သင်္ကြန်တွင်း ကျန်းမာရေး အကြံပြုချက်

  • ဝင်းမင်း

Your browser doesn’t support HTML5

သင်္ကြန်တွင်း ကျန်းမာရေး အကြံပြုချက်

မနှစ်က သင်္ကြန်ကာလမှာ ဆေးရုံအရေးပေါ်ရောက်ခဲ့တဲ့ လူနာတွေထဲမှာ ထိခိုက်ဒဏ်ရာသူအများဆုံးဖြစ်ပြီး၊ ယာဉ်မတော်တဆမူက အများဆုံးဖြစ်ပြီး၊ ကျူးလွန်သူအများစုမှာ အရက်နဲ့မူးယစ်ဆေး သောက်သုံးထားသူတွေ ဖြစ်တယ်လို့ အရေးပေါ်ဌာနမှ တာဝန်ရှိသူများက ပြောဆိုပါတယ်။

ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနကို မနှစ်သင်္ကြန်တွင်းမှာ ရောက်ရှိလာခဲ့တဲ့ ထိခိုက်ဒဏ်ရာရသူ (၉၀၀) နီးပါးထဲမှာ၊ ယာဉ်တိုက်မူကြောင့် ဖြစ်ရတာက သုံးပုံနှစ်ပုံ အထိရှိပြီး၊ ရန်ဖြစ်ပြီး ဒဏ်ရာရရှိသူ သုံးပုံတစ်ပုံခန့် ရှိခဲ့ပါတယ်။ ဒီယာဉ်တိုက်မူူနဲ့ ရန်ဖြစ်တာအပါအဝင်၊ သင်္ကြန်တွင်းဖြစ်လေ့ရှိတဲ့ အခြားပြဿနာတွေနဲ့ ရန်ကုန်ဆေးရုံ အရေးပေါ်ဌာနကို ရောက်လာခဲ့သူတွေရဲ့ (၈၀)% ခန့်ကလည်း အရက်နဲ့မူးယစ်သေစာ သောက်သုံးထားသူတွေလို့ စမ်းသပ်တွေ့ရှိခဲ့ပြီး၊ စုစုပေါင်း သေဆုံးရသူ အရေအတွက်မှာ (၁၀) ဦး ရှိခဲ့ပါတယ်။ ဒါကြောင့် အခုလို သင်္ကြန်တွင်း ထိခိုက်အသက်အန္တရာယ်ဖြစ်နိုင်ချေကိုှ လျှော့ချနိုင်ဖို့၊ အရက်နဲ့မူးယစ်ဆေးတွေ မသောက်မစားတဲ့အပြင်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနဲ့ သင်္ကြန်မဏ္ဍပ်နဲ့ သင်္ကြန်ကစားတဲ့နေရာတွေက စည်းကမ်းတွေကိုပါ လိုက်နာဖို့ အထူးအရေးကြီးပါတယ်။

ဒါ့အပြင် ဒီနှစ်ထူးခြားမူအရ သင်္ကြန်အားလပ်ရက်က အရင် (၁၀) ရက်ကနေ (၅) ရက် ပိုတိုသွားချိန်မှာ၊ ရန်ကုန်လို မြို့ကြီးတွေနေ မြို့ပြင် နယ်ဖက် ခရီးဝေးထွက် အနားယူ၊ ပျော်ပါးမယ့်သူတွေ များလာနိုင်တာကြောင့်၊ အဝေးပြေးအမြန်လမ်းတွေမှာ ယာဉ်အန္တရာယ် ပိုများလာမှာကို စိုးရိမ်နေရပါတယ်။ အရင် ပုံမှန်ချိန်မှာတောင် အဝေးပြေးအမြန်လမ်းတွေမှာ ယာဉ်အန္တရာယ် အဖြစ်များခဲ့တာကြောင့်၊ အခုလို သင်္ကြန်မှာ ပျော်ပါးမူးယစ်ပြီး မောင်းလာနိုင်ချိန်အတွက် ပိုစိုးရိမ်စရာ ဖြစ်လာရတာပါ။ ဒါကြောင့် တာဝန်ရှိတဲ့ ရဲနဲ့ အဝေးပြေးလမ်းအုပ်ချုပ်မှုအပိုင်းကလည်း အဝေးပြေးအမြန်လမ်းမှာ လိုအပ်တဲ့ ယာဉ်ကြံခိုင်မူရှိဖို့နဲ့ ကားမောင်းရာမှာ အရက်သေစာ မသောက်ထားဖို့ သတင်းမီဒီယာတွေမှာ သတိပေးကြေညာထားပြီး၊ စမ်းသပ်စစ်ဆေးမူတွေပါ လုပ်ဖို့ရှိနေပါတယ်။ ဒါ့အပြင် ကားမောင်းသူတွေအနေနဲ့လည်း ယာဉ်ကြံခိုင်မူရှိဖို့ ကြိုတင်စစ်ဆေးပြင်ဆင်တာအပြင်၊ သင်္ကြန်တွင်း လုံးဝ အရက်သေစာ၊ မူးယစ်ဆေးဝါး မသုံးစွဲသင့်ပါဘူး။

