ကချင်ပြည်နယ် မြစ်ကြီးနားနဲ့ နေရာတချို့မှာ စက်သုံးဆီရှားပါး

ရန်ကုန်မြို့ Denko ဓာတ်ဆီဆိုင်ဆီဖြည့်သည့်နေရာ (ဩဂုတ် ၁၃၊ ၂၀၂၄)

ကချင်ပြည်နယ်မှာ မြစ်ကြီးနားမြို့ အပါအဝင် နေရာတော်တော်များများမှာ စက်သုံးဆီဝယ်ယူရခက်ခဲနေတယ်လို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ စက်သုံးဆီကား အဝင်ပိတ်ထားလို့ ဆိုင်ကယ်တွေနဲ့ သယ်လာတဲ့ စက်သုံးဆီကိုသာ အဓိကထား ဝယ်ယူနေရတယ်လို့ ပြောပါတယ်။ ကချင်ပြည်နယ်က စက်သုံးဆီရှားပါးမှု အခြေအနေ ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ တတိယပတ်လောက်ကစပြီး စက်သုံးဆီဝယ်ယူရ ခက်ခဲလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကချင်ပြည်နယ်ဘက်ကို စက်သုံးဆီသယ်ယာဉ် ဝင်ခွင့်ပိတ်ထားလိုက်ပြီး၊ ဖွင့်ထားတဲ့ ဆီဆိုင်တွေမှာလည်း ဈေးကြီးပေးဝယ်နေရတယ်လို့ ပြောပါတယ်။ စက်သုံးဆီတလီတာကို ၁၅,၀၀၀ ဝန်းကျင်အထိ ဈေးပေါက်နေပြီး၊ လိုသလောက်လည်း ဝယ်မရဘူးလို့ မြစ်ကြီးနားဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။

"ဈေးကလည်း မတရားကြီး ခေါင်တက်သွားပြီ။ တချို့ဆိုင်တွေကလည်း မဖွင့်တော့ဘူးလေ။ အဲဒါဆိုတော့ ဆိုင်တချို့တလေပဲ ဖွင့်တယ်ဆိုတော့ လူတွေကလည်း မရှိဘူးဆိုရင် အစီး ၂၀၀၊ ၃၀၀ အဲဒါမျိုး အချိန်နဲ့စီပြီး ပေးတာဆိုတော့ စက်သုံးဆီရဖို့ကတော့ နည်းနည်းလေးတော့ ခက်တာပေါ့။ ကားတွေလုံးဝ ပေးမဝင်တော့တာလား ဆိုတော့ မြစ်ကြီးနားဘက်တော့ ကားဝင်တာတော့ မတွေ့တော့ဘူးဗျ။ ဒီဘက် ကံပိုင်တည်သိမ်းပြီးတဲ့ နောက်ပိုင်းတော့ မတွေ့တော့ဘူးဗျ။ ဆိုင်ကယ်သမားလေးတွေ လာရောင်းတာမျိုးတော့ ရှိတယ်။ ဈေးတော့တက်တယ်။ လိုသလောက်လည်း မရဘူးဗျ။"

ဒေသတွင်းမှာ စက်သုံးဆီအခက်အခဲ ရှိနေပေမယ့် စက်သုံးဆီအသင်းရဲ့ ဒီဇင်ဘာလ ၂ ရက်နေ့ ရည်ညွှန်းဈေးမှာတော့ မြစ်ကြီးနားမှာ 95 အောက်တိန်း တလီတာကို ၄,၅၆၀ သတ်မှတ်ထားပါတယ်။ ဖားကန့်မြို့မှာလည်း စက်သုံးဆီကားဝင်တာ မတွေ့ရဘဲ ဆိုင်ကယ်တွေနဲ့ တနိုင်တပိုင် ဆီသယ်ယူခွင့်တော့ ပေးထားတယ်လို့ ဖားကန့်ဒေသခံ တဦးက ပြောပါတယ်။

"ကျနော်တို့ ဖားကန့်ဘက်ကတော့ ဈေးကတော့ ပုံမှန်မရှိဘူး။ သူတို့က အတက်အကျ ရှိတယ်လေ။ တက်တာတော့ များပါတယ်။ ကျတာတော့ သိပ်မရှိပါဘူး။ တခါတက်ပြီးပြီဆိုရင် တန့်နေတာပဲ ရှိတာလေ။ ကားအစီးရေတော့ ပိတ်ထားတယ်လို့ ပြောတယ်။ အခုကတော့ ဆိုင်ကယ်လေးတွေနဲ့ သူတို့ တနိုင်တပိုင်ပေါ့။ အဲဒါတွေတော့ သယ်ခွင့်ပြုထားတယ်။ ဆီဆိုင်တွေမှာလည်း အလှည့်နဲ့တော့ တန်းစီရတာပေါ့။ တန်းစီပြီးမှ ထည့်ပေးတာတော့ ရှိပါတယ်။"

ကချင်ပြည်နယ်မှာ စက်သုံးဆီကား ဝင်ခွင့်ပိတ်ထားပြီး၊ ဆိုင်ကယ်တွေနဲ့ ရောင်းချပေးနေတဲ့ စက်သုံးဆီကိုသာ ဈေးကြီးပေးဝယ်နေရတယ်လို့ ဒေသတွင်း မီဒီယာတွေမှာလည်း ဖော်ပြထားပါတယ်။ စစ်ကောင်စီနဲ့ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေကြားက တိုက်ပွဲတွေကြောင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်းမြောက် အပါအဝင် ကချင်ပြည်နယ်မှာလည်း ပြီးခဲ့တဲ့ နိုဝင်ဘာလ တတိယပတ်လောက်ကစပြီး စက်သုံးဆီဝယ်ယူရေး အခက်တွေ့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ရေးပဋိပက္ခတွေပြင်းထန်နေတဲ့ဒေသတွေဘက်ကို စက်သုံးဆီဖြတ်တောက်မှုတွေလုပ်နေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေတဲ့အပေါ် စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီဘက်ကတော့ ဆီဆိုင်တွေမှာ သတ်မှတ်ထားတဲ့ ရည်ညွှန်းဈေးတွေအတိုင်း ရောင်းချတာ ရှိ မရှိ၊ ဆီအရည်အသွေး မှန် မမှန် ဒီကိစ္စတွေကို အဓိက စစ်ဆေးပေးနေပြီး၊ လက်ရှိလူမှုကွန်ရက်ပေါ်မှာ ပြန့်နေတဲ့ မြို့နယ်အလိုက် ဆီခွဲတမ်းလျှော့တယ်ဆိုတာ မဟုတ်ဘူးလို့ ဗွီအိုအေကို ဖြေဆိုထားပါတယ်။

Your browser doesn’t support HTML5

ကချင်ပြည်နယ် မြစ်ကြီးနားနဲ့ နေရာတချို့မှာ စက်သုံးဆီရှားပါး