာနာမှုအကူအညီတွေအတွက် ရက်ရက်ရောရော ထည့်ဝင်ကြဖို့ ကုလသမဂ္ဂက တိုက်တွန်းနေတာပါ။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့လတုန်းက ပြင်းထန်တဲ့ မိုချာဆိုက်ကလုံးမုန်တိုင်းကြောင့် ပဋိပက္ခတွေရှိနေတဲ့ ရခိုင်မြောက်ပိုင်း၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းအတွင်း အတော်လေးထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။ ဒါ့အပြင် ဒေသတွင်း လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာရသူအရေအတွက်တိုးလာနေပြီး ဒီ ဒုက္ခသည်တွေကို ကူညီထောက်ပံ့မှုလည်း အားနည်းနေပါတယ်။

Your browser doesn’t support HTML5

ကမ္ဘာအဝှမ်းလူသားချင်းစာနာကူညီမှုလိုအပ်ချက်ကြီးတဲ့အထဲ မြန်မာပါဝင်