ကွယ်လွန်သူ အမေရိကန် သမ္မတဟောင်း Jimmy Carter က မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေပေါ်လာဖို့ဆိုရင် အိမ်နီးချင်း တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေကို ဖိအားပေးဖို့ လိုမယ်ဆိုပြီး ၂၀၀၇ ခုနှစ်က VOA နဲ့ သီးသန့် တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုဖူးပါတယ်။
မြန်မာနိုင်ငံကို ကြားကန်ပေးနေတဲ့ အိန္ဒိယနဲ့ တရုတ်နိုင်ငံတွေကို ကမ္ဘာ့နိုင်ငံတွေက ဖိအားပေးဖို့လိုပါတယ်။ သိုသိုသိပ်သိပ် တိုက်တွန်းတဲ့နည်းလမ်းနဲ့လည်း နားချနိုင်ပါတယ်။ ဒါမှလည်း မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ပေါ်လာမှာပါလို့ VOA သတင်းထောက် Kane Farabaugh နဲ့ ၂၀၀၇ ခုနှစ်က သီးသန့်တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုခဲ့တာပါ။
၂၀၀၀ ခုနှစ်တွေအတွင်း အဲဒီအချိန်က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ဖမ်းဆီးမှုအပါအဝင် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်လို့ စစ်အစိုးရက သမ္မတဟောင်း Jimmy Carter က ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့ဖူးပါတယ်။
ဒါကြောင့်လည်း နဝတ ခေတ် မြန်မာစစ်အစိုးရက လူငါးဦးပါဝင်တဲ့အဖွဲ့တဖွဲ့ကို ကာတာဖေါင်ဒေးရှင်းကို စေလွှတ်ပြီး ဆက်ဆံရေးကောင်းအောင် ကြိုးစားခဲ့ဖူးပါတယ်။ Jimmy Carter ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရေး ပါဝင်ကူညီခဲ့တဲ့ ကမ္ဘာအနှံက နိုင်ငံခေါင်းဆောင်တွေနဲ့ အထင်ကရဩဇာကြီးသူတွေပါဝင်တဲ့ the Elders အဖွဲ့မှာ ပါဝင်သူ တဦးဖြစ်ပါတယ်။
၂၀၁၃ ခုနှစ် ဧပြီလနဲ့ စက်တင်ဘာလတွေမှာ သူကိုယ်တိုင် မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး နိုင်ငံ့ခေါင်းဆောင်တွေ အရပ်ဖက် အဖွဲ့အစည်း ခေါင်းဆောင်တွေကို တွေ့ဆုံခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံရွေးကောက်ပွဲမှာလည်း သမ္မတကာတာရဲ့ ကာတာစင်တာတာဟာ လေ့လာစောင့်ကြည့်သူအဖြစ် ပါဝင်ခဲ့ပါတယ်။ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးကြိုးပမ်းမှုတွေအတွက် နိုဘယ်ငြိမ်းချမ်းရေးဆုရရှိခဲ့သူ အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ ဒီဇင်ဘာလ ၂၉ ရက်နေ့ တနင်္ဂနွေနေ့ အသက် ၁၀၀ အရွယ်မှာ ကွယ်လွန်သွားပါပြီ။