ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးကြိုးပမ်းမှုတွေအတွက် နိုဘယ်ငြိမ်းချမ်းရေးဆုရရှိခဲ့သူ အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ အသက် ၁၀၀ ပြည့်နှစ်အရွယ်မှာ ကွယ်လွန်သွားပါပြီ။
သမ္မတ ကာတာဟာ ၁၉၇၇ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုရဲ့ ၃၉ ဦးမြောက် သမ္မတအဖြစ် ကျမ်းသစ္စာဆိုခဲ့ပါတယ်။ သမ္မတဟောင်း ကာတာဟာ သူ့လက်ထက်မှာ အီဂျစ်နဲ့ အစ္စရေးအကြား ငြိမ်းချမ်းရေးသဘောတူညီချက်ရအောင် ဆောင်ရွက်ခဲ့တာအပါအတွင် နိုင်ငံခြားရေးမူဝါဒပိုင်းမှာ အောင်မြင်မှုအတော်မျာများရခဲ့ဖူးပါတယ်။
ဒါပေမယ့်လည်း သူ့သမ္မတသက်တမ်းနောက်ဆုံးနှစ်မှာ အီရန် ဓါးစားခံအကျပ်အတည်းကိစ္စက လွှမ်းမိုးခဲ့ပြီး ၁၉၈၀ ခုနှစ် ရွေးကောက်ပွဲမှာတော့ သူရှုံးနိမ့်ခဲ့ပါတယ်။၁၉၈၁ ခုနှစ် သမ္မတသက်တမ်းကုန်ခဲ့ပြီးနောက်တော့ကမ္ဘာ့အနှံသွားလာပြီး ရောဂါတိုက်ဖျက်ရေးနဲ့ ငြိမ်းချမ်းရေးကိစ္စရေးတွေမှာ ပါဝင်ဆောင်ရွက်ပါတယ်။
ကာတာ စင်တာကို ဖွဲ့စည်းပြီးတဲ့နောက် နိုင်ငံပေါင်း ၈၀ကျော်က ရွေးကောက်ပွဲကို စောင့်ကြည့်တာ၊ အငြင်းပွားမှုတွေမှာ ကြားဝင်စေ့စပ်တာ၊ ရောဂါတိုက်ဖျက်ရေးတွေမှာ ပါဝင်ဆောင်ရွက်တာတွေလုပ်ခဲ့တဲ့နောက် ၂၀၀၂ ခုနှစ်မှာ နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံခဲ့ရပါတယ်။ ကမ္ဘာအနှံက နိုင်ငံခေါင်းဆောင်တွေနဲ့ အထင်ကရဩဇာကြီးသူတွေပါဝင်တဲ့ the Elders အဖွဲ့မှာလည်း တက်တက်ကြွကြွပါဝင်ခဲ့သူပါ။ The Elders အဖွဲ့အနေနဲ့ မြန်မာ့ဒီမိုကရေစီရေးအတွက်လည်း ပါဝင်ခဲ့ဖူးပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေရှိခဲ့တဲ့ ၂၀၁၃ ခုနှစ် ဧပြီလနဲ့ စက်တင်ဘာလတွေမှာ သမ္မတကာတာဟာ မြန်မာနိုင်ငံကို သွားရောက်ခဲ့ဖူးပါတယ်။ သမ္မတကာတာရဲ့ ကာတာစင်တာတာဟာ ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံရွေးကောက်ပွဲမှာလည်း လေ့လာစောင့်ကြည့်သူအဖြစ် ပါဝင်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူအဖြစ် သူ ကိုယ်တိုင်သွားရောက်ဖို့ စီစဉ်ခဲ့ပေမယ့်၊ ကျန်းမာရေးအခြေအနေကြောင့် သူ့ကိုယ်စား မြေးဖြစ်သူကို မြန်မာနိုင်ငံကို စေလွှတ်ခဲ့တယ်လို့ AP သတင်းဌာနဲ့ အင်တာဗျူးမှာပြောခဲ့ပါတယ်။
အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာရဲ့ဇနီး ရိုဆလင်းကာတာဟာလည်း အသက် ၉၆ နှစ်အရွယ် ပြီးခဲ့တဲ့နှစ်ကပဲ ကွယ်လွန်ခဲ့တာပါ။ သမ္မတကာတာမှာ သား ၃ ယောက် သမီး ၁ ယောက် ကျန်ခဲ့ပါတယ်။ ဂျင်မီကာတာဟာ အမေရိကန် သမ္မတတွေထဲမှာ အသက်အရှည်ဆုံးသမ္မတဖြစ်ခဲ့ပါတယ်။
Forum