Your browser doesn’t support HTML5
လည်ချောင်းနာဖြစ်ရခြင်း နောက်ထပ်အကြောင်းရင်းတွေဖြစ်တဲ့ ဆုံဆို့နာ၊ အာခေါင်ထိခိုက်ရှနာနဲ့ အသံအိုးရောင်တာတွေကို အချိန်မီမကုသလျှင် ပြင်းထန်တဲ့ နောက်ဆက်တွဲရောဂါတွေ ခံစားရရှိနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုပါတယ်။
ဆုံဆို့နာက အများအားဖြင့် ကလေးတွေမှာဖြစ်လေ့ရှိပြီး၊ (၃) နှစ်ကနေ (၅) နှစ်အရွယ်ကလေးတွေ အဖြစ်များပါတယ်။ ကလေးငယ်စဉ် ကြက်ညှာ၊ ဆုံဆို့နာ၊ မေးခိုင် ကာကွယ်ဆေး ပုံမှန် မထိုးထားသူတွေနဲ့ ခုခံအားကျတဲ့ကလေးတွေမှာ အဖြစ်များပါတယ်။ ဒါကြောင့် ကာကွယ်နိုင်ဖို့ ကာကွယ်ဆေးထိုးဖို့ လိုပါတယ်။ ဒါ့အပြင် ရောဂါဖြစ်လာလျှင်လည်း စောစောသိဖို့ အထူးအရေးကြီးပါတယ်။ စောစောသိနိုင်ဖို့ လက္ခဏာတွေက ကလေးအပြင်းဖျားတာ၊ အဖျား ပြန်မကျတာ၊ ပါစပ်ထဲမှာ အဖြူကွက်တွေ ပေါ်လာတာ၊ အသက်ရူလျှင် ရွှီးရွှီး အသံမြည်တာ၊ ကလေးကို ကြည့်လိုက်လျှင် ကြောက်စိတ်ဖြစ်နေတာ စတာတွေ ဖြစ်ပါတယ်။ ရောဂါဖြစ်တာ စောစောသိလျှင် ပဋိဇီဝဆေးထိုးပေးခြင်းဖြင့် မဆိုးရွားအောင် ကာကွယ်နိုင်ပါတယ်။ ဒါပေမဲ့ ရောဂါဖြစ်တာများသွားလျှင်တော့ လေပြွန်အဝ အသံအိုးကိုရောက်လာပြီး အသက်ရှုပြွန်ပိတ် သေတာ၊ ဆုံဆို့နာ အဆိပ် (Diphtheria Toxin) ထွက်လာပြီး နှလုံးရောင်ကာ နှလုံးရပ်သေတာအထိ ဖြစ်တတ်ပါတယ်။ အခုလို ပြင်းထန်တဲ့အဆင့်ရောက်လာလျှင် အသက်ဆုံးရှုံးတာကနေ ကာကွယ်နိုင်ဖို့ အသက်ရူပြွန်မပိတ်အောင် အသက်ရူပြွန်ကို အရေးပေါ် ဖောက်ထားတာနဲ့၊ ဆုံဆို့နာအဆိပ်ဖြေဆေးထိုးတာတွေ အမြန်ဆုံးလုပ်ပေးဖို့ လိုတာကြောင့် ဆေးရုံအမြန်တင်ထားသင့်ပါတယ်။
အာခေါင်ထိခိုက်ရှနာကတော့ မြန်မာနိုင်ငံမှာ အဓိက အစာကနေ အရိုးစူးတာကြောင့် ဖြစ်ရတာပါ။ ကလေးတွေမှာ ကစားရင်း ခဲတံနဲ့ ဒုတ်စူးတာမျိုးလည်း အဖြစ်များပါတယ်။ အရိုးစူးတာကနေ ကာကွယ်နိုင်ဖို့အတွက် မုန့်ဟင်းခါးဟင်းရည်အပါအဝင် ဟင်းထဲ ငါးရိုးထည့်ချက်တာတွေကို ရှောင်ကျဉ်သင့်ပါတယ်။ ဒါ့အပြင် အစာစားစဉ်မှာ လျှာကနေ အရိုးကို ပထမဆုံး သတိပြုမိနိုင်တာကြောင့် ဂရုစိုက်ပြီး သေသေချာချာ ရွေးထုတ်ကာ စားသင့်ပါတယ်။ ဒါပေမဲ့ အရိုးစူးမိသွားလျှင်တော့ မိမိဘာသာ နှိုက်ထုတ်တာ၊ တခြားအရာတွေနဲ့ မြိုချပြီး အရိုးကိုကျအောင်လုပ်တာတွေ မလုပ်သင့်ပါဘူး။ အခုလို ကိုယ့်ဟာကိုယ်လုပ်တာတွေကြောင့် တခါတရံ အရိုးက နစ်မြုပ်ဝင်သွားပြီး ပြည်တည်ကာ ပိုဆိုးသွားစေနိုင်လို့ပါ။ ဆေးရုံ၊ ဆေးခန်းလာပြပြီး၊ မှန်ပြောင်းနဲ့ကြည့်ကာ အရိုးကို ထုတ်ပေးနိုင်ပါတယ်။ ကလေးငယ်တွေမှာ အဖြစ်များတဲ့ ခဲတံနဲ့ ဒုတ်စူးတာကနေ ကာကွယ်ဖို့ကတော့၊ ကလေးတွေကို ဒီပစ္စည်းတွေ ပါးစပ်ထဲထည့်ပြီး ဆော့ကစားတာ ပေးမလုပ်သင့်ပါဘူး။ ဒီပစ္စည်းတွေအာခေါင်ထိုးမိတာကြောင့် သွေးထွက်၊ အာခေါင် အနာဖြစ်ကာ၊ အာခေါင်ပြဲသွားလျှင်လည်း ချုပ်ပေးရတဲ့အထိ ဖြစ်တတ်ပါတယ်။
အသံအိုးရောင်တာက ရာသီကြောင့် ဖျားနာပြီး ပိုးဝင်ကာ ဖြစ်ရတာ များပါတယ်။ တချို့စကားပြောများပြီး၊ အသံကိုအသုံးများသူတွေမှာတော့ ပိုးမဝင်ဘဲလည်း အသံအိုးရောင်တတ်ပါတယ်။ ပိုးဝင်ပြီး အသံအိုးရောင်တာက တပတ်လောက်အတွင်း သက်သာနိုင်တာမို့၊ အသံဝင်တာက (၃) ပတ်ကျော်ဆက်ဖြစ်နေလျှင် ဆရာဝန်ပြသင့်ပါတယ်။ ကာကွယ်နိုင်ဖို့ အသံ အသုံးများသူ (ဥပမာ ဆရာ၊ ဆရာမ၊ ပဲပြုတ်အော်ရောင်းသူ) တွေအနေနဲ့ အသက်ရှုလမ်းကြောင်းအပေါ်ပိုင်းမှာ ဗိုင်းရပ်ပိုးဝင်၊ ဖျားနာလာလျှင် အသံအိုးပါပိုးဝင်ပြီး၊ အလွယ်တကူ ရောင်လာနိုင်တာကြောင့် အသံအိုးလှုပ်ရှားတာ၊ အသံအသုံးပြုတာကို လျှော့ချသင့်ပါတယ်။ အာသီး၊ အာခေါင် ရောင်လာသူတွေအနေနဲ့လည်း (၃) ရက်ထက်ပိုဆက်ဖြစ်လာလျှင်၊ ဗိုင်းရပ်စ်ကနေ ဘက်တီးရီးယား ဆက်ဝင်ကာ အသံအိုး ဆက်ရောင်စေနိုင်တာကြောင့် ပဋိဇီဝဆေးနဲ့ အမြန်ကုခြင်းအားဖြင့် အသံအိုး ဆက်မရောင်အောင် ကာကွယ်နိုင်ပါတယ်။ ရေခဲရေနဲ့ မတည့်သူတွေမှာလည်း အာခေါင်ရောင်လျှင် အသံအိုးပါတွဲရောင်တာတာမို့ ရေခဲရေကို ရှောင်သင့်ပါတယ်။ ဒါ့အပြင် ဆီကြော်တွေ၊ အလှော်တွေနဲ့ မတဲ့သူတွေလည်း ဒါတွေကို ရှောင်ကျဉ်သင့်ပါတယ်။ လေအေးစက် (Air-condition) အအေးမတဲ့သူတွေ အနေနဲ့လည်း လေအေးစက်အောက်မှာ ကြာကြာမနေသင့်ပါဘူး။ ဒါ့အပြင် လေအေးစက်မှာ ပါလာနိုင်တဲ့ ဖုန်နဲ့ အမှုန့်တွေနဲ့ ဓာတ်မတဲ့တာကြောင့် အသံအိုးရောင်တတ်ပါတယ်။
ယေဘူအားဖြင့်တော့ လည်ချောင်းနာတတ်သူတွေအနေနဲ့ ဖြစ်စေတတ်တာကို သတိပြုမိပြီး၊ အစားအသောက်၊ အနေအထိုင် ရှောင်ကျဉ်ကာ လည်ချောင်းနာဖြစ်တဲ့အကြိမ် လျော့ပေးခြင်းအားဖြင့်၊ နောက်ပိုင်းမှာ ခုခံအားကောင်းလာပြီး လည်းချောင်းနာတာကို ကာကွယ်နိုင်ပါတယ်။
ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု ဒေါက်တာ သိန်းထွန်း ကို ဆက်သွယ်မေးမြန်းထားပါတယ်။