သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယရွေးကောက်ပွဲ အနိင်ရဖို့ ဝန်ကြီးချုပ်မိုဒီ ကြိုးပမ်း


အိန္ဒိယနိုင်ငံရဲ့ရွေးကောက်ပွဲတွေ မနက်ဖြန် ကြာသပတေးနေ့မှာ စတင်ပါတော့မယ်။ ဝန်ကြီးချုပ် Narendra Modi က တော့ အိန္ဒိယနိုင်ငံဆက်ပြီး တိုးတက်အောင် လုပ်ဆောင်မယ့် အားကောင်းတဲ့ မျိုးချစ်ဝါဒီတဦးအဖြစ် ကြွေးကြော် ထားပြီး ဒီတခါလည်း သူပဲနိုင်မယ် လို့မျှော်လင့်နေပါတယ်။ ရွေးကောက်ပွဲမှာအဓိကကျတဲ့ Uttar Pradesh ပြည်နယ်က မဲဆန္ဒရှင် တွေနဲ့တွေ့ဆုံပြီး ဗီအိုအေသတင်းထောက် Anjana Pasricha ပေးပို့ထားတဲ့သတင်းကို ကိုကျော်အောင်လွင် ဆက်ပြော ပါလိမ့်မယ်။

အိန္ဒိယနိုင်ငံမြောက်ပိုင်းက Uttar Pradeshပြည်နယ်ဟာ နိုင်ငံရဲ့လူဦးရေ အထူထပ်ဆုံးပြည်နယ်ဖြစ်တာကြောင့် လွှတ် တော်ကိုယ်စားလှယ် အရေအတွက်လည်း အများဆုံးပြည်နယ်ပါ။ အဲဒါကြောင့် ဒီပြည်နယ်က မဲဆန္ဒရှင်အများစုက ဘယ်သူ့ကို မဲထည့်မလဲ ဆိုတာက ရွေးကောက်ပွဲရလာဒ်တွေအပေါ်မှာ တော်တော်အကျိုးသက်ရောက်မှုရှိတာပါ။ လက်ရှိဝန်ကြီးချုပ် Narendra Modi ကတော့ ရွေးကောက်ပွဲကာလ မဲဆွယ်မှုတွေအတွင်း အလုပ်လက်မဲ့ ဦးရေးတိုးလာနေတဲ့ကိစ္စ၊ တော နယ်တွေက ဆင်းရဲမွဲတေမှုကိစ္စတွေကို ရှင်းအောင်လုပ်မယ်လို့ ပြောနေပါတယ်။

Uttar Pradeshပြည်နယ် Saunda ရွာက ကြံစိုက်ပျိုးသူ Dharmendra Kumar ကတော့ လွန်ခဲ့တဲ့ ငါးနှစ်တုန်းက ဝန်ကြီး ချုပ်မိုဒီ ပေးထားခဲ့တဲ့ကတိတွေ ဘာမှဖြစ်မလာဘူးလို့ဆိုပါတယ်။

“ဝန်ကြီးချုပ်မိုဒီက ကျနော်တို့ကို ကတိတွေတော်တော်များများပေးခဲ့ပြီး ပြောသလိုမလုပ်ခဲ့ပါဘူး။ ကျနော်တို့ရဲ့ထွက်ကုန် တွေကို ဈေး၂ဆတိုးပေးမယ်လို့သူကတိပေးခဲ့တာပါ။ ကျနော်တို့ ဘာမှမရပါဘူး”

Dharmendra Kumar က ဝန်ကြီးချုပ်မိုဒီပေးတဲ့ အိမ်မက်တွေထဲ နှစ်မျောခဲ့ရတာကို နောင်တရနေပေမဲ့လည်း အခုတခါ ရွေးကောက်ပွဲမှာလည်း ဝန်ကြီးချုပ်မိုဒီရဲ့ BJP ပါတီကိုပဲ မဲထည့်ဖို့ စိတ်ကူးထားပါတယ်။ ဘာကြောင့်လည်းဆိုတော့ တခြားအလားအလာကောင်းတဲ့ ပါတီအဖွဲ့အစည်း တခုမှ သူမမြင်ရလို့ပါတဲ့။

