လိင်တူချင်းလက်ထပ်ခွင့် ဥပဒေ ထိုင်းမှာတရားဝင်ဖြစ်လာဖို့ မြန်မာ LGBTQ+ တွေမျှော်လင့်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ လိင်တူစုံမက်သူများ LGBTQ+ ချီတက်ပွဲ (ဇွန် ၁၊ ၂၀၂၄)

LGBTQ+ တွေကို ဂုဏ်ပြုတဲ့ဇွန်လအတွင်း ထိုင်းနိုင်ငံမှာ လိင်တူချင်း လက်ထပ်တဲ့ ဥပဒေအတည်ပြုပြဌာန်းနိုင်ဖို့ မျှော်လင့်နေကြသူတွေထဲမှာ မြန်မာ့ LGBTQ+ အသိုင်းအဝိုင်းလည်းပါ၀င်နေပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ထိုင်းနိုင်ငံဟာ ပထမဆုံး လိင်တူချင်း လက်ထပ်ခွင့်ပြုတဲ့ နိုင်ငံဖြစ်လာတော့မယ့် အခြေအနေတွေနဲ့ ပတ်သက်လို့ ဘန်ကောက်ကနေ သတင်းပေးပို့ချက်ကို နန်းလောင်ဝ်က တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံ အောက်လွှတ်တော်က အတည်ပြုထားတဲ့ လိင်တူချင်း လက်ထပ်ခွင့်ဥပဒေကြမ်းကို ဒီသတင်းပတ်ထဲ အထက်လွှတ်တော်မှာ ကြားနာဖို့ရှိနေပြီး ဇွန်လ နောက်ဆုံးသီတင်းပတ်မှာ အတည်ပြုပြဌာန်းနိုင်ဖို့ လှုပ်ရှားတက်ကြွသူတွေ မျှော်လင့်နေကြပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်က ဘန်ကောက်မြို့မှာကျင်းပခဲ့တဲ့ LGBTQ+ ချီတက်ပွဲကို တက်ရောက်ချီးမြှင်ခဲ့တဲ့ ထိုင်း၀န်ကြီးချုပ် Srettha Thavisin ကိုယ်တိုင်လည်း ဒီဥပဒေကို အမြန်ဆုံးပြဌာန်းနိုင်ရေးကြိုးပမ်းနေတဲ့အကြောင်း ပြောကြားခဲ့တာပါ။

ဒီလို လိင်တူလက်ထပ်ခွင့်ပြုလိုက်တာ ဘာသာရေးအရ ထိန်းချုပ်ထားတဲ့ စံနှုန်းတွေကို ပယ်ဖျက်ရာရောက်သလို လူသားဖြစ်တည်မှုကိုလည်း လက်ခံရာ‌ရောက်တဲ့အတွက် ဒီဥပဒေကို ကြိုဆိုတယ်လို့ ဘန်ကောက်မြို့က ချီတက်ပွဲကို ကိုယ်တိုင်တက်ရောက်ခဲ့သူဖြစ်တဲ့ LGBTQ+ အခွင့်အရေး လှုပ်ရှားသူ Kitz က ခုလို ဗွီအိုအေကိုပြောပြောပါတယ်။

“same sex married ကို ခွင့်ပြုလိုက်မယ်ဆိုရင် ပထမဆုံးဖြစ်လာနိုင်ချေရှိတာက အားလုံးတန်းတူ ခြုံငုံမိမယ်လို့ ထင်တယ်။ အမှန်အတိုင်းပြောရရင် ဒီလူ့အဖွဲ့အစည်းကြီး တခုလုံးက ………ကိုပဲ အိမ်ထောင်စုံဖက်ခြင်းကို လိုလားခဲ့ကြတယ်ပေါ့နော်။ male sex နဲ့ မွေးဖွားတဲ့သူက female sex နဲ့ မွေးဖွားတဲ့ သူနဲ့ပဲ စုံဖက် လက်ထပ်တယ်ဆိုတာကိုပဲ လူ့အဖွဲ့အစည်းထဲမှာ ပုံမှန်ဖြစ်နေကြ အရာတခုပဲလို့ အားလုံးက မြင်ကြတယ်။ ဒါပေမယ့် LGBTQ+ အတွဲတွေ လက်ထပ်လိုက်တယ် ဆိုတာမျိုးကျတော့ သူတို့အတွက် သက်တောင့်သက်သာ မဖြစ်ဘူးပေါ့နော်။ ဒါက ဓမ္မတာနဲ့ ဆန့်ကျင်တယ်ပြီးရင် လူ့အဖွဲ့အစည်းရဲ့ ထုံးတမ်းစဉ်လာ ယဉ်ကျေးမှု ဘာသာရေးအရ ချမှတ်ထားတဲ့ စည်းမျဉ်းတွေပြီးတော့ လူ့အဖွဲ့အစည်းကိုယ်တိုင်က လက်ခံကျင့်သုံးနေတဲ့စည်းမျဉ်းတွေ မူတွေ၊ ဘောင်တွေနဲ့ လွဲချော်နေတယ်လို့ယူဆတဲ့ အဖွဲ့အစည်းတွေ အများကြီးရှိသေးတယ်ပေါ့နော်။ ဒီလိုမျိုး ထိုင်းနိုင်ငံက ဗုဒ္ဓဘာသာနိုင်ငံဖြစ်တယ်။ ဗမာပြည်ထက်တောင်ပိုပြီးတော့ ဗုဒ္ဓဘာသာဦးရေ ပိုများတဲ့ နိုင်ငံဖြစ်တယ်ပေါ့။ ဒီလိုနိုင်ငံမှာ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် အဓိက ဘာသာရေးအရ ထိန်းချုပ်ထားတာတွေကို ပယ်ဖျက်လိုက်တာဖြစ်ပြီးတော့ နောက်တခုကကျ လူသားဖြစ်တည်မှုကို appreciate လုပ်တယ်လို့မြင်တယ်။ နောက်တစ်ခုကတော့ ထိုင်းနိုင်ငံက ကမ္ဘာကြီးနဲ့ ပိုပြီးတော့ develop ဖြစ်လာတဲ့နိုင်ငံပေါ့နော် တဖြည်းဖြည်းနဲ့။”

