အာသံမှာ လူ ၂ သန်းနီးပါး နိုင်ငံမဲ့မဖြစ်ရေး အိန္ဒိယကို ကုလသတိပေး

UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Filippo Grandi က အိန္ဒိယ အရှေ့မြောက်ပိုင်း အာသံပြည်နယ် တွင်း နေထိုင်သူ တစ်ဦးတစ်ယောက်မှ နိုင်ငံမဲ့တွေ မဖြစ်ရေး လိုအပ်တာတွေ ဆောင်ရွက်ပေးဖို့ အိန္ဒိယ အာဏာပိုင်တွေကို တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံသား စိစစ်ရေး မှတ်ပုံတင်စာရင်းကို ထုတ်ပြန်ပြီးနောက်ပိုင်း အာသံ ပြည်နယ်တွင်း နေထိုင်သူ ၂ သန်းနီးပါးဟာ နိုင်ငံမဲ့တွေ ဖြစ်သွားဖို့ အရေး ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ UNHCR ရုံးစိုက်ရာ ဂျီနီဗာမြို့က Lisa Schlein သတင်းပေးပို့ထားတာကို ကိုရဲမင်းထွန်းက ဆက်လက် ပြောပြ ပေးပါမယ်။

ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးအနေနဲ့ အိန္ဒိယနိုင်ငံသား ဟုတ်မဟုတ် အသိအမှတ်ပြုခွင့်ရှိတဲ့ အိန္ဒိယနိုင်ငံရဲ့ အချုပ်အခြာ အာဏာနဲ့ လုပ်ပိုင်ခွင့်ကို မေးခွန်းထုတ်နေတာ မဟုတ်ဘဲ မကြာသေးခင်ကထုတ်ပြန်ခဲ့တဲ့ နိုင်ငံသား မှတ်ပုံတင်စာရင်းကနေ ချန်လှပ်ထားခြင်း ခံရလို့ နိုင်ငံမဲ့ ဖြစ်လာမယ့်သူတွေအရေးကိစ္စကို စိုးရိမ်ပူပန်မှု များစွာ ရှိနေတယ်လို့ ပြောပါတယ်။ UNHCR ပြောခွင့်ရ Babar Baloch ကတော့ ဒီလို ဖြစ်မလာစေဖို့အတွက် အဖက်ဖက်က အစွမ်းကို လုပ်ဆောင်ရမယ်လို့ ပြောပါတယ်။

“ကုလသမဂ္ဂ မဟာမင်းကြီးရုံးကို ပေးအပ်ထားတဲ့ လုပ်ပိုင်ခွင့်နဲ့ အညီ ကျွန်တော်တို့ အိန္ဒိယကို တောင်းဆိုနေတာက လူတွေ အနေနဲ့ သတင်း အချက်အလက်တွေ၊ တရားရေးဆိုင်ရာ အကူအညီတွေ လုံလုံလောက်လောက် ရရှိစေဖို့ပါ။ ဒါမှ အဲဒီလူတွေ ဘယ်သူမှ နိုင်ငံသား မဖြစ်ပဲ မကျန်ရစ်ခဲ့မှာ။”

နိုင်ငံသား မှတ်ပုံတင် စာရင်းထဲ မပါဝင်သူတွေဟာ တရားရုံးတစ်ပိုင်း ဖြစ်တဲ့ ဒေသဆိုင်ရာ ရုံးတွေမှာ နိုင်ငံသားဖြစ်ကြောင်း သက်သေပြဖို့ ရက်ပေါင်း ၁၂၀ ရရှိမှာဖြစ်ပါတယ်။ တရားမဝင် ဝင်ရောက်တယ်လို့ သတ်မှတ်ခြင်းခံရသူတွေကတော့ အထက် တရားရုံးတွေကို တက်ရောက် ရမှာဖြစ်ပါတယ်။ ဒီဖြစ်စဉ်အရ ဘာတွေ ဖြစ်လာမလဲဆိုတာကို ပြောဖို့ စောလွန်းသေးတယ်လို့လည်း Baloch က ပြောပါတယ်။ ဒါပေမဲ့ အဲဒီလူတွေ သတင်းအချက် မှန်မှန်မရမှာနဲ့ အသနားခံလွှာတင်ဖို့ ငွေကြေးလုံလုံလောက်လောက် မရှိတဲ့အကြောင်းတွေကြောင့် နောက်ဆုံးမှာ နိုင်ငံမဲ့တွေ ဖြစ်သွားမယ့်အရေးကိုတော့ စိုးရိမ် ပူပန်မိတယ်လို့လည်း သူက ပြောပါတယ်။

