တူရကီငလျင် ဘာကြောင့်သေကြေပျက်စီးမှု များရသလဲ 

ပြင်းအား ၇.၈ ငလျင်နဲ့ နောက်ဆက်တွဲ ၇.၄ နဲ့ ငလျင်ငယ်ပေါင်း ၄ ထောင်ကျော်ဒဏ်ကိုခံစားနေရတဲ့ တူရကီနိုင်ငံ Hatay ခရိုင်၊ Antakya မြို့က အပျက်အစီးမြင်ကွင်း။ (ဖေဖော်ဝါရီ ၂၁၊ ၂၀၂၃) 

{{Zawgyi/Unicode}}

တူရကီနိုင်ငံအရှေ့တောင်ပိုင်းနဲ့ ဆီးရီယားအနောက်မြောက်ပိုင်း ၂ နိုင်ငံ နယ်စပ်ဒေသမှာ လွန်ခဲ့တဲ့ သီတင်းပတ်က လှုပ်ခတ်သွားတဲ့ အားပြင်းငလျင်ကြောင့်သေဆုံးရသူဟာ ဆယ်ရက်အကြာမှာ အတည်ပြုသေဆုံးရသူက ၄ သောင်းကျော်နေပြီဖြစ်သလို တူရကီတနိုင်ငံတည်းမှာတင် အဆောက်အဦးပေါင်း ၆,၀၀၀ နီးပါး ပျက်စီးခဲ့ရပါတယ်။ ဘာ့ကြောင့် ဒီလောက် သေကြေပျက်စီးမှု များရတာပါလဲ။ ဒီသီတင်းပတ်ရဲ့ သိပ္ပံနဲ့နည်းပညာကဏ္ဍမှာ ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

တူရကီကလူပေါင်း ၁၅ သန်းနဲ့ ဆီးရီးယားက လူပေါင်း ၁၁ သန်း စုစုပေါင်း ၂၆ သန်းလောက်အတွက် သက်ရောက်မှုရှိနေတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကခန့်မှန်းထားတဲ့ ဒီငလျင်ဟာ ဖေဖေါ်ဝါရီ ၆ ရက် ဒေသစံတော်ချိန် မနက် ၄ နာရီ ၁၇ မိနစ်မှာ တူရကီတောင်ပိုင်း ကာရာမန် မရာချ် Kahramanmaras ပြည်နယ်မှာ လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။

ပြင်းအား ၇.၈ ရှိတဲ့ ဒီငလျင်ဟာ ဒီပြည်နယ်ထဲက Gaziantep မြို့ အနောက်ဘက် မိုင် ၂၀ ကျော်က မြေအောက် ၁၁ မိုင်လောက်အနက်မှာဗဟိုပြုခဲ့တာဖြစ်ပြီး ငလျင် လှုပ်ခတ်တဲ့ကြာမြင့်ချိန်က စက္ကန့် ၆၀ ကနေ ၇၅ စက္ကန့်ကြားမှာရှိတယ်လို့ အမေရိကန်ဘူမိတိုင်းတာရေး USGS က ကနဦးတွက်ချက်ထား တာပါ။

ဒီ ကာရာမန် မရာ့ချ် ငလျင်ကြီးလှုပ်ခဲ့တဲ့နောက် ၉ နာရီလောက် အကြာမှာ မိုင် ၆၀ လောက်ကွာတဲ့ နေရာမှာ ငလျင်ထပ်လှုပ်ခဲ့ပြီး ဒီ နောက်ဆက်တွဲ ငလျင်ရဲ့ပြင်းအားက ၇.၅ ရှိတဲ့အပြင် နောက်ဆက်တွဲ ငလျင်ငယ်ပေါင်းက ဖေဖေါ်ဝါရီ ၁၆ ရက် အထိဆို ၄,၃၀၀ ကျော်ထပ်လှုပ်ခဲ့တယ်လို့ တူရကီ အရေးပေါ်အန္တရာယ် စီမံခန့် ခွဲရေးဌာနက ပြောပါတယ်။

