KIO-အစိုးရ ဆွေးနွေးပွဲ AA ကိစ္စဘယ်လိုလုပ်မလဲ

kio

kio

KIO ကချင်လက်နက်ကိုင်တပ်ဖွဲ့နဲ့ တပ်မတော်/အစိုးရတို့ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အောင်မြင်နိုင်ဖို့ အရေးမှာ ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ မြန်မာ့တပ်မတော်တို့ကြား နိုင်ငံ့အနောက်ဘက်ခြမ်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေက အဟန့်အတားဖြစ်စေတယ်လို့ ပြည်ပရောက် ကချင် ခေါင်းဆောင်တချို့က ပြောပါတယ်။ KIO နဲ့ အစိုးရငြိမ်းချမ်းရေး ကော်မရှင်တို့ လာမယ့် ဖေဖေါ်ဝါရီလထဲ မြန်မာနိုင်ငံတွင်း တွေ့ဆုံကြမယ် လို့ သတင်း ထွက်ပေါ်နေချိန်မှာ အခုလို ပြောဆိုလိုက်ကြတာပါ။ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

မြန်မာအစိုးရ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC က ကိုယ်စားလှယ်တွေနဲ့ ကချင် လွတ်လပ်ရေးအဖွဲ့ KIO ကိုယ်စားလှယ်တွေ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။

မြောက်ပိုင်း စစ်ဒေသတွေမှာ မြန်မာ့တပ်မတော်က ၄ လကျော်ကြာ အပစ်ရပ်ထားမယ်လို့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်း ကြေညာခဲ့ပြီးနောက်မှာ အခုလို တွေ့ဆုံမှုတွေ ရှိလာနေတာပါ။ အခုတခါလည်း လာမယ့် ဖေဖေါ်ဝါရီလထဲမှာ အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ KIO တို့ သီးသန့် ထပ်မံတွေဆုံဖို့ ရှိပေမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အောင်မြင် နိုင်ဖို့ ဆိုရင် မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ကြား တိုက်ပွဲတွေက အဟန့်အတား ဖြစ်နေရ တယ် လို့ အမေရိကန် ဝါရှင်တန်ဒီစီအခြေစိုက် ကချင်မဟာမိတ်အဖွဲ့ ဥက္ကဋ္ဌ ဦးဂွန်ဆမ်က ပြောပါတယ်။

“ကျနော်တို့ ကြားသိထားရသလောက်ဆိုရင် မြန်မာပြည်တွင်းတနေရာမှာ ဖေဖော်ဝါရီလ လယ်ပိုင်းမှာ ပြန်တွေ့ဖို့ အစည်းအဝေးပြန်လုပ်မယ်လို့ ကျနော်တို့ ကြားသိထားရပါတယ်။ ဒါပေမယ့် ကျနော်တို့စိုးရိမ်တာကတော့ ရခိုင်မှာ ဆက်လက်ပြီး တိုက်ပွဲတွေ ဖြစ်ပွားတာ ကတော့ အစိုးရဘက်လိုလားနေတဲ့ NCA - စစ်တပ်ဘက်က လိုလားနေတဲ့ NCA အတွက် ကတော့ အထောက်အကူမပြုဘူးလို့ပဲ ကျနော်တို့က မြင်ပါတယ်။ တနိုင်ငံလုံးကို လွှမ်းခြုံ တဲ့ ငြိမ်းချမ်းရေး လိုချင်ပါတယ်ဆိုတော့ တဘက်မှာ စစ်ငြိမ်းထားပြီးတော့ နောက် တဘက်ကို စစ်သွားတိုက်တယ်ဆိုတာကတော့ တနိုင်ငံလုံးလွှမ်းခြုံတဲ့ Nationwide အတွက်ကတော့ အကျိုးမပြုတာကတော့ သေချာတယ်။ နောက်တခုက အခု ဒီ ရက် သတ္တပတ်ဆိုရင် မြန်မာ့စစ်တပ်ကနေပြီးတော့ ရှေ့တန်း စစ်မျက်နှာပြင်ဘက်ကို တပ်ပြန် လည် ပိုတိုးချတာကို တွေ့နေရတယ်။ အဲလိုဆိုတော့ ဒီလိုမျိုး ငြိမ်းချမ်းတယ်လို့ ပြောပြီးတဲ့ ဟာကို အသုံးချပြီးတော့မှ ကိုယ့်ရဲ့တပ်အင်အားကို စုဆောင်းတဲ့အခြေအနေမျိုးက မဖြစ်စေလိုပါဘူး”