“ဒီဖြစ်စဉ်ကြောင့် လူတွေ ကြုံတွေ့နေရတဲ့ နိုင်ငံမဲ့ ဖြစ်မယ့် အန္တရာယ် အခက်အခဲတွေ လျော့ပါးသွားဖို့ အိန္ဒိယ အစိုးရအနေနဲ့ လုပ်စရာရှိတာလုပ်ဖို့ ကျွန်တော်တို့က တိုက်တွန်းနေတာပါ။ အိန္ဒိယ ပြည်ပရေးရာ ဝန်ကြီးဌာနက ကြေညာချက်တွေမှာတော့ အားတက် စရာ တစ်ချို့ကို တွေ့ရပါတယ်။ စာရင်းထဲမပါဘဲ ကျန်နေသူတွေအနေနဲ့ သူတို့ရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေ အပြည့်အဝရမယ် ဆိုတာမျိုးပါ။”

အာသံပြည်နယ်ထဲက လူပေါင်း ၂ သန်းနီးပါးလောက် နိုင်ငံမဲ့သွားစေမယ့် ဘယ် လုပ်ရပ်မဆိုဟာ နိုင်ငံမဲ့ ဦးရေ လျော့ပါးရေး တစ်ကမ္ဘာလုံးက ကြိုးစားအားထုတ်နေတာကိုတော့ ကြီးကြီကျယ်ကျယ် ထိခိုက်သွားစေနိုင်တယ်လို့လည်း UNHCR က ပြောပါတယ်။ UNHCR အဖွဲ့ရဲ့ အဆိုအရ ကမ္ဘာပေါ်မှာ လူ ၁၀ သန်းဟာ နိုင်ငံမဲ့ ဘဝမှာ နေနေကြရပါတယ်။ သူတို့ဟာ ပညာရေး၊ အလုပ်အကိုင်နဲ့ ကျန်းမာရေးဆိုင်ရာ အခွင့်အရေးတွေ ကင်းမဲ့နေသလို မွေးစာရင်းနဲ့ အိမ်ထောင်စာရင်းတွေကိုလည်း လျှောက်ထားခွင့် မရှိကြပါဘူး။

နိုင်ငံသား ဖြစ်ကြောင်း သက်သေခံ မပြနိုင်သူတွေကို နှင်ထုတ်တာတို့ ထိန်းသိမ်းတာတို့ မလုပ်ဖို့ကိုလည်း UNHCR က အိန္ဒိယ အာဏာပိုင် တွေကို တောင်းဆိုထားပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ အထောက်အထားမဲ့ ဝင်ရောက်လာသူတွေကို ပြန်လည် နှင်ထုတ်နိုင်ဖို့ ဒီလို လုပ်တာဖြစ်ကြောင်း ထွက်ပေါ်လာတဲ့ သတင်းတွေနဲ့အတူ အိန္ဒိယအစိုးရကတော့ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ကာကွယ် ပြောကြားနေခဲ့ပါတယ်။ တစ်ချို့ ဝေဖန်သူတွေကလည်း ဘင်္ဂလားဒေ့ရှ်ကနေ အများဆုံး ဝင်ရောက်လာတဲ့ မူဆလင် ဘာသာဝင်တွေကို နှင်ထုတ်ဖို့ ဒီလို လုပ်တာလို့လည်း ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရကတော့ အာသံ ပြည်နယ်က နှင်ထုတ်ခံရသူ ဘယ်သူ့ကိုမှ လက်ခံမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။ လောလော ဆယ်မှာလည်း မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ ထွက်ပြေးသွားခဲ့တဲ့ ရိုဟင်ဂျာ တစ်သန်းကျော်ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံက ခိုလှုံခွင့် ပေးထားရကြောင်းပါ။

Your browser doesn’t support HTML5

အာသံမှာ လူ ၂ သန်းနီးပါး နိုင်ငံမဲ့မဖြစ်ရေး အိန္ဒိယကို ကုလသတိပေး