အမြန်ကားလမ်း စည်းကမ်းတွေအားလုံးကိုလည်း ပိုမို လိုက်နာဖို့လိုရာမှာ၊ အဓိကအားဖြင့် သတ်မှတ်ထားတဲ့ အရှိန်ကို ကျော်မမောင်းဖို့ (ပုံမှန် တစ်နာရီ ၁၀၀ ကီလိုမီတာ)၊ သတိပေးဆိုင်းဘုတ်တွေမှာ ပြထားတဲ့အတိုင်း အကွေ့များတဲ့နေရာတွေ၊ လမ်းချော်နိုင်တဲ့နေရာတွေ၊ တံတားကျဉ်းတဲ့နေရာတွေ၊ လမ်းကျယ်ကနေ လမ်းကျဉ်းပြောင်းတဲ့နေရာတွေ စတာတွေမှာ၊ အရှိန်လျှော့ သတိထားမောင်းဖို့နဲ့ အားလုံး ထိုင်ခုံခါးပတ်ပတ်ဖို့ အထူးအရေးကြီးပါတယ်။ အထူးသဖြင့် အမြန်လမ်းပေါ် မောင်းတဲ့ အတွေ့အကြုံမရှိသူတွေပါ သင်္ကြန်ကာလမှာ တက်မောင်းနိုင်ကာ၊ အပေါင်းအသင်းတွေနဲ့ ပျော်ပါးမောင်းနိုင်တာမို့၊ ဒီ ပုံမှန်အမြန်လမ်း စည်းကမ်းတွေကို ပိုမို ဂရုစိုက် လိုက်နာဖို့ အရေးကြီးတာပါ။ ဒါ့အပြင် သင်္ကြန်ကာလ ပျှော်ပါးရာမှာ အမြန်လမ်းပေါ်ကို ခွင့်ပြုချက်မရှိတဲ့ မော်တော်ဆိုင်ကယ်တွေ၊ ထော်လာဂျီတွေ၊ ဘေးက ရွာတွေကနေ တက်လာနိုင်တာကိုလည်း ကြိုတင် သတိပြု၊ မောင်းနှင်ကြဖို့ကလည်း အရေးကြီးပါတယ်။မော်တော်ဆိုင်ကယ်မောင်းသူတွေအနေနဲ့လည်း အရက်နဲ့မူးယစ်ဆေး သောက်စားမသုံးစွဲတဲ့အပြင်၊ ဆိုင်ကယ်ဦးထုတ် လုံးဝ ဆောင်းဖို့ အထူးအရေးကြီးပါတယ်။