ဒီဒေသဟာ တကယ်တော့ ငလျင်နဲ့စိမ်းတဲ့ဒေသမျိုးမဟုတ်ပါဘူး။ အစ္စတန်ဘူလ် အခြေစိုက် တူရကီငလျင်ဖေါင်ဒေးရှင်းက ငလျင်ပညာရှင် စေဟွန်း Seyhun Puskulcu ကတော့ သူတို့ရဲ့တူရကီနိုင်ငံ သားတွေက ငလျင်အန္တရာယ်ရှိတယ်ဆိုတာသိထားကြတဲ့အတွက် သိပ်တော့မအံ့သြကြဘူးလို့ ပြောပါတယ်။ ဒါပေမယ့် ဒီတခါလှုပ်ခဲ့တဲ့ငလျင်ဟာ အနုမြူဗုံးလောက်အားပြင်းသလို သီတင်းတပတ် အတွင်း လူပေါင်း ၃ သောင်းခွဲကိုသေဆုံးခဲ့ရပြီး ထောင်ပေါင်းများစွာသော အဆောက်အဦးတွေဟာ လူနေလို့မရဘဲဖြစ်ခဲ့ရတယ်လို့ တူရကီသမ္မတ Recep Tayyip Erdogan ကပြောပါတယ်။

ဒီလောက်ပြင်းထန်တဲ့ ငလျင်လှုပ်ခဲ့တဲ့ ဒီနေရာရဲ့ ဘူမိအနေထားကိုကြည့်ရအောင် ပါ။ ဒီနေရာဟာ ထူးထူးခြားခြားပဲ ကျောက်ချပ်ထုကြီး ၃ ခု ဆုံပြီး တိုက်တဲ့နေရာဖြစ်သလို ဘေးတိုက်ရွေ့တဲ့ ပြတ်ရွေ့ပါ ရှိနေတဲ့နေရာဖြစ်ပါတယ်။

တကယ်တော့တူရကီဟာ အဓိကပြတ်ရွေ့ကြောင်းကြီး ၂ ခုဖြစ်တဲ့ အရှေ့နဲ့မြောက် အနာတိုလီယံ ပြတ်ရွေ့ ၂ ခု ကြားက အနာတိုလီယံ (Anatolian) ကျောက်ချပ် ထုပေါ်မှာထိုင်နေတဲ့ နိုင်ငံပါ။

သူ့အရှေ့ဘက်က ဆီးရီးယားနိုင်ငံရဲ့အောက်မှာတော့ အာရေဗျကျောက်ချပ်ထုရှိပါတယ်။ သူက မြောက်ဘက်မှာရှိတဲ့ Eurasia ကျောက်ချပ်ထုဘက်ကို တိုးသွားနေတာဖြစ်ပြီး သူတို့ ၂ ချပ်တိုက်တဲ့အခါ တူရကီကို အရှေ့ Anatolian ပြတ်ရွေ့ကြောင်းအတိုင်း တနှစ်ကို ၂ စင်တီမီတာလောက် အနောက်ဘက်ကိုရွေ့အောင် လုပ်နေတာဖြစ်ပြီး အခုဒီပြတ်ရွေ့မှာ အားသိပ်ကောင်းလာတာကြောင့် အခုလို ငလျင်ကြီးဖြစ်လာတာလို့ ဗြိတိန် Milton Keynes Open University က ဘူမိသိပ္ပံပညာရှင် David Rothery ရဲ့ ပြောကြားချက်ကို Nature စာစောင်မှာ ဖေါ်ပြထားပါတယ်။

ငလျင်ဆိုင်ရာ အင်ဂျင်နီယာဘူမိနည်းပညာ သုတေသနပညာရှင်တဦးဖြစ်တဲ့ အမေရိကန်နိုင်ငံ ကော်လိုရာဒိုတက္ကသိုလ် မြို့ပြ၊ ဝန်းကျင်နဲ့ဗိသုကာ အင်ဂျင်နီယာဌာနက လက်ထောက်ပါမောက္ခ ရှီဒါ ဒက်ရှ်ရှီ (Shideh Dashti) ကတော့ ဒီတူရကီ ကာရာမန်မရာချ် Kahramanmaras ငလျင်လို ငလျင်မျိုးကို ကမ္ဘာမှာ ဘယ်နေရာမှာမှ မတွေ့ဘူး သေးဘူးလို့ ပြောပါတယ်။

