အင်ဒိုနီးရှားမြို့တော်တွင်း IS အကြမ်းဖက် တိုက်ခိုက်

အင်ဒိုနီးရှားမြို့တော်တွင်း IS အကြမ်းဖက် တိုက်ခိုက်မှု သတင်းဓာတ်ပုံများ

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာ အကြမ်းဖက်သမား ၅ ယောက် အပါအဝင် လူ ၇ ဦး သေဆုံးခဲ့တဲ့ ဗုံးတွေ၊ သေနတ်တွေနဲ့ စီစဉ်တကျ တိုက်ခိုက်မှုဟာ သူတို့လက်ချက် ဖြစ်တဲ့ အကြောင်း IS စစ်သွေးကြွအဖွဲ့က ကြေညာလိုက်ပါတယ်။ ဂျကာတာမြို့ အချက်အခြာနေရာက တိုက်ခိုက်မှုမှာ နိုင်ငံခြားသားတွေ နဲ့ နိုင်ငံခြားသားတွေကို အကာအကွယ်ပေးနေတဲ့ လုံခြုံရေး တပ်ဖွဲ့တွေကို ပစ်မှတ်ထား တိုက်ခိုက်တာ ဖြစ်ကြောင်းလည်း IS အစွန်းရောက် အဖွဲ့နဲ့ ဆက်နွယ်တဲ့ Aamaq သတင်းဌာနက ပြောဆိုခဲ့တာပါ။

အင်ဒိုနီးရှား ရဲတပ်ဖွဲ့ ပြောခွင့်ရသူ Anton Charliyan ကတော့ တိုက်ခိုက်မှု နောက်ကွယ် မှာ IS အဖွဲ့နဲ့ ဆက်နွယ်တဲ့ အုပ်စုတခုခု ပါဝင်နိုင်ပြီး၊ မကြာသေးခင်တုန်းက ပြင်သစ်နိုင်ငံမှာ ကြုံခဲ့ရတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေလို ပုံတူကူးချတာ ဖြစ်နိုင်တယ်လို့ အစောပိုင်းမှာ ပြောဆိုခဲ့ပါတယ်။ အဆင့်မြင့် ကုန်တိုက်တွေ၊ ဇိမ်ခံဟိုတယ်တွေ၊ သံရုံးတွေနဲ့ တခြားရုံးအဆောက်အဦးတွေ ရှိရာ နေရာမှာ ဒီကနေ့ မနက်ပိုင်းက တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့တာပါ။

စုစုပေါင်း ပေါက်ကွဲမှု ၆ ခု ဖြစ်ပွားခဲ့ကြောင်းလည်း သတင်းတွေက ဖော်ပြပါတယ်။ ဒီနောက်မှာတော့ အကြမ်းဖက် တိုက်ခိုက်သူတွေနဲ့ ရဲတပ်ဖွဲ့တို့ကြား အပြန်အလှန် ပစ်ခတ်မှုတွေလည်း အပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။ မွန်းလွဲပိုင်းမှာတော့ အကြမ်းဖက်သမား ၅ ဦးစလုံး သေဆုံးပြီး တိုက်ခိုက်မှု အဆုံးသတ်ကြောင်း အာဏာပိုင်တွေ ကြေညာခဲ့တာပါ။

ကနေဒါနိုင်ငံသား တဦးအပါအဝင် အရပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ အခင်းဖြစ်တဲ့ နေရာတဝိုက်ကို ရဲတပ်ဖွဲ့က ရှင်းလင်းရာမှာ မပေါက်ကွဲသေးတဲ့ ဗုံးအကြီးတလုံး၊ ဗုံးအသေး ၅ လုံး တွေ့ရှိခဲ့တယ်လို့လည်း ရဲကပြောပါတယ်။

အင်ဒိုနီးရှား သမ္မတ နန်းတော်နဲ့ မလှမ်းမကမ်းမှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုဟာ အကြမ်းဖက်ဝါဒ စွဲကိုင်သူတွေရဲ့ လက်ချက်အဖြစ် အင်ဒိုနီးရှားသမ္မတ Joko Widodo က ပြစ်တင်ရှုတ်ချခဲ့သလို၊ အာဏာပိုင်တွေ အခြေအနေကို ထိန်းသိမ်းနိုင်ဖို့ ကြိုးစားနေပြီး၊ လူထုအနေနဲ့ တည်တည်ငြိမ်ငြိမ် ရှိကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

ဂျကာတာက အမေရိကန် သံရုံးကတော့ သောကြာနေ့အထိ ပိတ်ထားမှာ ဖြစ်တဲ့အကြောင်း ကြေညာခဲ့ပါတယ်။