ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ နဲ့ တရားစွဲဆိုခံထားရတဲ့ ကချင်လူငယ် ဆန္ဒပြခေါင်းဆောင် ၃ ဦးကို ဒီကနေ့ မြစ်ကြီးနားမြို့နယ် တရားရုံးက ငွေဒဏ်ချမှတ်လိုက်ပါတယ်။ ဆန္ဒပြသူ ၃ ဦးထဲက တဦးကို ဒဏ်ငွေ တစ်သိန်း၊ နောက်နှစ်ဦးကို ဒဏ်ငွေ သုံးသောင်းစီ ချမှတ်လိုက်တာပါ။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
မဆွတ်ဆိုင်းထွယ်၊ ကိုဘရန်မိုင်းနဲ့ ကိုဆိုင်းခွမ်အောင်တို့ ၃ ယောက်ဟာ တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ ပြည်သူတွေ လွတ်မြောက်ရေးအတွက် ကြိုးပမ်းခဲ့သူတွေကို ဒီလ ၇ ရက်နေ့က ထောင်ဒဏ် ချမှတ်တဲ့အပေါ် မကျေနပ်တဲ့အတွက် ဆန့်ကျင်ဆန္ဒပြခဲ့တာကြောင့် ငြိမ်းစုစီပုဒ်မ ၁၉ နဲ့ တရားစွဲဆိုခံခဲ့ရတာဖြစ်ပါတယ်။
သူတို့ကို မြစ်ကြီးနားမြို့နယ်တရားရုံးက ငွေဒဏ်ချမှတ်လိုက်ကြောင်းကို တရားရုံးကို သွားရောက်ခဲ့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း တရားရုံးချုပ်ရှေ့နေ ဒေါ်ဒွဲဘူက အခုလို ပြောပါတယ်။
“ သူတို့က ငြိမ်းစုစီ ၁၉နဲ့ပေါ့နော်။ ၁၉နဲ့စွဲထားတာ။ ဒေါ်နန်ပူတို့ ကျတဲ့နေ့က ခွင့်ပြုချက် မတောင်းဘဲ ဆန္ဒပြတယ်ဆိုပြီးမှ။ ဆွတ်ဆိုင်းထွယ်ကတော့ အရင်ကလည်း တစ်ခေါက် ဒဏ်ငွေဆောင်ဘူးတဲ့အခါကျတော့ သူ့ကိုကတော့ ဒဏ်ငွေ တစ်သိန်းပေါ့။ ငွေဒဏ်တစ်သိန်း၊ နောက် ဆိုင်းခွမ်အောင်နဲ့ ကိုဘရန်မိုင်ကတော့ သုံးသောင်းပေါ့။ တစ်ယောက် သုံးသောင်းပေါ့။ သူတို့ကတော့ ပထမဦးဆုံးကျူးလွန်တာဆိုတော့။ အဲဒါနဲ့ ပြီးသွားတယ်၊ မြို့နယ် တရားရုံးမှာပဲ။”
ဒဏ်ငွေ တစ်သိန်းမပေးဆောင်ရင် ထောင်ဒဏ် ၃ လ ကျခံဖို့နဲ့ ဒဏ်ငွေ သုံးသောင်းမပေးဆောင်ရင် ထောင်ဒဏ် ၁၅ ရက်ကျခံဖို့ တရားရုံးက ချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။
သူတို့ ၃ ယောက်ဟာ ကချင်ပြည်နယ်တိုက်ပွဲတွေအတွင်း ပိတ်မိခဲ့တဲ့ ပြည်သူတွေ လွတ်မြောက်ရေးအတွက် ကြိုးပမ်းခဲ့တဲ့ ဒေါ်နန်ပူ၊ ကိုဇော်ဂျက်၊ ကိုလွမ်းဇောင်းတို့ကိုဒီလ ၇ ရက်နေ့က အသရေဖျက်မှုပုဒ်မ ၅၀၀ နဲ့ ထောင်ဒဏ် ၆ လနဲ့ ဒဏ်ငွေ ၅ သိန်းစီပေးဆောင်ဖို့ ချမှတ်ခဲ့တဲ့အပေါ် တရားမျှတမှုမရှိဘူးလို့ ယူဆခဲ့တာ ကြောင့် အဲဒီနေ့ကပဲ မြစ်ကြီးနားမြို့နယ် တရားရုံးကနေ မနောကွင်းအထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြတာပါ။