“ဒီဒေသဟာငလျင်တွေ မကြာခဏ လှုပ်လေ့ရှိတဲ့နေရာဖြစ်ပါတယ်။ ပထမဆုံးလှုပ်တဲ့ငလျင်နဲ့ နောက် ဆက်တွဲငလျင်တွေရဲ့ ပြင်းအားပမာဏကိုလေ့လာတဲ့အခါ ဒါဟာ ကမ္ဘာပေါ်က ဘယ်နေရာမှာမှ မပေါ်ဘူးသေးတဲ့အင်မတန်ရှားပါးတဲ့ ငလျင်မျိုး ဖြစ်တာတွေ့ရပါတယ်။ ဆိုလိုတာက ဒီလို စွမ်းအင်မျိုးနဲ့ လှုပ်တာ မရှိသေးပါဘူး။ ကျောက်လွှာထုချပ်တွေ ဆုံရာ တလျှောက်မှာ ငလျင်လှုပ်လေ့ရှိပြီး အခု ဒီနေရာကတော့ ကျောက်လွှာထုချပ် ၃ ခု ဆုံတဲ့နေရာဖြစ်နေတဲ့အပြင် အဲဒီဒေသဟာဘေးတိုက်ရွေ့တဲ့ ပြတ်ရွေ့ကြောင်းပေါ်မှာပါ ကျနေတာကြောင့်ပါ။”

ငလျင်ဒဏ်ကို ဒေသခံတွေ အခုလိုပြင်းပြင်းထန်ထန်ခံစားခဲ့ရတဲ့ နောက်အဓိက အကြောင်းရင်း တခုကတော့ ငလျင်ဟာ မြေအောက်သိပ်မနက်တဲ့နေရာကို ဗဟိုပြုလှုပ်ခတ်တာကြောင့်လို့ ပြောပါတယ်။ ငလျင်က တိမ်လေလေ အပျက်အစီးက ပိုများလေလေပဲလို့်လည်း ပြောပါတယ်။

“ငလျင်ဗဟိုချက်က သိပ်တိမ်ပါတယ်။ မြေပြင်ကနေ သိပ်မနက်တဲ့ နေရာမှာဗဟိုပြုတဲ့ ငလျင်လှုပ်တာ မျိုးကို နေရာတိုင်းမှာ တွေ့နိုင်ပါတယ်။ ဒါပေမယ့် ဒီလို ငလျင်ဗဟိုချက်တိမ်ရင် မြေပြင်ပေါ်မှာလှုပ်ခါတဲ့ ပြင်းအားက ကြီးမားလာတတ်ပါတယ်။ အထူးသဖြင့်ဆို လူဦးရေထူထပ်တဲ့နေရာမျိုးမှာလှုပ်တဲ့ငလျင်မျိုးဟာ လူသိပ်မနေတဲ့ ဝေးလံခေါင်ဖျားဒေသတွေမှာ လှုပ်တဲ့ငလျင်နဲ့ ပြင်းအားပမာဏတူတယ်ထားအုံး၊ သူက ပျက်စီးမှုပမာဏအနေနဲ့ ပိုပြီး များတတ်ပါတယ်။”

ဒါ့အပြင် ဒီဒေသဟာ seismic liquefaction လို့ခေါ်တဲ့ငလျင်ကြောင့် အစိုင်အခဲတွေ အရည်လို ရွေ့သွားနိုင်တဲ့အန္တရာယ်ကြီးတဲ့ ဒေသဖြစ်နေတာကြောင့်လို့လည်း တွက်ပြပါတယ်။

