သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KNU ထိန်းချုပ်နယ်မြေတွင်း စစ်ဘေးရှောင် တသန်းကျော်လာ


ကရင်စစ်ဘေးရှောင်ပြည်သူများရဲ့ ယခင််မှတ်တမ်းဓာတ်ပုံ။
ကရင်စစ်ဘေးရှောင်ပြည်သူများရဲ့ ယခင််မှတ်တမ်းဓာတ်ပုံ။

ကရင်အမျိုးသားအစည်းအရုံးထိမ်းချုပ်ရာ ခရိုင်အသီးသီးမှာ ပြည်တွင်းစစ်ကြောင့် စစ်ဘေးရှောင်ရသူပြည်သူ ၁ သန်း၊ ၂ သိန်းကျော်ရှိနေပြီလို့ ကရင်လူ့အခွင့်ရေးအဖွဲ့ KHRG က ပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်ရာ တပ်မဟာ (၇) ခုထဲမှာ တိုက်ပွဲတွေကြောင့်ကော လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးနဲ့ပစ်ခတ်မှု တွေကြောင့်ပါ ထွက်ပြေးနေရတဲ့ စစ်ဘေးရှောင် IDPs ၁ သန်း၊ ၂ သိန်းကျော်ရှိနေပြီလို့ ကရင်လူ့အခွင့်ရေးအဖွဲ့ KHRG က ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးက VOA ကိုပြောပါတယ်။

“၁၂ သိန်းထက်အထက်ရှိနေပြီခင်ဗျ။ တိုးလာတယ်။ အဓိကတော့ လေကြောင်းတိုက်ခိုက်မှုတွေ၊ နောက်တခါလက်နက်ကြီးနဲ့ပစ်ခတ်မှုတွေက တခါမှမရပ်ကြတော့ ပြည်သူလူထုက သူတို့ရဲ့ နယ်မြေအနေအထားတည်ငြိမ်မှုမရှိတဲ့အပေါ်မှာ ပြေးလိုက်လွှားလိုက်နဲ့ အမြဲတမ်းရှိနေတာ ပေါ့။ အဲဒါကြောင့်မို့လို့လည်း IDPs ကလည်း အခြေအနေအချိန်အခါအလျှောက် တိုးပွားလာနေတာပေါ့။”

စစ်ကောင်စီနဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA /PDF ပူးပေါင်းတပ်တွေဟာ တပ်မဟာအသီးသီးမှာ တိုက်ပွဲတွေဖြစ်နေတဲ့ အတွက် တချို့စစ်စခန်းတွေ ဆုတ်ခွါရတဲ့အခါမျိုးမှာ စစ်တပ်ဘက်က ကျေးရွာတွေဘက်ကိုလေကြောင်းတိုက်ခိုက်တာ ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့်လည်း ကျေးရွားသားတွေ ပိုပြီးထိခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“နေ့စဉ် အတော်များများမှာ သူတို့ (စကစ) က ရမ်းသမ်းပြီးတော့သော်လည်းကောင်း၊ တမင်ရည်ရွယ်ချက်ရှိရှိ ကျေးရွာတွေထဲကို လက်နက် ကြီးနဲ့လည်းပစ်ခတ်ကြတယ်။ လေကြောင်းတိုက်ခိုက်မှုတွေလည်း လုပ်တာရှိတယ်။ ဒီအပေါ်မှာတော့ ပြည်သူလူထုကို ထိခိုက်နစ်နာမှုတွေ ဖြစ်နေတာပေါ့။ တိုက်ပွဲမဖြစ်ပွားမီကော၊ ဖြစ်ပွားပြီးမှာကော သူတို့ကို(စစ်တပ်ကို) တိုက်ခိုက်ပြီးနောက်ပိုင်းမှာဆိုရင် လက်တုံ့ပြန်တဲ့အနေနဲ့ ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့တရစပ်ပစ်ခတ်တာမျိုးတွေလည်း ရှိတယ်။ လေကြောင်း တိုက်ခိုက်တာတွေလည်းရှိတယ်။”

အခုဆိုရင် တိုက်ပွဲတွေဖြစ်နေတဲ့နေရာတွေမှာ အရပ်သားတွေကို ပေါ်တာဆွဲတာ၊ စစ်မှုထမ်းခိုင်းတာတွေ၊ စစ်ဆေးမေးမြန်း ဖမ်းဆီးတာ၊ သတ်ဖြတ်တာ အိမ်မီးရှို့တာ၊ လေကြောင်းကနေ ဗုံးကြဲတာတွေလုပ်နေတဲ့အတွက် တချို့ဆိုရင်ရွာလုံးကျွတ်ထွက်ပြေးရတာတွေလည်း ရှိနေပါတယ်။ ပြီးခဲ့တဲ့မတ်လလောက်ကစပြီး နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ကော့ကရိတ်မြို့နယ်မှာဆိုရင် ဒေသခံတွေ အတော်များများက သူတို့ရဲ့နေအိမ်တွေမှာ မနေရဲတော့ဘဲ ထွက်ပြေးနေကြရသလို မြို့ပျက်သလိုဖြစ်လာနေပါတယ်။ ပဲခူးတိုင်း ညောင်လေးပင်ခရိုင်၊ တောင်ငူခရိုင် စတဲ့နေရာတွေမှာလည်းဒေသခံတွေဟာ စစ်ဘေးရှောင်နေရင်း အခုဆိုရင် ရေဘေးနဲ့ ထပ်ပြီးရင်ဆိုင်နေရပါတယ်။ အဲဒီ ဒေသတွေမှာ ဆန်နဲ့ ရိက္ခာခြောက်တွေကိုပါ ပိတ်ပင်ထားပြီး ရေဘေးအတွက် သွားရောက်လှူဒါန်းတဲ့ပရဟိတအဖွဲ့အစည်းတွေကိုလည်းတားမြစ်ထားပါတယ်။ အခုဆိုရင် ဒေသခံကျေးရွာသားတွေဟာ စစ်ဘေးကော ရေဘေးဒုက္ခတွေပါ ကြုံတွေ့နေရပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG