ဆေးလိပ်ဖြတ်ရေး

say no to cigarette / quit smoking

ဆေးလိပ်ဖြတ်တာက ဘယ်အရွယ်မှာမဆို လုပ်သင့်တာဖြစ်ပြီး၊ ကျန်းမာရေးအပြင် အခြားအကျိုးကျေးဇူးတွေ အများကြီးရှိတယ်လို့ ကျန်းမာရေးပညာရှင်တွေက အကြံပြုပြောဆိုကြပါတယ်။ Vaping (ခေါ်) ဆေးလိပ်ငွေ့သောက်တာကို ဆေးလိပ်ဖြတ်နည်းအဖြစ် မှားယွင်းသုံးစွဲတာ မဖြစ်စေရေး စနစ်တကျ ဆေးလိပ်ဖြတ်နည်းတွေ ရှိပါတယ်။ ဒီဆေးလိပ်ဖြတ်နည်းတွေကို ထိထိရောက် သုံးနိုင်ဖို့က၊ ပထမဆုံး ဘာကြောင့် ဆေးလိပ်ဖြတ်သင့်တာကို သိထားသင့်ပါတယ်။ အဓိကအကြောင်းရင်းကတော့ ဆေးလိပ်ဖြတ်လိုက်ခြင်းဖြင့် သက်တန်းစေ့ လူ့ဘဝမှာ ပိုတန်ဖိုးရှိစွာနေနိုင်တာပါ။ ဒီအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ဆေးလိပ်နဲ့ဆေးရွက်ကြီးပစ္စည်းများ သုံးစွဲမှု ထိန်းချုပ်ရေးအဖွဲ့ကလည်း အဖွဲ့ဝင်နိုင်ငံအလိုက် ဆေးလိပ်ဖြတ်လိုသူတွေကို ကူညီပေးဖို့ နည်းဗျူဟာတွေ ပြဌာန်းတိုက်တွန်းထားပါတယ်။ ၂၀၂၁ ခုနှစ် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ (မေလ ၃၁ ရက်) မှာလည်း “ဆေးလိပ်၊ ကွမ်းယာ ဖြတ်ကြဖို့ သတိပြုကြစို့ (Commit to Quit)” ဆောင်ပုဒ်ကို ချမှတ်ပေးခဲ့ပါတယ်။

ဆေးလိပ်သောက်သူနဲ့ မသောက်သူကို ယှဉ်ပြီးလေ့လာရာမှာ ဆေးလိပ်သောက်သူက သက်တမ်း ၁၀ နှစ် ပိုတိုတာကို သုတေသနအရ တွေ့ရှိထားပါတယ်။ ဒါပေမဲ့ ဆေးလိပ်ဖြတ်လိုက်ခြင်းဖြင့်၊ ဖြတ်တဲ့ အသက်ငယ်မှုအလိုက် ပိုအကျိုးများတာကိုလည်း သုတေသန တွေ့ထားပါတယ်။ ဥပမာ အသက် (၃၅) နှစ်မတိုင်မီ၊ ဆေးလိပ်ဖြတ်နိုင်လျှင် အထက်ပါ ဆုံးရှုံးရနိုင်တဲ့ သက်တမ်း (၁၀) နှစ်အထိကို ပြန်ရနိုင်ပါတယ်။ ဒါ့အပြင် အသက် (၄၅) နှစ်မှာ ဖြတ်လျှင်၊ ဆုံးမဲ့သက်တမ်းထဲက (၉) နှစ်အထိကို ပြန်ရနိုင်ပါတယ်။ အလားတူ အသက် (၅၀) ဝန်းကျင် ဖြတ်လျှင်လည်း အကျိုးရှိပါတယ်။ အခုလို အကျိုးရှိရခြင်းအကြောင်းရင်းကတော့ ဆေးလိပ်ကြောင့် ဖြစ်ဖို့များတဲ့ အသက်ရှုလမ်းကြောင်း၊ နှလုံးနဲ့သွေးကြောရောဂါ၊ ကင်ဆာမျိုးစုံ (ပါးစောင်၊ ခံတွင်း၊ အသံအိုး၊ လည်ချောင်း၊ အဆုပ် ကင်ဆာတွေအပါအဝင်) ကို ကာကွယ်ပေးနိုင်လို့ပါ။

အခုလို ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးတဲ့ အကျိုးကျေးဇူးရရှိခြင်း အကြောင်းရင်းတွေလည်း ရှိပါတယ်။ ဥပမာတချို့ကို ပြောရလျှင် ဆေးလိပ်ဖြတ်ပြီး တစ်ပတ်အတွင်း အသက်ရှုလမ်းကြောင်းနဲ့ သွေးလည်ပတ်မှု လုပ်ငန်းစဉ် ပုံမှန်လို ပြန်ဖြစ်သွားလေ့ရှိပါတယ်။ ဒါ့အပြင် ဆေးလိပ်ဖြတ်ပြီး တစ်နှစ်ဝန်းကျင်အကြာမှာလည်း၊ တခြား ကျန်းမာရေး အန္တရာယ်တွေပါ လျော့နည်းသွားပါတယ်။ ဆေးလိပ်ဖြတ်အပြီး နှစ်တချို့အကြာမှာဆိုလျှင်တော့၊ ကျန်းမာရေး ထိခိုက်စေနိုင်တဲ့ ဆေးလိပ်သောက်ချိန်က တက်နေခဲ့တဲ့ နှလုံးခုန်နှုန်းနဲ့ သွေးပေါင်ချိန်တွေ ပြန်လျော့ကျကာ ပုံမှန်ပြန်ဖြစ်သွားလေ့ ရှိပါတယ်။ ဒါကြောင့် ဆေးလိပ်ဖြတ်အပြီးမှာ လူက နေထိုင်စားသောက်လို့ကောင်းသွားတဲ့ အကျိုးကျေးဇူးကို သိသိသာသာ ခံစားရလေ့ရှိပါတယ်။

အထက်ပါ ကျန်းမာရေးအကျိုးကျေးဇူးအပြင် လူမှုစီးပွား အကျိုးကျေးဇူးတွေလည်း ရှိပါတယ်။ ဆေးလိပ်နံ့ မနံတော့တာမို့ ပိုလူဝင်ဆန့်လာပါတယ်။ မိဘအဖြစ် ဆေးလိပ်သောက်မိသူမျိုးအနေနဲ့လည်း မိသားစုကို တဆင့်ခံ ဆေးလိပ်ငွေ့ရှူသူတွေအဖြစ် ရောဂါမဖြစ်စေသလို၊ သားသမီးတွေကြီးလာချိန် ဆေးလိပ်သောက်တာ နမူနာယူ မသောက်မိအောင်လည်း ကာကွယ်ပေးပြီးသား ဖြစ်ပါတယ်။ ဒါ့အပြင် ဆေးလိပ်နဲ့ ပတ်သက်တဲ့ပစ္စည်းတွေ ဝယ်ရတဲ့ ငွေကြေးနဲ့ အချိန်ကုန်မူကိုလည်း သက်သာစေပါတယ်။ တကယ်တော့ အခုလို အကျိုးကျေးဇူးကြီးတာမို့ ဖြတ်သင့်တာမှာ ဆေးလိပ်တင်မကဘဲ၊ Vaping (ခေါ်) E စီးကရက် ဆေးလိပ်ငွေ့ရှူတာနဲ့ ကွမ်းစားတာလည်း ပါပါတယ်။ ကွမ်းသီးမှာပါတဲ့ ဓာတ်တစ်မျိုးက ဆေးလိပ်ရဲ့ နီကိုတင်းဓာတ်နဲ့ အလားတူမို့ ကိုယ်ဝန်ဆောင်မိခင် ကိုယ်ဝန်ပျက်တာနဲ့ ကလေးပေါင်မပြည့်ဘဲ မွေးတာအပါအဝင် ဆေးလိပ်ကြောင့်ဖြစ်တဲ့ ရောဂါတွေအားလုံး ဖြစ်စေနိုင်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖိို့ ကိုဝင်းမင်းက Health Digest ကျန်းမာရေးနှင့်ဆေးပညာဂျာနယ် အငြိမ်းစားအယ်ဒီတာချုပ်နဲ့ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာတင်မောင်ထွေး (ခေါ်) ဒေါက်ထွေး (ဆေး/မန်း) ကို ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။