“ဘူမိနည်းပညာဆိုင်ရာရှုဒေါင့်ကကြည့်ရင်တော့ ဒီဒေသဟာ ငလျင်ကြောင့်အစိုင်အခဲတွေ အရည်လို ရွေ့သွားနိုင်တဲ့ အန္တရာယ်- မြေပြိုတဲ့အန္တရာယ်ကြီးတဲ့ ဒေသပါ။ ဒီလို ဖြစ်စဉ်ဟာ မြေလွှာကျစ်လျစ်မာကျောတဲ့ ဒေသမျိုးမှာဖြစ်လေ့ရှိပါတယ်။ ပုံမှန်အနေထားအောက်မှာ ငလျင်လှုပ်လိုက်တဲ့အခါ မာကျောတဲ့မြေလွှာက အရည်လို ရွေ့လျားလာနိုင်တာကြောင့် ပျက်စီးမှုက သိပ်ကြီးနိုင်ပါတယ်။

မြေပြင်တလျှောက် ငလျင်လှိုင်းတွေ ပြန့်လာပြီး ငလျင်လုှုပ်လိုက်တဲ့အချိန်မှာပေါ်လာတဲ့ ဖိစီးတဲ့အားဟာ မြေလွှာမှာသက်ရောက်စေပါတယ်။ ဒီဖိစီးမှုအားက အထဲမှာရှိတဲ့ရေရဲ့ဖိအားကိုတိုးလာစေသလို အစိုင်အခဲတွေကို သူတို့ရဲ့ခိုင်မာမှုလုံးဝ ပျက်သုဉ်းသွားတဲ့အထိ လျော့သွားစေတာပါ။”

ဒီလို အခြေနေအောက်မှာရောက်နေတဲ့ဒေသမှာ ၁၉၃၉ ခုနှစ်က ပြင်းအား ၇.၈ ရှိတဲ့ ငလျင်လှုပ်ခဲ့တာကြောင့် မြောက် Anatolian ပြတ်ရွေ့အတိုင်း ၁၂ ပေလောက် ရွေ့သွားခဲ့သလို လူပေါင်း ၃ သောင်းကျော် သေဆုံးခဲ့ရတာပါ။ ၁၉၉၉ ခုနှစ်၊ တူရကီငလျင်ကတော့ ပြင်းအား ၇.၄ ရှိပြီး လူပေါင်း ၁၇,၀၀၀ လောက် သေကြေခဲ့ရသလို ၂၀၂၀ မှာလှုပ်ခဲ့တဲ့ ပြင်းအား ၆.၇ ရှိတဲ့ ငလျင်ကတော့ ပျက်စီးမှု အတော်ကြီးမားခဲ့တာပါ။

အခု ၂၀၂၃ ငလျင်လှုပ်တဲ့နေရာမှာ လူနေထူထပ်မှုကြောင့် အသေအပျောက်လည်း ပိုများခဲ့ရပါတယ်။ ငလျင်ကြောင့် ပြိုကျပျက်စီးတဲ့ အဆောက်အအုံအများစုဟာ အဆောက်အဦးဆောက်လုပ်ရာမှာ လိုက်နာရမယ့်စည်းမျဉ်းစည်းကမ်းတွေကို ကောင်းကောင်းလိုက်နာတာမတွေ့ရတဲ့အတွက် တာဝန်ရှိတယ်လို့ သံသယရှိသူ ၁၀၀ ကျော်ကို တူရကီအစိုးရက ဖမ်းဝရမ်းထုတ်ခဲ့တာပါ။

ဂျပန်လို ငလျင်အန္တရာယ် အမြဲရင်ဆိုင်နေရတဲ့နိုင်ငံမျိုးမှာတော့ သန်းနဲ့ချီတဲ့လူတွေ အထပ်မြင့် အဆောက်အဦးတွေမှာ စုပြုံနေထိုင်နေတာဖြစ်ပေမယ့် ပြင်းထန်တဲ့ငလျင်ဒဏ်ခံရချိန်တွေမှာ ပြိုမကျတာဟာ ငလျင်ဒဏ်ခံနိုင်ဖို့ချမှတ်ထားတဲ့ အဆောက်အဦးစည်းမျဉ်းတွေအတိုင်း လိုက်နာဆောက်လုပ်ထားတာကြောင့်ဖြစ်ကြောင်းတင်ပြရင်း ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့နည်းပညာကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။

================

{{Unicode}}

တူရကီငလငြျ ဘာကွောင့ျသကွေပေကြျစီးမှု မြားရသလဲ

















