လိင်တူစုံမက်သူ Ireland ဝန်ကြီးချုပ်သစ်

Ireland နိုင်ငံ အာဏာရ Fine Gael ပါတီရဲ့ခေါင်းဆောင်Leo Varadkar ။

Ireland နိုင်ငံ အာဏာရ Fine Gael ပါတီရဲ့ခေါင်းဆောင်အဖြစ် India နွယ်ဖွား လိင်တူစုံမက်သူကို ရွေးချယ်လိုက်ကြပါတယ်။ သောကြာနေ့ကလုပ်တဲ့ ပါတီခေါင်းဆောင်ရွေးကောက်ပွဲမှာ India ကနေ လာရောက် အခြေချသူတယောက်ရဲ့ သားဖြစ်ပြီး လိင်တူစုံမက်သူဖြစ်တယ်လို့ လူသိရှင်ကြား အသိပေးထားသူ Leo Varadkar အနိုင်ရရှိခဲ့တာပါ။

သူဟာ အသက် ၃၈ နှစ်သာရှိသေးတဲ့အတွက် Ireland နိုင်ငံရဲ့ အသက်အငယ်ဆုံး ဝန်ကြီးချုပ်ဖြစ်လာမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ ထောက်ခံမဲ ၆၀% နဲ့ အနိုင်ရခဲ့တာပါ။ အနားယူတော့မယ်လို့ ပြီးခဲ့တဲ့လက ကြေညာထားတဲ့ လက်ရှိပါတီခေါင်းဆောင် ဝန်ကြီးချုပ် Enda Kenny နေရာမှာ Leo Varadkar က အစားထိုးတာဝန်ယူတဲ့အတွက် သူဟာ အလိုအလျောက် Ireland နိုင်ငံရဲ့ ဝန်ကြီးချုပ်နေရာကိုလည်း ရသွားပါတယ်။

ဒါပေမဲ့ ပါတီရဲ့ရွေးချယ်မှုကို လွှတ်တော်က အပြည့်အဝထောက်ခံဖို့ လိုသေးတာမို့ June လ ၁၃ ရက်နေ့မှာ ပြန်စမယ့် လွှတ်တော်ကျရင် မဲခွဲဆုံးဖြတ်ကြမှာဖြစ်ပါတယ်။ သူ့လို India နွယ်ဖွား လိင်တူစုံမက်သူတယောက်ကို Fine Gael (Fin nay gway) ပါတီ ခေါင်းဆောင် အဖြစ်ရွေးချယ်လိုက်တာကို ကြည့်ခြင်းဖြင့် Ireland သမ္မတနိုင်ငံမှာ ကြိုတင်ဆုံးဖြတ် အမြင်တွေ မရှိဘူးဆိုတာ ပြသနေတယ်လို့ Mr. Varadkar က Dublin မြို့မှာ ပြောကြားခဲ့ပါတယ်။

India နိုင်ငံကနေ မိုင် ၅ ထောင်အကွာ Ireland နိုင်ငံမှာ လာရောက်အခြေချတဲ့ သူ့ဖခင်အနေနဲ့လည်း သူ့ရဲ့သားဟာ ခေါင်းဆောင်ဖြစ်လာမယ်လို့ အိမ်မက်မက်ခဲ့မယ်လို့ မထင်ကြောင်းနဲ့ အခုတော့ ဘယ်သူဘယ်ဝါဆိုတာထက် လုပ်ရပ်ကိုကြည့်ပြီး လူတွေက ဆုံးဖြတ်ရွေးချယ်ခဲ့ကြပြီလို့ သူ့ရဲ့အောင်နိုင်မှုကို အားပေးနေကြတဲ့လူထုကြီးကို Leo Varadkar ကပြောကြားခဲ့ပါတယ်။

ဝန်ကြီးချုပ်သစ်ဖြစ်လာမယ့် Mr. Varadkar အနေနဲ့ စီးပွားရေးပြန်လည်ကောင်းမွန်ရေးနဲ့ EU ကနေ အိမ်နီးချင်းဗြိတိန်နိုင်ငံနှုတ်ထွက်မယ့် ဂယက်ရိုက်ခတ်မှုတွေလို ခက်ခဲတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။

Your browser doesn’t support HTML5

လိင်တူစုံမက်သူ Ireland ဝန်ကြီးချုပ်သစ်