မြန်မာနိုင်ငံမှာကတော့ LGBTQ+ တွေရဲ့ အခွင့်အရေးတွေက စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ သိသိသာသာ ဆိုးဆိုးရွားရွားကျဆင်းပြီး ဖိနှိပ်ခံနေကြရတဲ့ အခြေအနေဖြစ်တယ်လို့ ပြည်တွင်းနဲ့ ပြည်ပနိုင်ငံတချို့ကို ရောက်နေကြတဲ့ LGBTQ+ အသိုင်းအဝိုင်းတွေက ဆိုပါတယ်။

၂၀၁၅ ကနေ ၂၀၂၀ ဝန်းကျင် ကာလတွေမှာ LGBTQ+ တွေရဲ့ အခွင့်အရေးက အသင့်အတင့် မြင့်တက်လာခဲ့တယ်ဆိုပေမယ့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆိုးဆိုးရွားရွား ကျဆင်းသွားတဲ့ အခြေအနေကို LGBTQ+ အခွင့်အရေး လှုပ်ရှားသူ Kitz က ခုလိုပြောပါတယ်။

“မြန်မာပြည်မှာက အစတုန်းကတည်းကလည်း LGBTQ+ တွေကို လက်မခံတဲ့ လူ့အဖွဲ့အစည်းက အများကြီးပဲ။ အထူးသဖြင့် အိမ်တွေ ကျောင်းတွေမှာတောင်မှ လက်မခံကြတဲ့အနေအထားပေါ့နော်။ နောက်လုပ်ငန်းခွင် Public ဧရိယာတွေမှာလဲ LGBTQ+ တွေက နှိမ့်ချ ခွဲခြားခံရတဲ့ လူတန်းစားပုံစံမျိုးဖြစ်နေခဲ့တာပေါ့နော်။ ဒီဘက် ၂၀၁၅၊ ၂၀ ဝန်းကျင် ကာလမှာဆိုရင် LGBTQ+ တွေရဲ့ pride က ပိုပြီးတော့ တစတစ အားကောင်းလာတယ်ပေါ့နော်။ သူတို့ရဲ့ လွတ်လပ်စွာနေထိုင်ခွင့်တွေ့လည်း ပိုပြီးရလာတယ်၊ ပွဲတွေလည်း ကျင်းပခွင့် ပြီးတော့ တခြားသော နိုင်ငံတခုရဲ့ လွတ်လပ်ခွင့်အတိုင်းပေါ့နော်၊ စသဖြင့် ရလာခဲ့တာရှိတယ်။ ဒါပေမယ့် ခု စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာဆိုလို့ရှိရင် LGBTQ+ တွေက ဖမ်းဆီးခံရရင်တောင် ပိုပြီးတော့ နှိပ်စက်ခံရတာတွေ နောက် စစ်ကြောရေးတို့ ဘာတို့မှာ ဆိုရင်လဲ တကယ်ကို လုံးဝ လူသားမဆန်စွာပေါ့၊ တခြားသူတွေကိုလည်း ရက်ရက်စက်စက် ဆက်ဆံတယ်။ ဒါပေမယ့် LGBTQ+ ဖြစ်ရင် ပိုပြီးတော့ physically တင်မကဘူး။ mentally အရရော ထိခိုက်အောင် ပြောဆိုဆက်ဆံတာတွေ ရှိတယ်ပေါ့နော်။ ဒါတွေကလည်း စစ်ကြောရေးကနေ လွတ်လာခဲ့တဲ့ LGBT တွေရဲ့ ပြောပြချက်အရ သိရတာတွေပေါ့နော်။ အဲ့တော့ မြန်မာပြည်မှာက အစကတည်းက လက်မခံဘူး။ လက်ခံသယောင် ဖြစ်နေတဲ့အခြေအနေတခုမှာ နောက်ကြောင်းပြန်သွားတဲ့ကာလတခုမှာ LGBT တွေရဲ့ ဖြစ်တည်မှုတွေ အကုန်လုံးကလည်း အားလုံးးက တိုက်စားခံလိုက်ရပြီပေါ့နော်။ ပြောရမယ်ဆိုရင် လွတ်လပ်စွာ ဝတ်စားခွင့်လည်းမရှိဘူး။ နေထိုင်ခွင့်လည်း မရှိဘူး၊ ဒီလိုမျိုး ထိမ်းမြားလက်ထပ်ခွင့်တွေဆိုလည်း အဝေးကြီးမှာ ဖြစ်သွားပြီပေါ့နော်။”

