အီရတ်စစ်တွင်း ရက်စက်မှုများ Wikileaks ဖော်ထုတ်

WikiLeaks တည်ထောင်သူ Julian Assange သတင်းစာရှင်းလင်းပွဲ လုပ်နေစဉ် (အောက်တိုဘာ ၂၃၊ ၂၀၁၀)

အီရတ်စစ်ပွဲက အမေရိကန်စစ်တပ်ရဲ့ လျှို့ဝှက်စာရွက်စာတမ်းပေါင်း ၄ သိန်း သူတို့ရဲ့ အင်တာနက် စာမျက်နှာမှာ တင်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဝီကီလိခ် ဝက်ဘ်ဆိုက် (Wikileaks) က ကာကွယ် ပြောဆိုသွားပါတယ်။ အရပ်သား အသေအပျောက်၊ ထိန်းသိမ်းခံရသူတွေ အပေါ် မတော်မတရားလုပ်မှုနဲ့ အီရန်နိုင်ငံရဲ့ လုပ်ဆောင်ချက် အသေးစိတ်တွေကို ဒီစာရွက်စာတမ်းတွေထဲမှာ အသေးစိတ် ဖော်ပြထားတာပါ။

အီရတ်စစ်ပွဲရဲ့ တကယ့် အမှန်ကို ဒီစာတွေက ပြနေတယ်လို့ WikiLeaks တည်ထောင်သူ Julian Assange က ပြောပါတယ်။ အဖွဲ့တစ်ဖွဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ထိခိုက်နစ်နာစေမယ့် အချက်အလက်တွေ ဒီစစ်ပွဲ အစီရင်ခံစာတွေထဲမှာ မပါဘူးလို့ လန်ဒန် သတင်းစာရှင်းလင်းပွဲမှာ သူက ပြောပါတယ်။

အမေရိကန် တပ်တွေနဲ့ အီရတ် မဟာမိတ်တပ်တွေမှာ ရှိတဲ့ စစ်သားတွေရဲ့ ဘဝကို ထိခိုက်နိုင်တယ်လို့ အမေရိကန် စစ်တပ်က အစောပိုင်းတုန်းက ပြောဆိုပြီး ခုလို စာရွက်စာတမ်းတွေ အင်တာနက်ပေါ် တင်တာကို ရှုတ်ချထားပါတယ်။

၂၀၀၃ ခုနှစ်က အီရတ်ကို ကျူးကျော် တိုက်ခိုက်ခဲ့တဲ့ အချိန်ကနေ မနှစ် နှစ်ကုန်အထိ လူပေါင်း ၁ သိန်း ၉ ထောင် သေဆုံးခဲ့တယ်လို့ ဒီစာရွက်စာတမ်းတွေက ဆိုပါတယ်။ ၆၀ ရာနှုန်းကျော်က အီရတ် အရပ်သားတွေပါ။

အီရတ်မှာ သေဆုံးကြသူတွေကို လေ့လာနေတဲ့ Iraq Body Count အဖွဲ့ကတော့ အီရတ် အရပ်သားတွေ သေကြတာ ၈၀ ရာနှုန်းကျော်တယ်လို့ ဆိုပါတယ်။