ဟောင်ကောင်မှာတော့ ဒီမိုကရေစီရေးထောက်ခံသူတွေထောင်နဲ့ချီ ၊ ဒီကနေ့ ချီတက်ဆန္ဒပြခဲ့ကြပြီး၊ အဲဒီ ဆန္ဒပြတဲ့သူတွေကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေသုံးပြီး လူစုခွဲခဲ့ကြပါတယ်။
ဆန္ဒပြတဲ့သူတွေက ဟောင်ကောင်အုပ်ချုပ်ရေးမှူးကို ရာထူးကနေ နှုတ်ထွက်ပေးဖို့နဲ့ ရဲတပ်ဖွဲ့က ဆန္ဒပြတဲ့သူတွေအပေါ် အင်အားသုံးနှိမ်နှင်းခဲ့တာကို စုံစမ်းစစ်ဆေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ အဓိကရုဏ်းနှိမ်နှင်းရေးရဲတပ်ဖွဲ့တွေက ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသမှာရှိတဲ့ တရုတ်ပြည်မကြီး နဲ့ ဆက်ဆံရေးရုံးနားမှာ အကာအရံအတားအဆီးတွေ ချထားတဲ့ ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ပြီး နှင်းခဲ့ပါတယ်။
ဆန္ဒပြတဲ့သူထောင်ပေါင်းများစွာဟာ ပြီးခဲ့တဲ့သီတင်းပတ်တွေတုန်းကလိုပဲ၊ ဟောင်ကောင်မြို့လယ်ခေါင်းမှာ ချီတက်ဆန္ဒပြခဲ့ကြတာဖြစ်ပေမယ့် ဒီတပတ်ကတော့ အရင်သီတင်းပတ်တွေ နဲ့ မတူပါဘူး။ ရဲတပ်ဖွဲ့က တက်ကြွလှုပ်ရှားသူတွေကို တားဆီးခဲ့ပြီး၊ စီးပွားရေးဇုံက Chater ပန်းခြံမှာပဲ စုဝေးစေခဲ့ပါတယ်။ ဆန္ဒပြတဲ့သူတွေက အဲဒီကနေ အနောက်ဘက် ၂ ကီလိုမီတာလောက်မှာရှိတဲ့ ဆွန်ယက်ဆင် အထိမ်းအမှတ် ပန်းခြံကို ချီတက်ဆန္ဒပြဖို့လုပ်ခဲ့ပေမယ့်၊ ရဲတပ်ဖွဲ့က သွားခွင့်မပေးဘဲ ပိတ်ဆို့တားဆီးခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဆန္ဒပြတဲ့သူတွေများလာပြီး၊ အနီးအနားကို ဆက်ပြီးချီတက်ခဲ့ကြပါတယ်။
မနေ စနေနေ့ကတော့ တရုတ်နိုင်ငံပြည်မကြီး နဲ့ ကပ်နေတဲ့ ခရိုင်မှာ ဆန္ဒပြတဲ့သူတွေနဲ့ ရဲတွေနဲ့ ထိပ်တိုက်တွေ့ခဲ့ကြစဉ်အတွင်း ၂ ဒါဇင်ထက်မနည်း ဒဏ်ရာရခဲ့ကြပြီး၊ ဆန္ဒပြပွဲကို ဦးဆောင်သူ အပါအဝင် ၁၁ ယောက် ဖမ်းဆီခဲ့တယ်လို့ ရဲတပ်ဖွဲ့ ကြေညာပါတယ်။
၁၉၉၇ ခုနှစ်က ဟောင်ကောင်ကို ဗြိတိန်ဆီကနေ တရုတ်နိုင်ငံကို လွှဲပြောင်းပေးပြီးတဲ့နောက် ဒါဟာ ဟောင်ကောင်မှာ အဆိုးရွားဆုံး လူထုမငြိမ်သက်မှုဖြစ်ပါတယ်။ တရုတ်နိုင်ငံပြည်မကြီးကို တရားခံလွှဲပြောင်းပေးရေးဥပဒေမူကြမ်းကြောင့် ပြီးခဲ့တဲ့ဇွန်လကစပြီး ဟောင်ကောင်ဒေသခံတွေ သန်းနဲ့ချီပြီး ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ ရဲတပ်ဖွဲ့က ဆန္ဒပြတဲ့သူတွေကို မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်ဆံတွေ သုံးပြီး ၂ ကြိမ်တိုင်တိုင် နှိမ်နှင်းခဲ့ပြီး၊ အတော်များများ ဒဏ်ရာတွေရခဲ့ကြပါတယ်။
Your browser doesn’t support HTML5