ဂရိနိုင်ငံကမ်းလွန် မြေထဲပင်လယ်ထဲမှာ ဗုဒ္ဓဟူးနေ့က တိမ်းမှောက်ခဲ့တဲ့ စက်လှေပေါ် ပါသွားသူတွေထဲက အသက်ရှင်သူတွေ နောက်ထပ် ရှာတွေ့နိုင်ဖို့ အခြေအနေ နည်းသွားပြီလို့ ကူညီကယ်ဆယ်ရေးလုပ်သူတွေက ပြောပါတယ်။ ဂရိနိုင်ငံတောင်ပိုင်း Pylos ဆိပ်ကမ်းမြို့ကမ်းလွန်မှာ ၇၈ ယောက်ထက်မနည်း သေဆုံးခဲ့တဲ့ စက်လှေမှောက်မှုဖြစ်ပြီး ၂ ရက်ကြာတဲ့အထိ ရေကြောင်းရော လေကြောင်းကနေပါ ဆက်လက်ရှာဖွေနေကြပါတယ်။ ဥရောပမှာ ရွှေ့ပြောင်းအခြေချဖို့ ငါးဖမ်းစက်လှေနဲ့ တရားမဝင်လာဖို့ ကြိုးစားစဉ် စက်လှေမှောက်ခဲ့တာပါ။
အခုအချိန်အထိ ၁၀၄ ယောက်ကို အသက်ရှင် ကယ်ဆယ်နိုင်ခဲ့ပါတယ်။ အသက်ရှင်ကယ်ဆယ်နိုင်သူအများစုက ဆီးရီးယား၊ အီဂျစ်နဲ့ ပါကစ္စတန်တို့က ဖြစ်ကြပါတယ်။ မာလိန်မှုးအပါအဝင် လူကုန်ကူး သံသယရှိသူ အီဂျစ်နိုင်ငံသား ၉ ဦးကိုလည်း ဂရိရဲတပ်ဖွဲ့က ကြာသပတေးနေ့က ဖမ်းဆီးခဲ့ပါတယ်။ စက်လှေပေါ်မှာ ဘယ်နှစ်ဦး ပါလာလဲဆိုတာ အတိအကျ မသိရပေမဲ့ လူတွေပြည့်သိပ်နေတဲ့ သင်္ဘောတစီးကို ဂရိကျွန်းနားမှာ အင်္ဂါနေ့က တွေ့လိုက်သူတချို့ရှိပါတယ်။
အသက်ရှင်ကျန်ခဲ့သူတစ်ဦးကတော့ လှေပေါ်မှာ ကလေးငယ် ၁၀၀ လောက်ကို တွေ့ခဲ့ရတယ်လို့ Kalamata ဆိပ်ကမ်းမြို့ ဆေးရုံက ဆရာဝန်တွေကို ပြောပြခဲ့ပါတယ်။ ဒီ ယူကြုံးမရဖွယ်ဖြစ်ရပ်အတွက် ဂရိအစိုးရကလည်း အောက်မေ့ဖွယ်နေ့ ၃ ရက် သတ်မှတ်လိုက်ပြီး စုံစမ်းစစ်ဆေးဖို့တာဝန်ပေးလိုက်ချိန်မှာ၊ နိုင်ငံရေးပါတီတွေကလည်း ဇွန်လ ၂၅ ရက်ကျင်းပမယ့် ရွေးကောက်ပွဲတွေအတွက် မဲဆွယ်နေမှုကို ဆိုင်းငံ့ ထားလိုက်ကြပါတယ်။
ဂရိရဲ့ အဆိုးဝါးဆုံး ပင်လယ်ထဲ စက်လှေတိမ်းမှောက်မှုဖြစ်နိုင်တယ်လို့ပြောခဲ့တဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR ပြောခွင့်ရ Stella Nanou က၊ နောက်ထပ်ရှင်နေသေးသူတွေ ရှာတွေ့ဖို့နည်းလာပေမဲ့ ဆက်ကြိုးစားရှာဖွေရဦးမယ်လို့ AFP သတင်းဌာနကို ပြောခဲ့ပါတယ်။
Your browser doesn’t support HTML5