Kofi Annan ကို ရခိုင်လွှတ်တော်အမတ်တွေ လက်ခံတွေ့ဆုံဖို့ ငြင်းဆို

ရခိုင်အကြံပေးကော်မရှင် ဥက္ကဌ Kofi Annan (Ministry of Foreign Affairs Myanmar)

နေပြည်တော်မှာ ရောက်နေတဲ့ ရခိုင်ပြည်နယ် အကြံပေးကော်မရှင် ဥက္ကဋ္ဌ Mr. Kofi Annan ဟာ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် အမတ်တွေနဲ့ ဒီကနေ့ တေ့ွဆုံဖို့ စီစဉ်ထားပါတယ်။ ရခိုင်ပြည်နယ်ထဲက လူမှုအသိုင်းအဝိုင်းတွေကြား ငြိမ်းချမ်းစွာ နေထိုင်နိုင်ပြီး ဖွံ့ဖြိုးတိုးတက်စေရေး အတွက် အကြံပြုချက် အစီရင်ခံစာ ထုတ်ပြန်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း လည်းဖြစ်တဲ့ Mr. Kofi Annan မြန်မာနိုင်ငံမှာ ရောက်နေတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ် အကြံပေးကော်မရှင်က အပြီးသတ် အစီရင်ခံစာကို ၂၄ ရက် ကြာသပတေးနေ့မှာ အများပြည်သူကို ထုတ်ပြန်မှာ ဖြစ်တဲ့အတွက် အဲဒီမတိုင်ခင် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရ တာဝန်ရှိသူတွေကို အစီရင်ခံစာ အရင်တင်ပြမှာ ဖြစ်ပါတယ်။

လွှတ်တော်အမတ်တွေနဲ့ တေ့ွဆုံတဲ့အခါ ရခိုင်အမျိုးသား ပါတီကတော့ Mr. Kofi Annan နဲ့အဖွဲ့ကို တွေ့ဆုံမှာ မဟုတ်ဘူးလို့ အကြောင်းပြန် ထားကြောင်း VOA မြန်မာပိုင်းကို ပြောပါတယ်။ နိုင်ငံခြားသားတွေ ပါဝင်တဲ့ ကော်မရှင်ကို ရခိုင်အမျိုးသားပါတီက ကန့်ကွက်နေတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ် အကြံပေးကော်မရှင်က ကြားဖြတ် အစီရင်ခံစာကို အခုနှစ် မတ်လတုန်းက ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထဲက အကြံပေးချက် တဝက်လောက်ကို အကောင်အထည် ဖော်ခဲ့တယ်လို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက ပြောပါတယ်။ ကြာသပတေးနေ့ ထုတ်ပြန်မယ့် အပြီးသတ် အစီရင်ခံစာမှာတော့ ရခိုင်ပြည်နယ်ထဲမှာ ပဋိပက္ခတားဆီးရေး၊ ပြန်လည်သင့်မြတ်ရေး၊ အခြေခံ ဝန်ဆောင်မှုများ ရရှိနိုင်ရေး၊ လူသားခြင်း စာနာမှုဆိုင်ရာ အကူအညီတွေ ရရှိနိုင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး စတဲ့ အကြောင်းအရာတွေ ပါဝင်လိမ့်မယ်လို့ ကော်မရှင်က အသိပေးထားပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံရုံးရဲ့တာဝန်ပေးချက် အရ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း Mr. Kofi Annan ဦးဆောင်ပြီး နိုင်ငံတကာပညာရှင် ၃ ယောက် မြန်မာပညာရှင် ၆ ယောက်တို့ ပါဝင်တဲ့ ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ကို ၂၀၁၆ ခုနှစ် သြဂုတ်လမှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

Your browser doesn’t support HTML5

Kofi Annan ကို ရခိုင်လွှတ်တော်အမတ်တွေ လက်ခံတွေ့ဆုံဖို့ ငြင်းဆို