စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ကရင်ဒေသပြည်သူတွေ ထိခိုက်သေဆုံး (ဒေသခံများ)

လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့တဲ့ကလေးငယ်၊ (Photo: KNU)

ကရင်အမျိုးသားအစည်းအရုံး၊ ဖာပွန်ခရိုင် ( မူတြော်ခရိုင်) ဘူးသိုမြို့နယ်နဲ့ ညောင်လေးပင်ခရိုင်မှာ ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်နေတာတွေကြောင့် ၃ ရက်အတွင်း အရပ်သားပြည်သူ ၃ ဦးသေဆုံးပြီး ၅ ဦးလောက်ကတော့ ပြင်းထန်ဒဏ်ရာတွေရရှိခဲ့ကြကြောင်း ကရင်အမျိုးသားအစည်းအရုံးက သတင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး၊ ဖာပွန်ခရိုင် ( မူတြော်ခရိုင်) ဘူးသိုမြို့နယ် ဒေးလော်ပူဆိုတဲ့နေရာကို စစ်ကောင်စီကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် အောက်တိုဘာလ ၅ ရက်နေ့က အရပ်သား ပြည်သူ နှစ်ဦးသေဆုံးခဲ့ရပါတယ်။ သေဆုံးသွားသူတွေကတော့ အသက် ၂၅ နှစ်ရွယ် စောဖားနူးနဲ့အတူ သမီးဖြစ်တဲ့ သုံးနှစ်အရွယ် နော်မုနော်တို့ သေဆုံးခဲ့ရကြောင်း၊ ညောင်လေးပင်ခရိုင် မုန်းမြို့နယ် ရွာသစ်ကျေးရွာကိုတော့ ဒရုန်းနဲ့ ဗုံး (၃) လုံးကြဲချခဲ့ရာမှာကျေးရွာနေ ၅၅ နှစ်အရွယ် ဒေါ်ရင်ထွေးရဲ့ ဦးခေါင်းကိုထိမှန်ပြီး သေဆုံးခဲ့ရတယ်လို့ ကရင်အမျိုးသားအစည်းအရုံးက သတင်း ထုတ်ပြန်ခဲ့ပါတယ်။ စစ်ကောင်စီဘက်က တိုက်ပွဲမရှိဘဲ ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်၊ လက်နက်ကြီးနဲ့ပစ်ခတ်နေတာဖြစ်ကြောင်း၊ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ ဖြစ်ကြောင်းကိုလည်း ကရင်လူ့အခွင့်ရေးအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးကလည်း အခုလိုပြောဆိုပါတယ်။

နေ့စဉ် သူတို့က (စစ်တပ်က) ရမ်သမ်းပြီးသော်လည်းကောင်း၊ တမင်ရည်ရွယ်ချက်ရှိပြီးတော့ လည်းကောင်း ကျေးရွာတွေထဲကိုလက်နက်ကြီးနဲ့ပစ်ခတ်တာရှိတယ်။ လေကြောင်းတိုက်ခိုက်မှု တွေလည်း ရှိတယ်ဒီအပေါ်မှာ ပြည်သူလူထုကို တမင်သက်သက် ထိခိုက်နစ်နာမှုတွေ ဖြစ်တာပေါ့။ လက်နက်ကြီးတိုက်ခိုက်မှု၊ လေကြောင်း တိုက်ခိုက်မှုတွေက တခါမှ မရပ်တန့်တော့ ပြည်သူတွေက သူတို့ရဲ့နယ်မြေအနားက တည်ငြိမ်မှုမရှိ ပြေးလိုက်လွှားလိုက်လုပ်နေတာပါပဲ။”

ညောင်လေးပင်ခရိုင် မုန်းမြို့နယ်ထဲမှာလည်း ဒီရက်ပိုင်းတွေမှာ လေကြောင်းကနေ ဒရုန်းနဲ့ ရွာတွေထဲကို ဗုံးကြဲတိုက်ခိုက်တာကြောင့် ကျေးရွာပြည်သူတွေ ထိခိုက်သေဆုံးတာရှိတယ်လို့လည်း မုန်းမြို့နယ်ထဲက ဒေသခံတဦးကပြောပါတယ်။

“အမြဲတမ်းလက်နက်ကြီးနဲ့ထုထည့်နေတာပဲ။ တပတ်တခါလောက် ၅ ရက် တခါလောက်။ သုံးလေးရက်တခါလည်းအလုံးကြီးနဲ့ထုတယ်။ မကြာမကြာလည်းထုနေတာပဲ။ သူတို့တွေ (စစ်တပ်) က PDF နဲ့KNU ကိုမတိုက်နိုင်တိုင်းပဲ ရွာကပြည်သူတွေကိုပဲ အမုန်းထားပြီး ပြည်သူတွေကိုပဲ အညှိုးထားပြီး ရွာတွေကိုဒုက္ခပေးပြီး ပစ်နေတော့တာပဲ။”

ကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ပစ်ခတ်တာတွေအပြင် ဒေသခံရွာသားတွေကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတာတွေလည်း ရှိခဲ့တယ်လို့ မုန်းမြို့နယ်ထဲက ပြည်သူတွေကဆိုပါတယ်။ အဲဒီ ဒေသမှာတော့ စစ်ကောင်စီဘက်က စခန်းတွေလက်လွှတ်ဆုံးရှုံးတာတွေ ရှိတဲ့အတွက် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်တွေနဲ့ ရင်ဆိုင်တိုက်ပွဲတွေမလုပ်တော့ဘဲ ဒေသခံပြည်သူတွေရှိရာနေရာတွေကိုပဲ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်နေတယ်လို့လည်း ပြောပါတယ်ရှင်။

Your browser doesn’t support HTML5

 စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ကရင်ဒေသပြည်သူတွေ ထိခိုက်သေဆုံး (ဒေသခံများ)