WikiLeaks တည်ထောင်သူ Julian Assange ဩစတြေးလျ ပြန်ရောက်

ဩစတြေးလျနိုင်ငံ Canberra မြို့လေဆိပ်မှာတွေ့ရတဲ့ Julian Assange (ဇွန် ၂၆၊ ၂၀၂၄)

အမေရိကန်ပြည်ထောင်စုနဲ့ ပတ်သက်တဲ့ ထိပ်တန်းလျှို့ဝှက် သတင်းတွေကို အင်တာနက်မှာ ဖောက်ချခဲ့တာကြောင့် သူလျိုမှုနဲ့ တရားစွဲဆိုခံထားရတဲ့ WikiLeaks ဝက်ဘ်ဆိုဒ် တည်ထောင်သူ Julian Assange ဒီနေ့ ဩစတြေးလျနိုင်ငံ Canberra မြို့ကို ပြန်ရောက်သွားပြီဖြစ်ပါတယ်။ ၁၅ နှစ်အတွင်း သူ့ မွေးရပ် ဩစတေးလျနိုင်ငံ နိုင်ငံကို ပြန်ခွင့်ရသွားတာ ဖြစ်ပြီး ဇနီး ဖြစ်သူ Stella Assange နဲ့ သူ့ဖခင် John Shipton တို့ လာရောက်ကြိုဆိုပါတယ်။

သူ လွတ်မြောက်ရေး အပေးအယူလုပ်တဲ့အနေနဲ့ အနောက် ပစိဖိတ်ဖိတ် သမုဒ္ဒရာထဲက အမေရိကန်ပြည်ထောင်စုပိုင် ဓနသဟာယကျွန်း တခုဖြစ်တဲ့ Mariana ကျွန်း တရားရုံးမှာ လာရောက်ပြီး စွဲဆိုထားတဲ့ သူလျှိုမှုမှာ အပြစ်ရှိကြောင်း ဝန်ခံခဲ့တာပါ။ ဝန်ခံပြီး နာရီပိုင်းအတွင်းမှာပဲ ဩစတြေးလျနိုင်ငံကို အထူးလေယာဉ်နဲ့ ပြန်သွားခဲ့ပါတယ်။

အမေရိကန် စစ်တပ် စစ်ထောက်လှမ်းရေးဌာနမှာ အရင်က အလုပ်လုပ်ခဲ့ဖူးတဲ့ ဆန်းစစ်သုံးသပ်သူ Chelsea Manning နဲ့ ပူးပေါင်းပြီး အမေရိကန်ပြည်ထောင်စုရဲ့ တရားမဝင် ရယူခဲ့တယ်ဆိုပြီး စစ်ဖက်ဆိုင်ရာ မှတ်တမ်းတွေနဲ့ သံတမန်တွေကြား ဆက်သွယ်တဲ့ လျှို့ဝှက်စာတွေကို တရားမဝင်ရယူပြီး ထုတ်ဖေါ်ခဲ့တာကြောင့် အမေရိကန် တရားရေးဌာနက၂၀၁၉ ခုနှစ်မှာ ရာဇဝတ်မှု ၁၈ မှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။ Assange ကို တခြားအမှုတမှုမှာ အာမခံဖောက်ဖျက်မှုအတွက် ဗြိတိသျှ အာဏာပိုင်တွေက ၂၀၁၉ ခုနှစ်ကတည်းက ဖမ်းဆီး ထိန်းသိမ်းထားပါတယ်။

အဖမ်းမခံရခင် အဓမ္မပြုကျင့်မှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှု စွပ်စွဲချက်နဲ့ ဆွီဒင်နိုင်ငံမှာ အမှုရင်ဆိုင်ဖို့ လွှဲပြောင်းပေးခံရမှာကို တိမ်းရှောင်ပြီး လန်ဒန်မြို့က အီကွေဒေါ သံရုံးမှာ ၇ နှစ်ကြာ ခိုလှုံခဲ့ဖူးပါတယ်။ အခု သတင်းလွတ်လပ်ခွင့် အတွက် လှုပ်ရှားသူတချို့ကတော့ Julian Assange ကို အီရတ်နဲ့ အာဖဂန်စစ်ပွဲကာလာ အမေရိကန်စစ်တပ်နဲ့ သံတမန်ရေးလောက မှားယွင်းမှုတွေကို ဖွင့်ဟထုတ်ဖေါ်ခဲ့သူအဖြစ် သတ်မှတ် ဂုဏ်ပြု ပြောဆိုနေပါတယ်။ အခု သူ့ကို ဩစတြေးလျနိုင်ငံကို ပြန်ခွင့်ပေးလိုက်တဲ့အတွက် ၁၄ နှစ်ကြာ မပြီးပြတ်ခဲ့တဲ့ လျှို့ဝှက်မှတ်တမ်းတွေ ဖေါ်ထုတ်မှု တရားတဘောင်ကိစ္စတွေ အဆုံးသတ်သွားပြီဖြစ်ပါတယ်။