အရင်က မြောက်ပိုင်းမဟာမိတ် (၄) ဖွဲ့လို့ ပြောလိုက်ရင် KIO/KIA က ဦးဆောင်တဲ့ အဖွဲ့ ဖြစ်ပြီး TNLA တအန်း (ပလောင်)၊ MNDAA ကိုးကန့်အဖွဲ့ နဲ့ AA အဖွဲ့တို့ ပါဝင်ကြ တာပါ။

KIO နဲ့ အစိုးရတာဝန်ရှိသူတွေကြား ဆွေးနွေးပွဲကို ကြိုဆိုပေမယ့် မြန်မာစစ်တပ်ရဲ့ စိတ်နေ သဘောထားကို ကြည့်ရင် ငြိမ်းချမ်းရေး အလား အလာက မျှော်လင့်ချက် နည်း တယ်လို့ သုံးသပ်သူက ဗြိတိန်နိုင်ငံ လန်ဒန်မြို့နေ KNO ကချင်အမျိုးသားအစည်းအရုံး အမြဲတန်း ဗဟိုကော်မတီဝင် ဒူးဝါး မခေါ်ခွန်ဆာ ဖြစ်ပါတယ်။

“ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးတယ်ဆိုတာက ဒါ ကောင်းတဲ့အလုပ်တခုပဲလေ။ ဒါပေမယ့် ကျနော်က သိပ်အယုံအကြည်မရှိဘူးခင်ဗျ။ အထူးသဖြင့်တော့ စစ်တပ် အပေါ် မှာပေါ့နော်။ အထူးသဖြင့် ဗမာစစ်တပ်အပေါ်မှာ ကျနော်က အယုံအကြည်မရှိဘူး။ အခု တဘက်က ငြိမ်းချမ်းရေး ၄ လရပ်ဆိုင်းတယ်၊ အပစ်အခတ်ရပ်ဆိုင်းတယ် လုပ်ပြီးတော့မှ တဘက်ကတော့ စစ်အင်အားတွေတိုးချဲ့၊ ရိက္ခာတွေစုဆောင်း၊ ….အရင်တုန်းကလည်း ဒါမျိုးတွေ လုပ်ခဲ့ဖူးတယ်လေ။ ဆိုတော့ကျတော့ ကျနော်တို့က စစ်တပ်အပေါ်မှာ သိပ်ပြီးတော့ အယုံအကြည်မရှိတဲ့အပြင် မျှော်လင့်ချက်မထားဘူးခင်ဗျ။ ”

မြန်မာ့တပ်မတော်နဲ့ မြန်မာအစိုးရအပေါ် အယုံအကြည်မရှိတော့တာကြောင့် ကချင်ပြည် နယ်ကို သီးခြား လွတ်လပ်တဲ့ နိုင်ငံအဖြစ် တည်ထောင်ဖို့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ထိုင်းနိုင်ငံမှာ KNO အဖွဲ့က ဆုံးဖြတ်ခဲ့ တာဖြစ်ကြောင်း မခေါ်ခွန်ဆာက ပြောပါတယ်။

