အပူဒဏ် အန္တရာယ်အဆင့်ဆင့်

  • ဝင်းမင်း

A woman drinks water to combat the scorching heat during a heat wave, in Seville, Spain.

မြန်မာမှာ နွေအပူချိန်ပိုမြင့်လာနေပြီး၊ လေအေးအေးရဖို့ အခက်အခဲ ပိုဖြစ်နိုင်ချိန်မှာ၊ ဒီ အပူဒဏ်အန္တရာယ် ဖြစ်လာနိုင်ပုံ အဆင့်ဆင့်ကို သိထားသင့်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။ အထူးသဖြင် အပူဒဏ်ပိုခံရနိုင်တဲ့ ကလေးတွေ (၄ နှစ်အောက်)၊ သက်ကြီးတွေ (၆၅ နှစ် အထက်)၊ အဝလွန်သူတွေ၊ ဆေးတချို့နဲ့ အရက်သောက်နေရသူတွေ ပိုသတိထားသင့်ပါတယ်။

မိမိဘေးပတ်ဝန်းကျင်မှာ အပူချိန်မြင့်လာတာ၊ အေးလာတာတွေကို ကိုယ်ခန္ဓာက ထိခိုက်စေနိုင်တဲ့အဆင့်မရောက်အာင် အပူချိန်ပြန်ထိန်းညှိုပေးတဲ့ ပုံမှန် ဇီဝလုပ်ငန်းစဉ် (Thermoregulation) ရှိထားပါတယ်။ အပူချိန်မြင့်တက်လာတာအတွက်ဆိုရင် အဓိကအားဖြင့် ချွေးထွက်စေပြီး ကိုယ်ခန္ဓာက အပူကို အငွေ့အဖြစ် စုတ်ယူလိုက်ကာ အပူချိန်ကို ပြန်လျော့ချ ပေးလိုက်တာပါ။ ဒါပေမဲ့ ဒီလုပ်ငန်းစဉ်ထဲ ချွေးထွက်ဖို့အတွက် ရေဓာတ်ဆားဓာတ်တွေကို အသုံးပြုရတာမို့ ရေဓာတ်ဆားဓာတ် ဆုံးရှုံးမှု အနည်းနဲ့အများတော့ ဖြစ်စေပါတယ်။ မိမိ အနားဝန်းကျင်မှာ အေးသွားလျှင်လည်း ကိုယ်အပူချိန်ပြန်ထိန်းပြီးသား ဖြစ်သွားပြန်ပါတယ်။ ဒါပေမဲ့ ပြဿနာက မိမိနားမှာ အပူချိန် မြင့်တက်လာတာက အချိန်ပိုင်းသာ မဟုတ်ဘဲ၊ ဆက်တိုက်အကြာကြီး ဖြစ်လာလျှင်တော့၊ ကိုယ်ခန္ဓာရဲ့ ပုံမှန် အပူထိန်းညှိုတဲ့လုပ်ငန်းစဉ်က အားနည်းသွားတတ်ပါတယ်။

အခုလို အကြာကြီးပူလွန်းလာချိန်မှာ ပထမ အဆင့်အနေနဲ့ အပူချိန်ပြန်ထိန်းဖို့ ချွေးအတွက် ရေဓာတ်ဆားဓာတ် ဆုံးရှုံးမှုများသွားရတာကြောင့်၊ အပူကြောင့် နုံးခွေခြင်း (Heat Exhaustion) ဖြစ်လာရပါတယ်။ အကြောင်းက ကြွက်သားတွေ ပုံမှန် အလုပ်လုပ်ဖို့ လိုအပ်တဲ့ ရေဓာတ် ဆားဓာတ် သိပ်မကျန်တော့တာကြောင့်၊ ရေငတ်လွန်းကာ မလုပ်ချင် မကိုင်ချင် မလှုပ်ရှားချင်လောက်အောင်အထိ ရုတ်တရက် နုံးချိသွားပြီး၊ ကြွက်တက်ချင်တာ၊ ကြွက်စတက်တာ၊ အစားအသောက်ပျက်တာ၊ မူးဝေတာတွေ ဆက်ဖြစ်သွားတတ်ပါတယ်။ ဒီအဆင့်ကို သတိပြုမိဖို့ ပထမဆုံး အရေးကြီးပြီး၊ ဆုံးရှုံးသွားတဲ့ ရေဓာတ်ဆားဓာတ်ကို အမြန် ပြန်ဖြည့်ဖို့နဲ့၊ လေအေးအေးရနိုင်တဲ့နေရာမျိုးတွေရဖို့ မဖြစ်နိုင်လျှင်တော့၊ နောက်ပိုဆိုးတဲ့ တဆင့်ကို ရောက်သွားနိုင်ပါတယ်။

