အိန္ဒိယ နိုင်ငံ ရွေးကောက်ပွဲ ဒီနေ့ စတင်ပါပြီ။ ရက်သတ္တပတ် ၅ ပတ် ကြာမြင့်မယ့် ဒီရွေးကောက်ပွဲကနေ ပါလီမန်သစ် တရပ်နဲ့ ဝန်ကြီးချုပ် တဦးကို ရွေးချယ်မှာ ဖြစ်ပါတယ်။ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီ နိုင်ငံ ဖြစ်တဲ့ အိန္ဒိယဟာ ကမ္ဘာပေါ်မှာ တရုတ်ပြီးရင် လူဦးရေ အများဆုံး ဖြစ်ပါတယ်။
ပထဝီနိုင်ငံရေး အရလည်း အချက်အချာ ကျတဲ့ နိုင်ငံတခု ဖြစ်ပါတယ်။ အခု ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ သန်းပေါင်း ၉၀၀ ရှိနေပါတယ်။ မဲရုံ လုပ်သားပေါင်း အနည်းဆုံး ၁၁ သန်း၊ အီလက်ထရောနစ် မဲပေးစက် ၂ ဒသမ ၃ သန်း၊ နိုင်ငံရေး ပါတီပေါင်း ၂၀၀ ကျော် အထိ များပြားပါတယ်။
အထူး ရထား၊ သဘောၤ ၊ ရဟတ်ယာဉ်တွေသာ မက ဆင်တွေကိုပါ အသုံးပြုပြီး သယ်ယူပို့ဆောင်ရေး လွယ်ကူအောင် လုပ်ပေးနေပါတယ်။ အာဏာကြီးမားတဲ့လက်ရှိ ဝန်ကြီးချုပ် နရိန္ဒြာမိုဒီကို ပြည်သူလူထုက ကြိုက်မကြိုက် ဆိုတာ စမ်းသပ်မယ့်ပွဲလည်း ဖြစ်ပါတယ်။
ဟိန္ဒူ အမျိုးသားရေး ဝါဒီ နိုင်ငံရေးကို ဖော်ဆောင်မယ့် မစ္စတာ နရိန္ဒြာမိုဒီကြောင့် အိန္ဒိယ နိုင်ငံတွင်းမှာ စိတ်ဝမ်းကွဲပြားမှုတွေလည်း အများကြီး ရှိခဲ့ပါတယ်။ ဒါပေမယ့် အိန္ဒိယ လူထု အများစုကတော့ မိုဒီရဲ့ အုပ်ချုပ်ရေးဟာ ထက်မြက်မှု ရှိတယ်၊ အဂတိ လိုက်စားမှုနည်းတယ်ဆိုပြီး သူ့ကို သဘောကျနေကြပါတယ်။
လူမျိုးစုငယ်တွေနဲ့ ပညာတတ် လူတန်းစားတွေက သူ့ကို သိပ်မကြိုက်ကြပါဘူး။ ဒါကြောင့်လည်း အတိုက်အခံ ဖြစ်တဲ့ Indian National Congress ပါတီက အလားအလာလည်း ရှိနေဆဲပါ။ သို့သော်လည်း ဒီ National Congress ပါတီဟာ အိန္ဒိယ နိုင်ငံမှာ လွတ်လပ်ရေး ရပြီးကတည်းက အုပ်ချုပ်လာပေမယ့် အခုအခါမှာ ပြတ်သားတဲ့ မူဝါဒကို ချခင်း မပြနိုင်ဘူးလို့လည်း ဝေဖန်ခြင်းခံနေရပါတယ်။ သမိုင်းတလေ ျှာက်မှာတော့ လူနည်းစု အခွင့်အရေးကို မြှင့်တင်ပြီး ဆိုရှယ်လစ်မူဝါဒတွေကြောင့် စီးပွားရေး ပညာရေးတွေလည်း တိုးတက်ခဲ့တာတွေလည်း ရှိပါတယ်။
၁၇ ကြိမ်မြောက် Lok Sabha ခေါ် အိန္ဒိယလွှတ်တော်အတွက် ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲကြီးကို ၇ ဆင့်ခွဲပြီး ဧပြီလ ၁၁ ရက်၊ ၁၈ ရက်၊ ၂၃ ရက်၊ ၂၉ ရက် အပြင် မေလ ၆ ရက်၊ ၁၂ ရက်နဲ့ ၁၉ရက်နေ့တွေမှာ ခွဲပြီး ကျင်းပဖို့ ရှိပါတယ်။ မဲအနိုင်အရှုံး စာရင်းတွေကို မေလ ၂၃ ရက်မှာ ထုတ်ပြန်ပေးမှာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5