မြန်မာနိုင်ငံမှာ စစ်မှုထမ်းဥပဒေကြောင့် လူငယ်အမျိုးသားတွေ နိုင်ငံပြင်ပကို ထွက်ပြေးကုန်ကြပြီး ပြည်တွင်းမှာ ကျန်နေခဲ့ကြတဲ့ တချို့သော LGBTQ+ တွေအပေါ်ကို စစ်ကောင်စီကအာရုံစိုက်လာတယ်လို့ LGBTQ+ အရေးလှုပ်ရှားသူတစဦးကလည်း ခုလိုပြောပုါတယ်။

“ကျနော်တို့ဆိုရင် night life performer ပေါ့ ကျနော်တို့ဆိုရင် မိန်းကလေးလိုမျိုး ဝတ်စားပြီး ကတာတွေရှိတယ်။ ဆိုတော့ ဒီကာလတွေမှာဆိုရင် ကျနော်တို့ ပိုပြီးတော့ သတိထားရတယ်ပေါ့။ ခု ကျနော်ဆိုရင် ကျနော့်အတွက် ဒါ အသက် အန္တရာယ်အရ စိုးရိမ်ရတဲ့ အနေအထားဖြစ်နေတဲ့အတွက်မို့ ဒီဘက်ကို ရွေ့လာရတယ်ပေါ့နော်။ မြန်မာပြည်မှာကျန်ခဲ့တဲ့ ကျနော့်သူငယ်ချင်းတွေ ကျနော် ဒီကိုပြောင်းမလာခင် ဟိုမှာ အလုပ်လုပ်နေခဲ့တဲ့ အချိန်ထိဆိုရင် ကျနော်တို့ အပြင်ထွက်တာ ဘာညာ ဆိုရင် ပိုပြီး သတိထားရတယ်ပေါ့နော်။ အရင်တုန်းကဆိုရင် ကျနော်တို့က ဖြစ်နေတာကတော့ စပြီးတော့ အရေးအခင်းစဖြစ်ကတည်းက LGBTQ+ တွေရဲ့ အခြေအနေက ပိုပိုပြီးတော့ ဆိုးလာတာပဲ ရှိတာပေါ့နော်။ သတင်းတွေ တက်လာတဲ့အတိုင်းပဲ LGBTQ+ တွေကို အကျဉ်းထောင်ထဲမှာ နှိပ်စက်တာတွေ …… စသဖြင့် အများကြီးရှိတယ်ပေါ့နော်။ အဲ့ဒါတွေကျလို့ရှိရင်လဲ ဟိုအရင်ကတည်းကမှ ကျနော်တို့ ဒီအခွင့်အရေးကိုပေါ့နော် ကိုယ်ရဲ့ right အတွက်ကို လှုပ်ရှားလာခဲ့သမျှက ပိုဆိုးတဲ့ အခြေအနေကိုပဲ ရောက်နေတာပေါ့နော်။ စစ်အစိုးရ လက်ထက်မှာ ပိုဆိုးတဲ့ အခြေအနေပဲ ရှိတာပေါ့။ ခုအချိန်မှာ ကျတော့ လူငယ်တွေအကုန်ုလုံးက ဒီနိုင်ငံစွန့်ပြီးတော့ အကုန်ုလုံး ထွက်သွားနေရတာပေါ့နော်။ အဲ့တော့ အထဲမှာ LGBTQ+အချို့ ရှိနေတဲ့အပေါ်မှ သူတို့က အဲ့အပေါ်မှာ သတိပြုမိလာတာပေါ့။ တခြား gay တို့ trans gender တို့ မိန်းမပုံတွေဆိုရင် ပိုဆိုးတာပေါ့နော်။”

ထိုင်းနိုင်ငံမှာ လိင်တူချင်းလက်ထပ်ခွင့်ဥပဒေကို ပြဌာန်းမယ်ဆိုရင် အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ပထမဆုံး လိင်တူချင်းလက်ထပ်ခွင့်ကို တရား၀င်အသိအမှတ်ပြုတဲ့ နိုင်ငံဖြစ်လာတော့မှာပါ။

Your browser doesn’t support HTML5

လိင်တူချင်းလက်ထပ်ခွင့် ဥပဒေ ထိုင်းမှာတရားဝင်ဖြစ်လာဖို့ မြန်မာ LGBTQ+ တွေမျှော်လင့်