တောင်သူလယ်သမားတွေ ဝင်ငွေထိုးကျသွားရတဲ့ကိစ္စနဲ့ပတ်သက်ပြီး တောနယ်တွေမှာမကျေနပ်မှုတွေတော်တော် များ များရှိနေပြီး BJP ပါတီကို အပြစ်တင်နေကြတာပါ။ ဒါပေမဲ့ လယ်သမားတွေကို အမေရိကန်ဒေါ်လာ ၈၅ဒေါ် လာနဲ့ ညီမျှ တဲ့ အိန္ဒိယ ရူပီးငွေတွေ နှစ်စဉ်ထောက်ပံ့မယ်လို့ မကြာခင်ကပဲ BJP ပါတီက ကတိပေးထားတာကြောင့် လယ်သမား တွေ စိတ်သက်သာလိမ့်မယ်လို့ မျှော်လင့်နေပါတယ်။ ပြီးခဲ့တဲ့ဖေဖေါ်ဝါရီလတုန်းက ပါကစ္စတန် နိုင်ငံထဲမှာ ရှိတဲ့ စစ်သွေးကြွစခန်း တခုကို လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဖို့ ဝန်ကြီးချုပ်မိုဒီက အမိန့်ပေးခဲ့တာနဲ့ ပတ်သက်ပြီး သဘောကျတဲ့သူ တွေ Uttar Pradesh ပြည်နယ်ထဲမှာတော်တော်များများရှိနေပါတယ်။ အဲဒီအထဲမှာ အရောင်းမြှင့်တင်ရေးအရာရှိ Siddsart Vats လည်းပါပါတယ်။

“အိန္ဒိယက တိုးတက်နေပါတယ်။ ကျနော်တို့ရဲ့ စီးပွားရေးကလည်း တိုးတက်နေပါတယ်။ မကြာခင်တုန်းကပါကစ္စတန်နဲ့ဖြစ် ခဲ့တဲ့ တင်းမာမှုမှာ ဝန်ကြီးချုပ်မိုဒီက ခပ်ပြတ်ပြတ် ခပ်မာမာရပ်တည်ခဲ့တာပါ။ သူမို့လို့ဒီလိုရပ်တည်ရဲတာပါ”

နောက်ဆုံးထွက်လာတဲ့ လူထုသဘောထားကောက်ခံချက်တွေအရ Uttar Pradeshပြည်နယ်ရဲ့ လွှတ်တော်အမတ်နေရာ ရှစ်ဆယ်မှာ ငါးဆယ်ကို ဝန်ကြီးချုပ်မိုဒီရလိမ့်မယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၄ခုနှစ်တုန်းကတော့ နေရာ ၈၀ မှာ ဝန်ကြီးချုပ်မိုဒီက ၇၁နေရာ အနိုင်ရခဲ့တာပါ။ နိုင်ငံရေးအကဲခတ် Neerja Chowdhury ကတော့ ဝန်ကြီးချုပ်မိုဒီရဲ့အရှိန်အဝါနဲ့ နောက်တကြိမ် ထပ်ပြီးအနိုင်ရလိမ့်မယ်လို့ BJP ပါတီကမျှော်လင့်နေတယ်လို့ဆိုပါတယ်။

“ဝန်ကြီးချုပ်မိုဒီ မဲအများစုရနိုင်မလားဆိုတာက မေးခွန်းထုတ်စရာပါ။ ဒါပေမဲ့ သူ့ကို နောက်တကြိမ်ထပ်ပြီး အုပ်ချုပ်စေချင် တဲ့သူတွေရှိတာကတော့ အမှန်ပါပဲ။ ဘာကြောင့်လဲဆိုတော့ ဝန်ကြီးချုပ် မိုဒီဟာ အားကောင်းတဲ့ ခေါင်းဆောင်တဦး၊ လုပ် ဆောင်နိုင်စွမ်းရှိသူတဦး၊ အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းနိုင်သူတဦးအဖြစ် မြင်နေကြတဲ့သူတွေရှိပါတယ်။ ဆိုတော့ ဘာဖြစ်လာမလဲဆိုတာ ကျမတို့ကြည့်ကြရအောင်ပါ။ ဒါပေမဲ့ ဒီကနေ့ အိန္ဒိယက သဘောထား ကွဲလွဲမှုတွေအကြီး အကျယ်ရှိနေတဲ့ နိုင်ငံတခုဖြစ်နေပါတယ်”

မဲဆန္ဒရှင်တွေရဲ့ သဘောထားပြောင်းလဲမှုတွေကလည်း တော်တော်ကြီးကြီးမားမားရှိတာပါ။ Uttar Pradesh ပြည်နယ်က ထည့်မဲ့မဲတွေကတော့ အိန္ဒိယရဲ့ရွေးကောက်ပွဲရလဒ်တွေအပေါ် သိသိသာသာ ရိုက်ခတ်မှုရှိပါလိမ့်မယ်။ အခုကျင်းပမယ့် ရွေးကောက်ပွဲတွေကို ဧပြီလ ၁၁ရက်ကနေ မေလ ၁၉ရက်နေ့ အထိ အဆင့် ၇ဆင့်ခွဲပြီး ကျင်းပသွားမှာပါ။ မေလ ၂၃ရက် နေ့ကျရင်တော့ မဲတွေကိုရေတွက်မှာဖြစ်ပြီး အဲဒီနေ့မှာပဲ မဲရလဒ်တွေကို တရားဝင်ထုတ်ပြန်သွားဖို့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG