ဟာဝိုင်ယီဒေသခံတွေဟာ စနေနေ့က ပဲ့ထိမ်းတပ် ဒုံးကျည်အန္တရာယ် အရေးပေါ်သတိပေးချက် ရရှိခဲ့ပြီး မကြာခင်မှာပဲ မှားပြီး သတိပေးတယ်ဆိုတာကို သိရတာမို့ ဟာဝိုင်ယီပြည်နယ်ရဲ့ အရေးပေါ် သတိပေးချက်စံနစ်အပေါ် ဝေဖန်မှုတွေ တိုးလာစေပါတယ်။
ဟာဝိုင်ယီပြည်နယ် အုပ်ချုပ်ရေးမှုး David Ige ကတော့ စနေနေ့က ထုတ်ပြန်ခဲ့တဲ့ သတိပေးချက်ဟာ လူ့အမှား ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ တာဝန်ချိန် အလွှဲအပြောင်းမှာ နောက်တာဝန်ကျသူက ခလုတ်မှားနှိပ်မိတာ ဖြစ်ကြောင်း Ige က CNN ရုပ်သံဌာနကို ပြောပါတယ်။
သတိပေးချက်ဟာ ဟာဝိုင်ယီမှာ ရုပ်သံတွေကရော ရေဒီယိုနဲ့ လက်ကိုင်ဖုံးတွေကိုပါ ရောက်သွားတာ ဖြစ်ကြောင်းနဲ့ နောက် ဒီလို ၏အမှားမျိုး ထပ်မဖြစ်အောင် ဘယ်လိုလုပ်သင့်တယ် ဆိုတာကို ကာကွယ်ရေးဌာနနဲ့ ပြည်နယ် အရေးပေါ် စီမံခန့်ခွဲရေးဌာနက တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဆွေးနွေး နေကြောင်းလည်း ပြောပါတယ်။
ဟာဝိုင်ယီ ဒေသစံတော်ချိန် မနက် ၈ နာရီထိုးပြီးချိန်မှာပဲ ဒေသခံတွေဟာ သူတို့ရဲ့ လက်ကိုင်ဖုံးတွေကနေ - “ပဲ့ထိမ်းတပ် ဒုံးကျည်အန္တရာယ် ရှိနေကြောင်း၊ ချက်ချင်းလုံခြုံမှု ရှိတဲ့နေရာမှာ ခိုလှုံဖို့နဲ့ ဒါဟာ လေ့ကျင့်နေတာ မဟုတ်ကြောင်း” အရေးပေါ်သတိပေးချက်တွေ ရရှိတာကို လူမှုကွန်ယက် စာမျက်နှာတွေပေါ်မှာ ပုံရိုက်ပြီး တင်ခဲ့ကြတာပါ။
ဒါပေမယ့် နောက်မိနစ် ၂၀ လောက်မှာတော့ ဟာဝိုင်ယီ အရေးပေါ် စီမံခန့်ခွဲရေးအေဂျင်စီက တွစ်တာကနေ ဟာဝိုင်ယီအတွက် ဒုံးကျည် အန္တရာယ် ခြိမ်းခြောက်မှု တစုံတရာ မရှိကြောင်း ပြောကြားခဲ့သလို အီးမေးလ်ပို့ပြီးလည်း အမှား ပြင်ပေးခဲ့ပါတယ်။ ဒါပေမယ့် ၃၈ မိနစ်ကြာပြီး နောက်မှပဲ ဒီသတိပေးချက်ဟာ မှားယွင်းကြောင်း လက်ကိုင်ဖုံးတွေကို ပို့ပေးခဲ့တာမို့ အရာရှိတချို့နဲ့ လူထုက စိတ်ပျက်သွားကြတာ ဖြစ်ပါတယ်။
သမ္မတအိမ်ဖြူ လက်ထောက်ပြောခွင့်ရ Lindsay Walters က ကြေညာချက်ထုတ်ပြန်ပြီး ဟာဝိုင်ယီပြည်နယ်ရဲ့ အရေးပေါ် စီမံခန့်ခွဲမှု ဆိုင်ရာ လေ့ကျင့်မှု နဲ့ပတ်သက်ပြီး သမ္မတကို အကြမ်းဖျဉ်း တင်ပြခဲ့ကြောင်းနဲ့ ဒါဟာ ပြည်နယ်လေ့ကျင့်မှု သက်သက်ပဲ ဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။
အခုလို မှားယွင်း သတိပေးချက် ထုတ်ပြန်ခဲ့မှုအတွက် သူ့ဌာနကနေ သေသေချာချာ စုံစမ်း စစ်ဆေးမှာ ဖြစ်ကြောင်း FCC အမေရိကန် ပြည်ထောင်စု ဆက်သွယ်ရေး ကော်မရှင် အကြီးအကဲ Ajit Pai က တနင်္ဂနွေနေ့မှာ တွစ်တာကနေ ပြောကြားလိုက်ပါတယ်။
အမေရိကန်ရေတပ် ပစိဖိတ်ဒေသကွပ်ကဲမှု စစ်ဌာနချုပ်ကလည်း ဒီသတိပေးချက်ဟာ မှားပြီးပို့မိတာ ဖြစ်ကြောင်း အတည်ပြုပါတယ်။
မြောက်ကိုရီးယား ဘက်က နျူကလီယားခြိမ်းခြောက်မှု အန္တရာယ် တိုးလာချိန်မှာ စစ်အေးခေတ်ကာလ သတိပေး ဥသြ အချက်ပေးတာကို မကြာခင် သီတင်းပတ်တွေကမှ ဟာဝိုင်ယီပြည်နယ်မှာ ပြန်လည် တပ်ဆင်ခဲ့တာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5