မိုဒီ-ရှီကျင့်ဖျင် တွေ့ဆုံမှု အိန္ဒိယ-တရုတ်ဆက်ဆံရေး အလားအလာကောင်း

အိန္ဒိယဝန်ကြီးချုပ်မိုဒီ နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်

ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ဖို့လိုအပ်တယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင် နဲ့ အိန္ဒိယ ဝန်ကြီးချုပ် နရိန္ဒာ မိုဒီ တို့ဟာ ငါးနှစ်အတွင်း တွေ့ဆုံကြတဲ့ ပထမဆုံး အစည်းအဝေးမှာ အလေးအနက် ပြောလိုက်ကြပါတယ်။ ၂၀၂၀ မှာ နှစ်နိုင်ငံနယ်စပ်မှာ စစ်ဖြစ်ခဲ့ကြပြီးကတည်းက နှစ်နိုင်ငံဆက်ဆံရေး တင်းမာနေခဲ့တာပါ။ ရုရှားနိုင်ငံ ကာဇန်မြို့ မှာ ကျင်းပနေတဲ့ BRICS ထိပ်သီး ညီလာခံ ဘေးပန်းမှာ သူတို့ နှစ်ယောက် တွေ့ဆုံခဲ့ကြတာပါ။

တဘက်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအိပ်မက်တွေကို အသိအမှတ်ပြုပြီး၊ နှစ်နိုင်ငံကြား ခြားနားချက်တွေနဲ့ လမ်းကြောင်း ကွဲပြားချက်တွေကိုကိုင်တွယ်ရင်း ဆက်သွယ်ရေးနဲ့ ပူးပေါင်း ဆောင်ရွက်ရေး ခိုင်မာအောင် ဆောင်ရွက်သင့်တယ်လို့ သမ္မတရှီကျင့်ဖျင်က ပြောကြောင်း တရုတ်နိုင်ငံတော်ပိုင် ရုပ်မြင်သံကြားကတင်ပြသွားပါတယ်။ နယ်စပ်မှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းမှုထိန်းသိမ်းဖို့က ကျွန်တော်တို့ရဲ့ ဦးစားပေး ဖြစ်သင့်ပါတယ်လို့ အိန္ဒိယဝန်ကြီးချုပ် မိုဒီကပြောပါတယ်။

နှစ်ဖက်ယုံကြည်မှု၊ နှစ်ဖက်လေးစား၊ နှစ်ဖက်ထိရှ အလေးထားတာဟာ ကျွန်တော်တို့ရဲ့ ဆက်ဆံရေး အခြေခံ ဖြစ်သင့်တယ်လို့ မိုဒီက ဆိုပါတယ်။ တည်ငြိမ်၊ ကြိုတင် ခန့်မှန်းနိုင်ပြီး၊ အခင်မင်မပျက်မယ့် တရုတ်နဲ့ အိန္ဒိယ ဆက်ဆံရေးဟာ ဒေသတွင်းနဲ့ ကမ္ဘာ့ ငြိမ်းချမ်း ကြွယ်ဝရေးအတွက် အပြုသဘော သက်ရောက်လိမ့်မယ်လို့ အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

Your browser doesn’t support HTML5

မိုဒီ-ရှီကျင့်ဖျင် တွေ့ဆုံမှု အိန္ဒိယ-တရုတ်ဆက်ဆံရေး အလားအလာကောင်း