ဒီနှစ် နောက်ထူးခြားမူတစ်ခုကတော့ မြန်မာနိုင်ငံတွင်း မတည်မငြိမ် ဖြစ်နေတဲ့ဒေသတွေကနေ ခြိမ်းခြောက်လာမူတွေကို သတင်းမီဒီယာတွေမှာ အားလုံးကြားနေရတာမို့၊ မြို.ကြီးတွေမှာပါ လူစုလူဝေးနဲ့ ထိခိုက်ဒဏ်ရာရတာတွေ ကြုံလာနိုင်တဲ့ အန္တရာယ်ကိုလည်း၊ ကြိုတွက်ပြီး မပေါ့ကြဖို့ လိုပါတယ်။ ဒီအန္တရာယ်အတွက် ကြိုတင်သတိပြုဖို့သာဖြစ်ပြီး၊ သင်္ကြန်မှာ မပျှော်ဘဲ ကြောက်နေဖိုတော့ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ တကယ် ဒီအန္တရာယ်မဖြစ်လျှင်တောင်၊ တစ်ဦးဦးက ခြောက်လှန့်လိုက်တာကြောင့်၊ လူစုလူဝေးပွဲလမ်းသဘင်ကြီးတွေမှာ ဖြစ်တတ်တဲ့ လူအစုလိုက်အပြုံလိုက်လန့်ပြီးပြေးကာ၊ လူအုပ်နင်းမိနိုင်တာ၊ မဏ္ဍပ်ပေါ်က ပြုတ်ကျနိုင်တာ၊ ပြေးရင်း ယာဉ်တိုက်မူဖြစ်နိုင်တာတွေအတွက်ပါ ကြိုတင် သတိပြုထားသင့်လို့ပါ။ ခုလို လူအစုလိုက်လန့်ပြေး မတော်တဆ မဖြစ်ရအောင်၊ လုံခြုံရေး စီမံခန့်ခွဲသူတွေ ပြောတဲ့ လမ်းကြောင်းအတိုင်း စနစ်တကျ ရွေ.ပြောင်းပြီး၊ သူတိုပြောတဲ့ နေရာတွေမှာပဲ နေသင့်ပါတယ်။ ဒါ့အပြင် မသင်္ကာစရာ ပိုင်ရှင်မဲ့ ပစ္စည်းတွေ၊ မသင်္ကာစရာ လူအုပ်စုတွေ တွေ့လျှင်လည်း၊ ရဲနဲ့ လုံခြုံရေးတာဝန်ရှိသူတွေထံ အချိန်မီအကြာင်းကြားသင့်ပါတယ်။ ရန်ကုန်လို မြို.ကြီးတွေမှာတော့ ၁၉၉ ကို ဖုန်းခေါ် အကြောင်းကြားနိုင်ပါတယ်။ ဒီမသင်္ကာတဲ့ ပစ္စည်းတွေတွေ့လျှင် ကိုယ်တိုင်ဖွင့်ကြည့်တာ၊ သယ်ယူပေးတာတွေတော့ မလုပ်သင့်ပါဘူး။

နောက် သင်္ကြန်မှာ ဖြစ်လေ့ရှိတဲ့ အစာမှား ဝမ်းပျက်ဝမ်းလျှောဖြစ်တာ၊ နေပူရှိန်ဒဏ်ထိတာ၊ ရေနစ်တာ၊ ပြုတ်ကျတာ စတာတွေကလည်း အရက်နဲ့မူးယစ်ဆေး သောက်သုံးတာကြောင့်၊ ဆင်ခြင်တုံတရားလျော့ပြီး အထိန်းအသိမ်းမရှိ သတိလက်လွတ် ပြုမူမိကာ အဓိက ဖြစ်ရတာပါ။ အရက်နဲ့မူးယစ်ဆေး အမူူးလွန်ချိန်မှာ အမြန်ဆုံးဖြတ်ရခက်တာကြောင့် အထက်မှာပြောခဲ့တဲ့ ယာဉ်တိုက်မူနဲ့ ခိုက်ရန်ဖြစ်ပွားမူတွေ ပိုဖြစ်တာအပြင်၊ အရေးအကြောင်းဖြစ်လာလျှင်လည်း အခက်တွေ့စေနိုင်ပါတယ်။ ဒါကြောင့် အရက်၊ မူးယစ်ဆေးနဲ့ ဒီနှစ် သင်္ကြန်ကို အပျှော်မလွန်ဘဲ၊ ရိုးရာဓလေ့ထုံးစံ ရေကစားခြင်းနဲ့သာ ကောင်းကောင်းပျှော်သင့်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ကုသမှုဌာနက ပါမောက္ခ ဌာနမှူး ဒေါက်တာမော်မော်ဦး ကို ဆက်သွယ်မေးမြန်းထားပါတယ်။