ခါးဆစ်ရောင် လေးဘက်နာ (အပိုင်း-၂)

  • ဝင်းမင်း

Ankylosing Spondylitis, Copyright:Credit: Nucleus Medical Media Inc / Alamy Stock Photo

Your browser doesn’t support HTML5

ခါးဆစ်ရောင် လေးဘက်နာ (အပိုင်း-၂)

ခါးဆစ်ရောင် လေးဘက်နာရောဂါကို ခွဲခြားပြီး၊ စောစောသိနိုင်ဖို့ နည်းလမ်းနဲ့ ကုသနိုင်တဲ့ ဆေးတွေရှိလာပြီလို့၊ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။

ခါးဆစ်ရောင်လေးဘက်နာ (Ankylosing Spondylitis) ကဲ့သို့ ခါးဆစ်ရောင်ခါးနာတဲ့ (မနက်စောစောနာပြီး၊ လှုပ်လိုက်လျှင် သက်သာတဲ့) အခြားရောဂါတွေရှိနေရာမှာ ဆီးပူဆီးကျင်တာ၊ ဝမ်းပျက်ဝမ်းလျှောတာ၊ ဆိုရီးရေးစစ် အရေပြားအကွက်ပေါ်ရောဂါ၊ တုံ့ပြန်လေးဖက်နာစတာတွေ ပါဝင်ပါတယ်။ ဒီအခြားရောဂါတွေနဲ့ ခွဲခြားသိနိုင်ဖို့ သွေးစစ်၊ ဆီးစစ်ကြည့်ပြီး၊ ပြင်ပလက္ခဏာတွေနဲ့ပါ ခွဲခြားနိုင်ပါတယ်။

လူနာမှာ အစပိုင်းတွင် ဆီးပူးဆီးကျင်တာ၊ ဝမ်းပျက်ဝမ်းလျှောတာ၊ အရေပြားအကွက် ထွက်တာတွေ မရှိထားလျှင် ခါးဆစ်ရောင်လေးဘက်နာ အဖြစ်ခွဲခြားသိနိုင်ပါတယ်။ ယခင်တုန်းကတော့ လူနာကို ခြေဆန့်မတ်တပ်ရပ်ပြီး ခါးကုံးကာ မြေကို လက်နဲ့ထိခိုင်းလျှင် ပုံမှန်လူကဲသို့ မထိနိုင်ဘဲ၊ ခါးတောင့်နေတာကို စမ်းသပ်တွေ့ ရှိလေ့ရှိခဲ့ပါတယ်။ ဒိထက်ပိုသေချာအောင် ဓာတ်မှန်ရိုက်ကြည့်ခြင်းဖြင့်၊ ခါးက ပုံမှန်လို တဆစ်နဲ့တဆစ်ကြားမလှုပ်နိုင်ဘဲ၊ ခါးဆစ်တွေဆက်သွားက ဝါးလုံးချောင်းလို အဖုလေးတွေ ဆက်နေတာကို တွေ့ရလေ့ရှိပါတယ်။ ဒါ့အပြင် တင်ပချိုင့်ရိုးဆစ်လိုင်း (၂) လိုင်းရှိရာကနေ ပူးပြီးဆက်သွားတာကိုလည်း တွေ့ရတတ်ပါတယ်။ ဒါပေမဲ့ အခုလို ခါးကုံးမြေကြီးမထိနိုင်တာနဲ့ ဝါးလုံးဆစ်လို ဓာတ်မှန်မှာတွေ့ရချိန်မျိုးမှာ စ သိလျှင် အလွန်နောက်ကျသွားပြီ ဖြစ်တာမို့၊ အခုလို အဆင့်မရောက်ခင် စောစောသိနိုင်အောင် သံလိုက်ဓာတ်မှန်ရိုက်တဲ့နည်း ပေါ်လာပြီး၊ ချဉ်ဆီလေးတွေ ရောင်နေတာကို စပြီး အစောဆုံးတွေ့နိုင်ပါတယ်။

ဒါ့အပြင် HLA-B27 မျိုးရိုးဗီဇရှာတဲ့နည်းနဲ့လည်း စောစောသိနိုင်ပါတယ်။ အခုလို စောစောအဆင့်ဖြစ်တဲ့ ခါးလှုပ်နိုင်ချိန်နဲ့ ဓာတ်မှန်မှာဝါးလုံးလိုမပေါ်ချိန်မှာ ကုသနိုင်လျှင်၊ အလုပ်အကိုင်မပျက်ဘဲ ဆက်လှုပ်ရှားနိုင်တဲ့ အခြေအနေကို ထိန်းသွားနိုင်ပါတယ်။
ကုသမူအနေနဲ့ အကိုက်အခဲနဲ့ အဆစ်ရောင်ပျောက်ဆေးတွေ ပေးပြီး၊ ရောဂါလက္ခဏာ ယာယီသက်သာအောင်လုပ်ပေးနိုင်ပါတယ်။ ဒါ့အပြင် အခုနောက်ပိုင်းမှာ ရောဂါအရင်းခံကိုပါ ထိထိရောက်ရောက် ပျောက်အောင်ကုသနိုင်တဲ့ ကုထုံးဆေးအဖြစ် သွေးဖြူဥထိန်းဆေးပေါ်လာတာအပြင်၊ ဒီရောဂါမှာ မလိုဘဲ ထွက်လာကာ ခါးဆစ်တွေကို တိုက်ခိုက်လာတဲ့ ကင်ဆာတိုက်ဖျက်ဓာတ် TNF (Tumor Necrosis Factor) ကို ဟန့်တားနိုင်တဲ့ ဇီဝကုထုံးဆေး (Adalimumab) နဲ့၊ ဒီ TNF ဓာတ် ခါးဆစ်ကို မကပ်နိုင်အောင် လက်ခံပစ္စည်းတုနဲ့ ဖယ်ရှားပေးတဲ့ဆေး (Etanercept) တို့ကို မြန်မာနိုင်ငံမှာ မကြာခင်က စတင် အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ ဒီနောက်ဆုံးပေါ် ဆေးတွေက ထိရောက်ပြီး၊ အလွယ်တကူထိုးနိုင်ပေမဲ့၊ ဈေးကြီးတာကြောင့် တချို့လူနာတွေ အခက်ကြုံရနိုင်ချိန်မှာ၊ တချို့လည်း စတင်သုံးစွဲလာကြပါတယ်။

ဒီရောဂါအကြောင်း အရိုး၊အကြော၊အဆစ် အထူးကုနဲ့ ဆေးတက္ကသိုလ် (၁) အရိုး၊အကြော၊အဆစ် ဆေးပညာဌာန ပါမောက္ခ ဌာနမှူး ဒေါက်တာချစ်စိုး ကို ကိုဝင်းမင်းက မေးမြန်းတင်ပြထားပါတယ်။