အမေရိကန်မှာ ဟာရီကိန်းမုန်တိုင်းကြောင့် သေဆုံးသူ အနည်းဆုံး ၁၀၀ ခန့်ရှိ

ဖလော်ရီဒါမှာ ဟာရီကိန်းမုန်တိုင်းဝင်ရောက်ပြီးနောက်မြင်ကွင်း (စက်တင်ဘာ ၂၈၊ ၂၀၂၄)

အမေရိကန် ပြည်ထောင်စု အရှေ့တောင်ဖက်ကို ဝင်ရောက်ခဲ့တဲ့ ဟာရီကိန်းမုန်တိုင်း Helene ကြောင့် သေဆုံးသူ ၁၀၀ နီးပါး ရှိခဲ့ပြီး နောက်ထပ် တိုးလာနိုင်တယ်လို့လည်း ခန့်မှန်းနေပါတယ်။ ဆယ်စုနှစ် တခုအတွင်း ရေဘေးဒဏ်အဆိုးဆုံးခံခဲ့ရတဲ့ မြောက်ကယ်ရိုလိုင်းနား ပြည်နယ်မှာ လမ်းတွေ၊ တံတားတွေပျက်စီးပြီး အဆက်အသွယ်တွေ ပြတ်တောက်နေသလို၊ သေဆုံးသူတွေ တိုးလာနိုင်တယ်လို့လည်း ဒေသခံတာဝန်ရှိသူတွေက ခန့်မှန်းနေကြပါတယ်။

"ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်နေပြီး၊ သေဆုံးမှုတွေကို အတည်ပြုရတဲ့ လုပ်ငန်းကတော့ အချိန်ယူပြီး၊ ရှုပ်ထွေးပါတယ်" လို့ မြောက်ကယ်ရိုလိုင်းနားပြည်နယ် အုပ်ချုပ်ရေးမှူး Roy Cooper ပြောပါတယ်။

မြောက်ကယ်ရိုလိုင်းနားပြည်နယ်ဟာ ရာစုနှစ် တခုအတွင်း အဆိုးဆုံး ရေဘေးဒဏ်ကြုံခဲ့ရတာပါ။ မုန်တိုင်းဒဏ် အဆိုးဆုံးခံခဲ့ရတဲ့ မြောက်ကယ်ရိုလိုင်းနား ပြည်နယ်က Asheville တောင်ပေါ်မြို့မှာတင် သေဆုံးသူ ၃၀ ရှိခဲ့တာပါ။ တခြားဒေသတွေက သေဆုံးမှုတွေနဲ့ပါ ပေါင်းရင်တော့ တနင်္ဂနွေနေ့အထိ သေဆုံးသူ အရေအတွက် ၉၁ ယောက်ကို အတည်ပြုထားပါတယ်။

ဟာရီကိန်းမုန်တိုင်း Helene ဟာ Florida ပြည်နယ်၊ Big Bend ဒေသကို ပြီးခဲ့တဲ့ ကြာသပတေးနေ့ နှောင်းပိုင်းမှာ ပြင်းအားအဆင့် ၄ လေတိုက်နှုန်း တနာရီ မိုင် ၁၄၀ နှုန်းနဲ့ ဝင်ရောက်ခဲ့ပြီး၊ Georgia, တောင်၊ မြောက် Carolina နဲ့ Tennessee ပြည်နယ်တွေကို ဖြတ်သန်း တိုက်ခတ်ခဲ့ပါတယ်။ မုန်တိုင်းနဲ့အတူ မိုးသည်းထန်ရွာသွန်းမှုတွေကြောင့် နောက်ဆက်တွဲ ရေဘေးနဲ့လည်း ရင်ဆိုင်ခဲ့ရတာပါ။

တနင်္ဂနွေနေ့ ညအထိ အိမ်ခြေ ၂ သန်းကျော်ဟာ လျှပ်စစ်မီးတွေ ပြတ်တောက်နေပါတယ်။ သမ္မတ Joe Biden ကတော့ ကယ်ဆယ်၊ ကူညီရေး လုပ်ငန်းတွေကို မထိခိုက်ဘူးဆိုရင် မုန်တိုင်းဒဏ်သင့် ဒေသကို သွားရောက်ကြည့်ရှုမယ်လို့ ပြောပါတယ်။

Your browser doesn’t support HTML5

အမေရိကန်မှာ ဟာရီကိန်းမုန်တိုင်းကြောင့် သေဆုံးသူ အနည်းဆုံး ၁၀၀ ခန့်ရှိ