ငွေဒဏ်ပေးဆောင်ပြီးနောက်မှာလည်း ဒေါ်နန်ပူတို့ ၃ ယောက်လွတ်မြောက်ရေးနဲ့ မျှတတဲ့ တရားစီရင်မှုစနစ် ဖြစ်ပေါ်ရေးအတွက် ဆက်လက် ကြိုးပမ်းသွားမယ်လို့ မဆွတ်ဆိုင်းထွယ်က ပြောပါတယ်။
“ အခုဒီ ကျမတို့ရဲ့ ခေါင်းဆောင် ၃ဦးနဲ့ပတ်သက်ပြီးတော့ တကယ့် တရားမျှတဲ့ စီရင်ချက်မျိုး ပြန်ပြီးဖြစ်လာဖို့အတွက်၊ အမြန်ဆုံးပြန်ပြီးလွတ်မြောက်လာဖို့အတွက်ကို မတူညီတဲ့ လှုပ်ရှားမှုတွေနဲ့ အများကြီး ဆက်လုပ်သွားဖို့ ရှိပါတယ်ရှင့်။ အဓိကကတော့ ကျမတို့ရဲ့ ခေါင်းဆောင် ၃ဦးကို ထောင်ချတယ်ဆိုတာထက်ပေါ့နော် တဖက်မှာ ကျမတို့ လူငယ်တွေက အဓိက ထောက်ပြချင်တာက ကျမတို့နိုင်ငံရဲ့ တရားစီရင်ရေးစနစ်တွေက စစ်ဆေးတဲ့ ရလဒ်အတိုင်း ဆုံးဖြတ်ချက် ချတာမျိုး မဟုတ်ဘဲနဲ့ပေါ့နော်။ တရားစီရင်ရေးရဲ့အထက်မှာ အများကြီး ရှိနေသေးတယ်ဆိုတဲ့အခါမှာ လွတ်လပ်ပြီးမှ တရားမျှတတဲ့ စနစ်ဖြစ်လာဖို့အတွက် လူငယ်တွေအနေနဲ့ကတော့ အင်တိုက်အားတိုက်နဲ့ အများကြီး ဆက်လက် လုပ်ဆောင်သွားမှာပါ။”
ဒေါ်နန်ပူတို့ ၃ ယောက်ကို ထောင်ဒဏ်ချမှတ်လိုက်တာကြောင့် ဒီလ ၁၁ ရက်နေ့က မြစ်ကြီးနားမြို့ မှာ လူ ၅ ထောင်လောက် ပါဝင်ဆန္ဒပြပြီး သူတို့ လွတ်မြောက်ရေးအတွက် တောင်းဆိုခဲ့သလို နိုင်ငံတကာရောက် ကချင်အမျိုးသားတွေကလည်း သူတို့ ပြန်လွှတ်ပေးရေးအတွက် နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံဆီကို တောင်းဆိုစာပေးပို့ထားပါတယ်။
ဒီလို ထောင်ဒဏ်ချမှတ်တဲ့အပေါ် အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံအတော်များများနဲ့ EU ဥရောပသမဂ္ဂတို့ကပါ စိုးရိမ်မကင်းဖြစ်မိကြောင်း၊ လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်၊ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်နဲ့ဒီမိုကရေစီဖော်ဆောင်မှုကို ထိခိုက်စေကြောင်း သဘောထားကြေညာချက်တွေ ထုတ်ပြန်ခဲ့ကြပါတယ်။
Your browser doesn’t support HTML5