မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေတွေကို လာရောက်စုံစမ်းဖို့ရောက်ရှိ နေတဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ်ယန်ဟီးလီနဲ့ တွေ့ဆုံပြီး လက်ရှိ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ထဲမှာ ရှိတဲ့ လူ့အခွင့်အရေးအခြေအနေတွေနဲ့ပတ်သက်ပြီး တင်ပြနိုင်ဖို့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ နိုင်ငံရေးပါတီတွေဘက်က ပြင်ဆင်နေကြပါတယ်။ ယန်ဟီလီဟာ သူ့ရဲ့ ၁၂ရက်တာကြာမြင့်မယ့် မြန်မာပြည် ခရီးစဉ်အတွင်း ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေကို သွားရောက်ဖို့ရှိပြီး လူ့အခွင့်အရေး ကိုယ်စားလှယ်နဲ့တွေ့ဆုံခွင့်ရဖို့ကိုလည်း လူ့အခွင့်အရေးအဖွဲ့တွေက မျှော်လင့်နေကြပါတယ်။ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန် တင်ပြပေးပါမယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms.Yanghee Lee ဟာ ၁၂ ရက်တာ ကြာမြင့်မယ့် သူ့ရဲ့ ၆ ကြိမ်မြောက် မြန်မာပြည်ခရီးစဉ်ကို ဇူလိုင်လ ၁၀ရက်နေ့ မနေ့တနင်္လာနေ့က စတင်လိုက်ပါပြီ။ ဒီခရီးစဉ်အတွင်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်အပါအဝင် ရန်ကုန်၊ နေပြည်တော်နဲ့ အထူးစိးပွားရေးဇုန်တို့ကို လည်း သွားရောက်ဖို့ အကြမ်းဖျင်းစီစဉ်ထားပေမယ့်လို့ လုံခြုံရေး အခြေအနေကြောင့် တစ်ချို့နေရာတွေ သွားရောက်ခွင့်မပြုဘူးလို့ အစိုးရကပြောဆိုထားသလိုဘယ်နေရာတွေကိုသွားခွင့်ပြုမယ် ၊ သွားခွင့်မပြုဘူးဆိုတာကိုတော့ တိတိကျကျ သတင်းထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။
ပြီးခဲ့တဲ့နှစ် ၂၀၁၆တုန်းက Ms.Yanghee Lee နဲ့ ရှမ်းပြည်နယ် လားရှိုးမှာ တွေ့ဆုံခွင့်ရခဲ့တဲ့ ရှမ်းလူငယ်ကွန်ရက်ဘက်ကတော့ ဒီတခါပြန်လည်တွေ့ဆုံခွင့်ရခဲ့ရင် ရှမ်းပြည်နယ်တွင်းက လူ့အခွင့်အရေးအခြေအနေတွေကို တင်ပြဖို့ အချက်အလက်တွေစုဆောင်းနေသလို ဒေသခံစစ်ပြေးဒုက္ခသည်တွေနဲ့လည်း တွေ့ဆုံခွင့်ရဖို့လည်း ပြင်ဆင်နေတယ်လို့ပြောပါတယ်။ လုံခြုံရေးအရ ခွင့်ပြုနိုင်ခြေမရှိပေမဲ့လို့ Ms.Yanghee Lee အနေနဲ့ ရှမ်းပြည်နယ်တွင်းက စစ်ပြေးဒုက္ခသည်စခန်းတွေအထိသွားရောက်လေ့လာခွင့်ရစေချင်တယ်လို့ ရှမ်းလူငယ်ကွန်ရက်က ကိုစိုင်းနော်စိုင်းကပြောပါတယ်။
“ပြောခွင့်ရမယ်ဆိုရင်တော့ ကျနော်တို့ပြောမယ် ပြီးတော့ တကယ်လို့သွားခွင့်ရမယ်ဆိုရင်တော့ စစ်ဘေးရှောင်တွေထွက်ပြေးလာရတဲ့ အနီးဆုံးဧရိယာကို သွားကြည့်စေချင်တယ်ခင်ဗျ ၊ သူ့ဘက်က သွားခွင့်ရှိရင်တော့။ ကျနော်တို့ဘက်ကတော့ အဲဒါဆန္ဒရှိတယ်လေ ကျနော်တို့က လုပ်ပေးပိုင်ခွင့်တော့ မရှိဘူး။ သူနဲ့ သွားတွေ့တဲ့အခါ တင်ပြဖို့ အထူးသဖြင့် သူက လူ့အခွင့်အရေးကိုယ်စားလှယ်ဆိုတော့ ကျနော်တို့က လူ့အခွင့်အရေးချိုးဖောက်ခံရမှု အချက်အလက်တွေကို ကျနော်တို့ လောလောဆယ်တော့ စုဆောင်းထားတယ်၊ စုဆောင်းနေဆဲခင်ဗျ။ ဥပမာ ပဋိပက္ခဖြစ်တဲ့ ဒေသဘက်က လူတွေနဲ့ လောလောဆည် ကျနော်တို့ဆက်သွယ်ထားတယ်။ တကယ်လို့ အဆင်ပြေတယ်ဆိုရင် ကျနော်တို့ ကွန်ယက်ထဲက ဒေသခံစစ်ရှောင်တွေကို လက်ရှိအခြေအနေမှာ ကူညီနေတဲ့လူတွေကို ခေါ်တွေ့ဖို့ရှိပါတယ်ခင်ဗျ။”
ရှမ်းပြည်နယ်မှာ မနှစ်က Ms.Yanghee Leeနဲ့ ကိုယ်တိုင်တွေ့ဆုံခွင့်ရခဲ့တဲ့ နန်းလောင်ဝ်ဆိုင်ကတော့ ဒီတခေါက်ပြန်ဆုံခွင့်ရရင် ပြီးခဲ့တုန်းက သူတို့တင်ပြခဲ့တဲ့အချက်တွေနဲ့ပတ်သက်လို့ သူမအနေနဲ့ လုပ်ဆောင်ခဲ့တာတွေကို မေးခွန်းထုတ်ချင်တယ်လို့ဆိုပါတယ်။
“တကယ်လို့ သူလာတယ် သူဖိတ်ခေါ်တယ်ဆိုရင် တွေ့ပြီးမှ ပြောနိုင်မယ်ထင်တယ်နော်။ ဥပမာကျမတို့ မနှစ်ကတင်ပြသွားတဲ့ဟာတွေ ဒီနှစ်မှာ သုူဘာတွေတွန်းအားပေးနိုင်ခဲ့သလဲဆိုတာတွေကို သူ့ကိုပြန်မေးမှ သိနိုင်တာပေါ့နော်။”
Ms.Yanghee Lee ဟာ စစ်ရေးတင်းမာမှုတွေနဲ့ အခုအချိန်အထိ မတည်ငြိမ်နိုင်သေးတဲ့ ကချင်ပြည်နယ်ကို သွားရောက်ဖို့လည်းရှိနေပါတယ်။ ဒီတခေါက် Ms.Yanghee Lee ကချင်ပြည်နယ် လာရောက်တဲ့အခါ လူ့အခွင့်အရေးလှုပ်ရှားသူတွေအပါအဝင် နိုင်ငံရေးပါတီတွေ၊ ဘာသာရေးအဖွဲ့အစည်းအသီးသီးက ခေါင်းဆောင်တွေစသဖြင့် ဘက်ပေါင်းစုံက ကချင်ပြည်နယ်အရေးဆောင်ရွက်နေသူတွေနဲ့ တွေ့ဆုံသင့်တယ်လို့ ကချင်ပြည်နယ် ဒီမိုကရေစီပါတီရဲ့ဥက္ကဋ္ဌ ဒေါက်တာတူးဂျာက အကြံပြုပါတယ်။
“သူက မနှစ်တုန်းက လာတုန်းက နှစ်ယောက်၊ သုံးယောက်နဲ့ပဲ တွေ့ပြီး ပြန်သွားတယ်။ အဲ့တော့ သူက မလွှမ်းခြုံနိုင်ဘူး။ အခြေအနေတရပ်လုံးကို မလွှမ်းခြုံနိုင်ဘူးဖြစ်သွားတယ်။ အဓိကကတော့ Stakeholders တွေပေါ့။ ကျနော်တို့နိုင်ငံရေးပါတီတွေဘက်ကလည်းရှိပါတယ်။ နောက်ပြီးရှေ့နေများအဖွဲ့ နောက် CSO များထဲ နည်းနည်းထင်ပေါ်တဲ့ပုဂ္ဂိုလ်တွေရှိတယ်။ နောက် ဘာသာရေးအသင်းအဖွဲ့တွေလည်း တွေ့ရင်ကောင်းတယ်ပေါ့နော်။ အဲ့ကချင်အတိုင်ပင်ခံအဖွဲ့တို့ပေါ့။ ဒီလိုပုဂ္ဂိုလ်တွေပေါ့။ သူတို့နဲ့တွေ့ပြီဆိုရင် အားလုံးလွှမ်းခြုံပြီးတော့မှ မြင်နိုင်မယ်ပေါ့ အခြေအနေကို။ ပြီးလို့ရှိရင်တော့ IDP စခန်းကို သွားနိုင်ရင်တော့ ပိုကောင်းတာပေါ့။”