“စစ်တပ်လိုချင်တဲ့ပုံစံကတော့ အာဏာကို အထက်ကနေ ခွဲပေးတာကို ယူဆိုတဲ့ဟာပေါ့။ ပေးတာကိုယူ-ဆိုတဲ့ဟာပေါ့။ အဲဒါကိုပဲ သူတို့က အတင်းအဓမ္မတောင်းမယ်။ အဲဒါကို KIO, KIA က လက်ခံနိုင်တယ်ဆိုလို့ ရှိရင် ငြိမ်းချမ်းရေးဆိုပြီး ဖြစ်သွားနိုင်တာပေါ့။ ကျနော် တို့ KNO ကတော့ မူလရည်မှန်းချက်ပန်းတိုင်က ….ပြည်ထောင်စုကို တည်ထောင်မယ်ဆိုလို့ရှိရင် ပါမယ်ဆိုပြီးတော့ ၂၀၀၃ ကနေပြီးတော့မှ အခု ၂၀၁၈ ကုန်တဲ့အထိ ပေါ့နော်-ကျနော်တို့ချင်း ညှိနှိုင်းကြိုးစား လာခဲ့ကြတာ။ ဒါပေမယ့် စောစောကပြောသလို တဖြည်းဖြည်း နဲ့ အမှည့်ခြွေ ခြွေခံရတာပဲ-ကြာလေဆိုးလေ၊ ကြာလေဆိုးလေဖြစ်မယ်ဆိုပြီးတော့မှ independent ကို သွားမယ်ဆိုပြီးတော့ ဆုံးဖြတ်တာပါ။ အဲဒါက ဘာလဲဆိုတော့ ဗမာ စစ်တပ်အပေါ်မှာ အယုံအကြည်မရှိလို့၊ ဗမာအစိုးရအပေါ်မှာ အယုံအကြည်မရှိလို့ပေါ့။ ”

ဘယ်လိုပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးရဖို့ကတော့ ဆွေးနွေးမှုတွေ ဆက်လက်လိုအပ်နေပြီး ဆွေးနွေးပွဲ အောင်မြင်မှု ရလာတာနဲ့အမျှ ရိက္ခာဖြတ်တောက်ခံနေရတဲ့ ကချင် စစ်ဘေးရှောင်ပြည်သူတွေကို အကူအညီတွေ ပေးနိုင်လိမ့် မယ်လို့ မျှော်လင့်မိကြောင်း ဦးဂွန်ဆမ်က ပြောပါတယ်။

“ဟုတ်ကဲ့၊ ငြိမ်းချမ်းရေးအတွက်ကတော့ မဆွေးနွေးတာထက်တော့ ဆွေးနွေးတာက ပို ကောင်းပါတယ်။ ဒါပေမယ့် ဆွေးနွေးမှုက တဘက်နဲ့တဘက်အတွက် ပိုပြီးမှ စစ် အင်အား တိုးချဲ့ဖို့၊ တိုးမြှင့်ဖို့အတွက်ကို အချိန်ယူပြီးမှ စီမံကိန်းတွေအတွက် လုပ်တာတော့၊ အချိန် ဆွဲဖို့ အတွက်လုပ်တာတော့ စိုးရိမ်ပါတယ်။ အဲဒါ မဖြစ်စေလိုတာပါ။ ဒီလိုမျိုး ဆွေးနွေးရင်း ကနေပြီးတော့ အဖြေရှာနိုင်ဖို့ပါပဲ။ လတ်တလောအခြေအနေမှာ လုံးဝ လိုအပ်နေတာက World crime လို့ခေါ်တဲ့ စစ်ရာဇဝတ်မှုလိုပဲ တချို့ဒေသတွေမှာ အစားအသောက်တွေ ဖြတ်တောက်တဲ့ဟာတွေ အရင် ဖွင့်ပေးလို့ရမှာပါ။ ဒီဟာတွေကို ကျနော်တို့ မျှော်ကိုး ပါတယ်။”

မြန်မာ့တပ်မတော်ရဲ့ ၄ လတာ အပစ်အခတ်ရပ်စဲရေး ကြေညာချက်အပေါ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဘက်က ချိုးဖောက်မှုတွေ ရှိနေကြောင်း စစ်တပ်က မနေ့တုန်းက သတိပေးကြေညာခဲ့ပါတယ်။

Your browser doesn’t support HTML5

KIO-အစိုးရ ဆွေးနွေးပွဲ AA ကိစ္စဘယ်လိုလုပ်မလဲ