ကမ္ဘောဒီးယားမှာ ဝန်ကြီးချုပ်သစ်အဖြစ် သားဖြစ်သူ အရိုက်အရာဆက်ခံ

ကမ္ဘောဒီးယားမှာ ဝန်ကြီးချုပ် Hun Sen နဲ့ သားဖြစ်သူ Hun Manet

ကမ္ဘောဒီးယားမှာ လက်ရှိဝန်ကြီးချုပ် Hun Sen ရာထူးက နုတ်ထွက်ကြောင်း ကြေညာအပြီးမှာပဲ သားဖြစ်သူ Hun Manet ကို ဝန်ကြီးချုပ်သစ်အဖြစ်ခန့်အပ်လိုက်ကြောင်း ဘုရင် Norodom Sihamoni (နိုရိုဒွန် ဆိုင်ဟာမွန်နီ) က ဒီကနေ့ တနင်္လာနေ့မှာ ကြေညာပါတယ်။ အသက် ၄၅ နှစ်ရှိပြီဖြစ်တဲ့ Hun Manet ကို ၅ နှစ်သက်တမ်း အစိုးရအဖွဲ့ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ဖို့ လက်ရှိဝန်ကြီးချုပ် Hun Sen ရဲ့တောင်းဆိုချက်နဲ့ ဘုရင် Norodom Sihamoni (နိုရိုဒွန် သီဟမုနိ) က အမိန့်ကို လက်မှတ်ရေးထိုးခဲ့တာပါ။

Hun Manet ဟာ သူ့ရဲ့ အစိုးရ အဖွဲ့ဝင်အသစ်တွေနဲ့ အတူ ဝန်ကြီးချုပ်သစ်တရားဝင်ဖြစ်ရေး သြဂုတ် ၂၂ ရက်မှာ ကျင်းပမယ့် အမျိုးသားလွှတ်တော်မှာ ယုံကြည်ထောက်ခံမှုမဲခွဲဆုံးဖြတ်ရာမှာ အနိုင်ရဖို့လိုအပ်ပါတယ်။ ပြီးရင်တော့ အဲဒီနေ့မှာပဲ ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုမယ်လို့ မျှော်လင့်ရပါတယ်။ ဝန်ကြီးချုပ် Hun Sen ရဲ့ အာဏာရ ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) က ဇူလိုင် ၂၃ ရက် အထွေထွေရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရရှိခဲ့ပြီး အမတ်နေရာ ၁၂၅ နေရာမှာ ၁၂၀ ရခဲ့ပါတယ်။

နှစ်ပေါင်း ၄၀ နီးပါး ဝန်ကြီးချုပ်ရာထူးယူထားခဲ့တဲ့ Hun Sen က ဝန်ကြီးချုပ်ရာထူးက နုတ်ထွက်မယ့် အကြောင်းနဲ့ သားဖြစ်သူ Hun Manet ကို ရာထူးလွှဲပြောင်းပေးမယ့် အကြောင်း ဇူလိုင်လ ၂၆ ရက်နေ့ကကြေညာခဲ့တာပါ။ Hun Manet ဟာ လက်ရှိမှာ CPP ပါတီ အမြဲတမ်းကော်မတီအဖွဲ့ဝင်ဖြစ်ပြီး ကမ္ဘောဒီးယားဘုရင့်တပ်မတော်ရဲ့ လက်ထောက် စစ်ဦးစီးချုပ် တာဝန်ထမ်းဆောင်နေသူလည်း ဖြစ်ပါတယ်။ အသက် ၇၁ နှစ်ရှိနေပြီဖြစ်တဲ့ Hun Sen က (CPP) ပါတီ ဥက္ကဋ္ဌအဖြစ်ဆက်ရှိနေမှာဖြစ်ပြီး ၂၀၂၄ အထက်လွှတ်တော် ရွေးကောက်ပွဲမှာ အထက်လွှတ်တော် ဥက္ကဋ္ဌ အဖြစ်ဆက်ပြီး တာဝန်ထမ်းဆောင်မယ်လို့ ပြောဆိုထားပါတယ်။

Your browser doesn’t support HTML5

ကမ္ဘောဒီးယားမှာ ဝန်ကြီးချုပ်သစ်အဖြစ် သားဖြစ်သူ အရိုက်အရာဆက်ခံ