အထူးသဖြင့် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms.Yanghee Lee အနေနဲ့ စစ်ရေးပဋိပက္ခတွေရှိနေတဲ့ ကချင်ပြည်နယ်တွင်းက လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ အခြေအနေတွေကို ဒေသတွင်းအထိ ဆင်းပြီး စုံစမ်းလေ့လာသင့်တယ်လို့ ဒေါက်တာတူးဂျာက ဆိုပါတယ်။
“ကုလသမဂ္ဂကိုယ်စားလှယ်ဆိုတော့ လုပ်နိုင်တာတွေက အများကြီးရှိတာပေါ့လေ။ ဒီမှာက လူ့အခွင့်အရေးချိုးဖောက်မှုတွေကတော့ ရှိတာပဲ။ အရင်ကထက်စာရင် တိုက်ပွဲတွေရှိတဲ့အချိန်အခါဆိုတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ အထူးသဖြင့် တောအရပ်ဒေသတွေမှာ အများကြီးရှိတယ်။ အဲ့တာကြောင့် သူ ဒီဟာတွေကို သုံးသပ်နိုင်ဖို့ဆိုလို့ရှိရင်တော့ အကောင်းဆုံးကတော့ အခုနကပြောတဲ့ပုဂ္ဂိုလ်တွေနဲ့တွေ့မယ်။ IDP စခန်းတွေလည်း သူရောက်အောင်သွားမယ်။ အဲ့တာကိုသူသိရပြီဆိုရင်တော့ ဒါကို ဘယ်လိုပြုပြင်နိုင်မလဲဆိုတာ နည်းလမ်းရှာပေးနိုင်ရင်တော့ ကောင်းတာပေါ့။”
အစိုးရဘက်ကတော့ သူမလာခင်မှာပဲ Ms.Yanghee Lee ရဲ့ဒီခရီးစဉ်တွင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ချမှတ်ထားတဲ့ အချက်အလက် ရှာဖွေဖော်ထုတ်ရေး မစ်ရှင်နဲ့ ပတ်သက်ခြင်း မရှိစေဖို့ သတိပေးထားပါတယ်။ Ms.Yanghee Lee ခရီးစဉ်နဲ့ပတ်သက်ပြီး ဗွီအိုအေဘက်က နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော်အတိုင်ပင်ခံရုံးနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေကို အကြိမ်ကြိမ်ဆက်သွယ်စုံစမ်းခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Ms.Yanghee Lee ရဲ့ ဒီခရီးစဉ်ဟာ ဇူလိုင် ၁၀ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ၁၂ ရက်တာ ကြာမြင့်မှာ ဖြစ်ပါတယ်။ ဒီခရီးစဉ်အတွင်း လူ့အခွင့်အရေးအခြေအနေတွေနဲ့ ပတ်သက်လို့ တွေ့ရှိချက်တွေကို လာမယ့် အောက်တိုဘာလမှာ ကျင်းပမယ့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တင်ပြသွားဖို့ ရှိပါတယ်။
Your browser doesn’t support HTML5