ပိုဆိုးတဲ့ ဒုတိယအဆင့်ကတော့ ကိုယ်ခန္ဓာမှာ ထွက်စရာချွေး နည်းသထက်နည်းလာပြီး၊ ချွေးခြောက်လာကာ၊ အပူချိန်ကို ဆက်ထိန်းညှိုရ ခက်လာပြီး၊ ကိုယ်ခန္ဓာ အပူချိန် စမြင့်တက်လာကာ အပူကြောင့်ဖျားခြင်း (Heat Hyperpyrexia) ဖြစ်လာတာပါ။ ပုံမှန်အားဖြင့် ကိုယ်ခန္တာအပူချိန်က ၉၈.၆ ဒီဂရီ ဖာရင်ဟိုက်မှာ ရှိပါတယ်။ အခုလို ပူလွန်းချိန်မှာ ဖျားနာလာလျှင် ရောဂါပိုးမွှားဝင်တာကြောင့်လို့သာ စဉ်းစားလို့ မရတော့ဘဲ၊ အပူချိန်ကြောင့် ဖြစ်နိုင်တာကိုလည်း ထည့်စဉ်းစားဖို့ လိုလာပါတယ်။ ဒုတိယအဆင့်မှာတော့ အေးတဲ့ရေချက်ချင်းချိုးချပေးတာ၊ ရေအေးနဲ့ရေပတ်တင်တာ၊ အေးအောင်ထားပေးတာ၊ အေးတဲ့နေရာပြောင်းပေးတာတွေ အမြန်လုပ်ဖို့ အရေးကြီးသွားပြီး၊ ပါးစပ်က ရေဓာတ် ဆားဓာတ် များများ ပြန်မဖြည့်နိုင်လျှင်တော့ အကြောဆေးအမြန်သွင်းပေးဖို့ လိုအပ်သွားပါပြီ။ အခုလိုမလုပ်နိုင်လျှင်တော့ နောက်တဆင့် ဆက်ဆိုးသွားနိုင်ပါတယ်။

အခုလို နောက်တဆင့် ဆိုးလာတာက နောက်ဆုံး အဆုံးဝါးဆုံးအဆင့်ဖြစ်ပြီး၊ အသက်အန္တရာယ်ရှိလာတဲ့ အပူဒဏ်ကြောင့်တက်ခြင်း (Heat Stroke) ဖြစ်ပါတယ်။ ဒီအဆင့်မှာတော့ ကိုယ်ခန္ဓာက ချွေးလုံးဝမထွက်နိုင်တော့ဘဲ ခြောက်ခြောက်ကြီးဖြစ်ကာ ပူနေတော့တာပါ။ ဒါ့အပြင် အချိန်ဆက်ကြာလာတာနဲ့အမျှ၊ ဒီအပူချိန်မြင့်လွန်းတာကြောင့် ဦးနှောက်ထိခိုက်ကာ ကိုယ်ခန္ဓာလှုပ်ရှားမှုတွေ မထိန်းနိုင်တော့ဘဲ တက်တာ၊ နောက် ကိုယ်ခန္ဓာ အင်ဇိုင်းတွေ ထိခိုက်တာနဲ့ အဓိက အင်္ဂါတွေဖြစ်တဲ့ အဆုပ်၊ ကျောက်ကပ် စတာတွေကို ဆက်ထိခိုက်သွားကာ၊ နောက်ဆုံး အသက်ဆုံးရှုံးသွားနိုင်တာပါ။ တကယ်တော့ အခုလို အသက်အန္တရာယ်ရှိတဲ့ အဆင့်ထိမရောက်အောင်၊ အရင်ထဲက ကြိုတင်ကာကွယ်တဲ့အနေနဲ့ ပြုစုကုသပေးဖို့က အထူးကို အရေးကြီးပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက ကလေးအထူးကုနဲ့ ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာ၊ပညာဌာန အငြိမ်းစား ဌာနမှူး ပါမောက္ခ ဒေါက်တာစောဝင်း ကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

အပူဒဏ်ကြောင့် တက်ခြင်းနဲ့ အခြားရောဂါများ