အီရန်- ရုရှား- အိုမန် အိန္ဒိယသမုဒ္ဒရာထဲ ပူးတွဲစစ်ရေးလေ့ကျင့်

ရုရှားနှင့် အီရန် အိုမန်ပင်လယ်ကွေ့အတွင်း စစ်ရေးလေ့ကျင့်နေစဉ်။

အီရန် ဦးဆောင်ပြီး ရုရှားနဲ့ အိုမန်တို့ ပါဝင်တဲ့ အိန္ဒိယသမုဒ္ဒရာထဲက ပူးတွဲရေတပ် စစ်ရေးလေ့ကျင့်မှုကို စနေနေ့မှာ စတင်ခဲ့ပြီး လေ့လာသူတွေ အဖြစ် နိုင်ငံပေါင်း ၉ နိုင်ငံက တက်ရောက်ခဲ့ကြကြောင်း အီရန်အစိုးရ ရုပ်သံမှာ ဖေါ်ပြပါတယ်။

"IMEX 2024" လို့ နာမည်ပေးထားတဲ့ ဒီစစ်ရေးလေ့ကျင့်မှုဟာ ဒေသတွင်းလုံြံခုံရေး ပူးပေါင်းဆောင်ရွက်မှု တိုးလာစေဖို့ ရည်ရွယ်သလို၊ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်ဖို့၊ ရေကြောင်းလုံခြုံရေး၊ မိတ်ဆွေဖြစ်မှုနဲ့ ငြိမ်းချမ်းရေးကို ကာကွယ်နိုင်စွမ်းရှိဖို့ ဖြစ်ကြောင်း အင်္ဂလိပ်ဘာသာနဲ့ ထုတ်လွှင့်တဲ့ သတင်းမှာ ဖေါ်ပြထားတာပါ။

ဒီပူးတွဲလေ့ကျင့်မှုဟာ နိုင်ငံတကာ ရေကြောင်းကုန်သွယ်မှု လုံခြုံစေမယ့် နည်းဗျူဟာတွေ၊ ရေကြောင်းသွားလာရေး လမ်းကြောင်း အကာကွယ်ပေးရေး၊ လူသားစာနာမှု ဆိုင်ရာမြှင့်တင်ရေး၊ ကယ်ဆယ်ကူညီရေး လုပ်ငန်းတွေမှာ အချက်အလက် ဖလှယ်ရေးတွေကို လေ့ကျင့်ကြတာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ဒေသတွင်း ဂါဇာက အစ္စရေးနဲ့ ဟားမတ်စ် စစ်ပွဲအပြင် ယီမင်က အီရန်အထောက်အပံ့ပေးနေတဲ့ ဟူသီသူပုန်တွေ ပင်လယ်နီမှာ သင်္ဘောတွေကို တိုက်ခိုက်နေတာကြောင့် တင်းမာမှုတွေ တိုးနေချိန်မှာ အခုလို ပူးတွဲစစ်ရေး လေ့ကျင့်မှု လုပ်လာတာပါ။ ဒေသတွင်း အမေရိကန်နဲ့ တင်းမာမှုတွေကြောင့် အီရန်ဟာ ရုရှား- တရုတ်တို့နဲ့ စစ်ရေးပူးပေါင်းမှုတွေ တိုးလုပ်လာပါတယ်။

မတ်လထဲမှာပဲ အီရန်၊ တရုတ်နဲ့ ရုရှား ၃ နိုင်ငံက အိုမန်ပင်လယ်ကွေ့ ဒေသမှာ ပဉ္စမ အကြိမ်မြောက် ပူးတွဲ ရေတပ်လေ့ကျင့်ရေး လုပ်ဆောင်ခဲ့ပြီး ဆော်ဒီအာရေဗျ၊ ကာတာ၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နဲ့ ထိုင်းတို့က လေ့လာသူတွေ အဖြစ် တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

အီရန်- ရုရှား- အိုမန် အိန္ဒိယသမုဒ္ဒရာထဲ ပူးတွဲစစ်ရေးလေ့ကျင့်